မောင်ဂဒိုး
ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူပိုင်ဘဏ္ဍာ၊ ပြည်သူ့ရိက္ခာတော် စားသုံးရတာမို့၊ ပြည်သူကို အလုပ်အကျွေးပြု ကြရမယ့် “ပြည့်အစေခံ” များဖြစ်ပါတယ်။ တနိုင်ငံလုံးရှိ ပြည်သူများနဲ့သက်ဆိုင်တဲ့၊ ပြည်သူများပိုင်တဲ့လုပ်ငန်း ကိစ္စအဝဝကို လုပ်ငန်းဌာနအမျိုးအစားခွဲခြားပြီး ပြည်သူများကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးရသူများ ဖြစ်တဲ့ အတွက်လည်း ပြည်သူ့ဝန်ထမ်းလို့ ခေါ်ရတာဖြစ်ပါတယ်။ ပြည်သူ့ရိက္ခာ စားသုံးရတာမို့ ပြည်သူများနဲ့ တသား တည်းဖြစ်ပြီး ပြည်သူကို မျက်နှာမူရမယ့် သူများလည်းဖြစ်ပါတယ်။ ပြည်သူထဲမှာမှ ပညာအရည်အချင်းနဲ့ အ ပြည့်ဝဆုံး လူတန်းစားလို့ ယေဘူယျအားဖြင့် ပြောရင်လည်းပြောနိုင်ပါတယ်။
တနည်းအားဖြင့်ကြည့်ရင်လည်း ပြည်သူ့ဝန်ထမ်းဟာ ပြည်သူကို ကိုယ်စားပြုထားတာမို့ ပြည်သူက ရွေး ကောက်တင်မြှောက်ထားတဲ့ (နအဖတော့မဟုတ်) အစိုးရကို တာဝန်ခံ ထမ်းပိုးထားရသလိုလည်း ဖြစ်နေပါ တယ်။ ဒါကြောင့် ပြည်သူ့ဝန်ထမ်းဟာ အစိုးရရဲ့ဒေါက်တိုင်သဖွယ်ဖြစ်ပါတယ်။ နအဖအစိုးရအနေနဲ့ ပြည်သူ့ဝန် ထမ်းကို ပိုင်နိုင်အောင်ထိန်းထားနိုင်ရင် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်လို့ရတာပဲလို့ ယူဆတဲ့အတွက် ပြည် သူလူထုတရပ်လုံးရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး စတာတွေ တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရ မယ့် အစိုးရရဲ့တာဝန်ကို လစ်လျူရှုထားတယ်။
ပြည်သူ့ဝန်ထမ်းကိုတော့ အေးအေးချမ်းချမ်း အလုပ်လုပ်နိုင်အောင် သီးသန့်ခွဲပြီး အခွင့်အရေးတွေ ပေးထား တယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မှ လွတ်မြောက်အောင် စိတ်ကူးပေါက်ရင်ပေါက်သလို လစာတွေ အဆများ စွာ တိုးပေးတယ်။ လက်နက်ကိုင်ဝန်ထမ်းဖြစ်တဲ့ စစ်ဝန်ထမ်းကိုတော့ ပုန်ကန်မှာစိုးတဲ့အတွက် ဘယ်နှစ်ဆမှန်း မသိအောင်ကို လျှို့ဝှက်ပြီးတိုးပေးတယ်။ တော်လှန်ဆန့်ကျင်လှုပ်ရှားထကြွမှုမရှိမချင်း သာမန်ပြည်သူကိုတော့ ဂရုစိုက်စရာမလိုဘူးလို့ ယူဆထားတယ်။ ပြည်သူတွေ စားဝတ်နေရေး ဘယ်လောက်ခက်ခဲပါစေ သက်သာပါ စေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတာ ဘာမှမရှိပါဘူး။
ဝန်ထမ်းကို လစာတိုးပေးရင် ကုန်ဈေးနှုန်းတွေတက်ပြီး ကျန်တဲ့ပြည်သူတွေ ပိုပြီးခက်ခဲမယ်ဆိုတာ သဘော ပေါက်မှာပါ။ ဒါပေမယ့် ပိုပြီးကောင်းလာအောင်လည်း လုပ်နိုင်တဲ့အရည်အချင်းမရှိတော့ ကိုယ့်အတွက် အကျိုး ရှိနိုင်တာကိုကြည့်ပြီး ဆန်စင်ရာကျည်ပွေ့လိုက်တဲ့နည်းနဲ့ပဲ ဖြေရှင်းတယ်။ ကျန်တဲ့ပြည်သူတွေ ငတ်သေလည်း အေးတာပဲလို့တောင် သဘောထားချင်ထားမှာ။ အဲဒီလိုသဘောပိုက်ပြီး ပြည်သူ့ရိက္ခာ၊ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံပိုင် သယံဇာတတို့ကို လက်ဝါးအုပ်၊ လုပ်ချင်တိုင်းလုပ်လို့ရအောင်၊ ပြည်သူလူထုရဲ့ ဒေါသ ဝန်ထမ်းကိုကူးစက်လို့ လည်းမရအောင် နအဖဟာ သူ့ရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို နေပြည်တော်အထိ တလှေ ကြီး ခေါ်သွားတာဖြစ်တယ်။
အဲဒီနည်းနဲ့ နအဖဟာ ထိပ်ပိုင်းက ပြည်သူ့ဝန်ထမ်းကြီးများရဲ့ ပညာနဲ့အတွေ့အကြုံများကို အမြတ်ထုတ်အသုံး ချပြီး သူတို့ယန္တရား လည်ပတ်နေတာသာဖြစ်တယ်။ ဒါပေမယ့် ပညာနဲ့သဘာရှိသူများရဲ့အကြံဉာဏ်စကားကို တကယ်တမ်းနားထောင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်ဆိုသလို ထင်သ လို လျှောက်လုပ်နေတာပါ။ စစ်အစိုးရသက်ဆိုးရှည်ဖို့နဲ့ စစ်ဗိုလ်ချုပ်များကိုယ်တိုင်အပါအဝင် သူတို့အပေါင်းပါ များ အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက် စိတ်ကူးတည့်ရာ ရေးဆွဲထားတဲ့၊ ပြည်သူအတွက် တကယ်တမ်းလည်း အကျိုးမရှိတဲ့ စီမံကိန်းများကို အကောင်အထည်ဖေါ်နေကြတာသာဖြစ်တယ်။ နိုင်ငံနဲ့ ပြည်သူလူထုအတွက် ရည်ရွယ်ပြီး စေတနာထားလုပ်ကိုင်ဆောင်ရွက်တာမဟုတ်လို့ ဘယ်စီမံကိန်းဆီကမှလည်း အကျိုအမြတ်ထွက် မလာဘူး။
ဘက်စုံအသုံးချနိုင်တဲ့ ဆည်အမြောက်အမြားတည်ဆောက်ခဲ့ပေမယ့် သီးနှံအထွက်လည်းတက်မလာဘူး၊ လျှပ် စစ်မီးလည်း မထွက်လာပါဘူး။ ခရီးလမ်းပန်းလုံခြုံချောမွေ့ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့အောင် လမ်း တံတားတွေဖောက်၊ ဧရာဝတီမြစ်ကြီးကို ထုတ်ဆီးတိုးလို့ရလောက်အောင် မြစ်ကူးတံတားတွေဆောက်ပေမယ့် ကုန်ဈေးနှုန်းကတော့ ဝေဟင်မှာပျော်တဲ့ အမျိုးမို့လားမသိ မြေပြင်ကို ပြန်ဆင်းတယ်လို့ကို မရှိပါဘူး။ စက်ရုံကြီး တွေ တည်ပေမယ့် လည်ပတ်မယ် မကြံရသေးဘူး ပျက်ပြီတဲ့။
ဒီစီမံကိန်းတွေကြောင့် နေရာတကာအုပ်ချုပ်တဲ့ ဗိုလ်ချုပ်ကြီးများအပါအဝင် ထိပ်ပိုင်း ပြည်သူ့ဝန်ထမ်းကြီးတွေ သာ ဆတက်ထမ်းပိုး တိုးလို့ချမ်းသာသွားတယ်၊ ပြည်သူလူထုဘဝကတော့ နည်းနည်းလေးမှ ပြောင်လက်အ ရောင်ထွက်မလာဘူး။ နေ့စဉ်ရက်ဆက် စားဝတ်နေရေးအတွက် ရုန်းကန်ရာမှာလည်း အသက်ရှူချောင်တဲ့ ရက်ကို မရှိရှာပါဘူး။ ငွေရှာဖို့ခက်ပေမယ့် ကုန်စရာအကွက်တွေကတော့ နအဖရဲ့ကျေးဇူးတော်ကြောင့် ခုတ မျိုးတော်ကြာတမျိုး။ ရေမလာလို့ ရေဖိုး၊ မီးမလာတော့လည်း လာဘ်ထိုး၊ အမှိုက်သိမ်းကားမလာလို့ အမှိုက်ပစ် ဖို့ကတမျိုး။ အလှူခံအဖွဲ့တွေက အမျိုးမျိုး။ ဒီတော့ လူနေမှုစရိတ်အတွက်က ဆူနာမီရေလှိုင်း တက်စီးတာကမှ တော်ဦးမယ်။
အကြားအမြင် ဗဟုသုတများတဲ့သူတချို့ ပြောကြတာကတော့ ဒီစီမံကိန်းတွေအတွက် လိုအပ်တဲ့ငွေကို ဘယ် ဘဏ္ဍာငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းမှဂရုမစိုက်ဘဲ ငွေပမာဏလိုသလောက် စက်ရုံကရိုက်ထုတ်လိုက် တယ်ဆိုတာပဲ။ ကုန်ထုတ်လုပ်မှုမရှိဘဲ၊ ဝင်ငွေနဲ့မတွက်ဘဲ၊ ငွေစက္ကူချည်းလည်ပတ်မှုထဲပို့လိုက်တော့ ငွေကြေး တန်ဘိုးကျပြီး ပြည်သူတွေ တနင့်တပိုး ခံကြရတော့တာပေါ့။ နဖူးကချွေး ခြေမကျအောင် ပင်ပင်ပန်းပန်းရှာဖွေ ထားရတဲ့ ပြည်သူလူထုရဲ့ချွေးနှဲစာလေးတွေဟာ ကုန်ဈေးနှုန်းထဲပါကုန်ပါတော့တယ်။ ဒီတော့ စစ်အစိုးရရဲ့စီမံ ကိန်းဆိုတာမှန်သမျှ ပြည်သူလူထုက အချိုးကျကုန်ကျထည့်ဝင်ရတာနဲ့ အတူတူပါပဲ။
ဒီလိုဆိုပြန်တော့ ပြည်သူလူထုဘဝ နိမ့်ကျချို့တဲ့ရတာဟာ စစ်အစိုးရ အဓိကတာဝန်ရှိသလို တာဝန်ခံဆောင် ရွက်တဲ့ ပြည်သူ့ဝန်ထမ်းကြီးများဟာလည်း ဖြစ်စေလိုတဲ့ စေတနာမပါပေမယ့် ပူးတွဲကြံစည်ရာကျနေတာမို့ သ မိုင်းမှာ (၂) တရားခံ၊ (၃) တရားခံလို့ ယူဆခံကြရမှာပဲ။ ဒီတော့ သမိုင်းမှာ ဆိုးမျိုးတွေ ရေးထိုးခြင်းမခံရလေ အောင် အမှန်တရားမဟုတ်တဲ့စံနစ်ကို ကုတ်ကတ်ဖက်တွယ်မနေဘဲ လမ်းခွဲဖဲ့ထွက်ခဲ့တာက ချီးကျူးစရာအဖြစ် သမိုင်းတင်ကျန်ရစ်မယ်။ သူတို့ဆီက ဖိတ်လျှံကျလာမယ့် အဆိပ်စားမံစတွေကိုတော့ ပညာရှိမို့ ခင်တွယ်ဖို့မရှိ ဘူးဆိုတာ ယုံကြည်ပါတယ်။
ကျနော်တို့ရဲ့ဆရာကြီးများ ပညာရှင်ကြီးများ အပါအဝင် ရဟန်းရှင်လူပြည်သူအများဟာ ခေတ်ရဲ့သားကောင် များဖြစ်တယ်လို့ ယူဆကြပြန်တာမို့လည်း အပြစ်မှလွတ်ကောင်းရဲ့လို့ အတွေးဝင်မိပြန်တယ်။ တခါ ဖြစ်လေရာ မှာ ခေတ်ကိုသာ လွှဲချကြရင်လည်း ကျနော်တို့ ဖွတ်ဘဝက ကျွတ်မှာကိုမဟုတ်ပြန်ဘူး။ မြတ်စွာဘုရားကလည်း သံသရာဝဋ်ဆိုတာကြီးကတောင် လွတ်မြောက်အောင် အားထုတ်ဖို့ တိုက်တွန်းထားတာမို့ နအဖအုပ်ချုပ်မှု အောက်မှာ ဝဋ်ရှိသလောက်ခံဆိုပြီးတော့ ပေလျာလကန်သဘောမျိုး နေတာဟာလည်း မသင့်လျော်ပေဘူး။
“စိတ္တေနနိယျတေလောကော” စိတ်သည် လောကကို ရှေ့ဆောင်၏။ “စိတ်သာရှင်စော ဘုရားဟော” တဲ့။ အ ရာရာမှာ စိတ်သာ အခရာကျတယ်လို့ ဆိုလိုတာပါ။ မှားရင်လည်း ခွင့်လွှတ်ပေးစေလိုပါတယ်။ ကျွတ်လွတ်ချင် စိတ်နဲ့ ရုန်းထွက်ရင် မဖြစ်နိုင်စရာမရှိသလို ပြည်သူ့ဆန်စားတဲ့ ပြည်သူ့ဝန်ထမ်း ပြည်သူကို မျက်နှာမူပြီးသား လည်း ဖြစ်သွားတာပေါ့။ သူတို့ကို အလိုလို တော်လှန်ပြီးသားလည်း ဖြစ်သွားပါတယ်။ သူတို့ရဲ့ယန္တရားကို ဖျက် ချိုးဟန့်တားရာလည်း ရောက်ပါတယ်။ ရှေ့က တယောက်စ နှစ်ယောက်စ၊ နမူနာပြဆန့်ကျင်ခဲ့ရင် နောက်က ဝင်လာမယ့်သူလည်း မျက်နှာပြောင်တိုက်ပြီး လွယ်လွယ်နဲ့ ဝင်မလာရဲလောက်ပေဘူး။ ဝင်လာသူရှိရင်လည်း ခပ်ချာချာနဲ့ သုံးမရတဲ့သူပဲဖြစ်မှာပါ။ ဟိုတချိန်က စရိုက်စရောလိုက်လျောခဲ့ပေမယ့် ခုအချိန်ကတော့ ပြည်သူ အတွက် ထည့်တွက်ရမယ့်အချိန်ရောက်ပါပြီ။
ဒါပေမယ့် တခါတလေ ပညာရှိသတိဖြစ်ခဲမို့ ငါမရှိ သည့်အပြင်လူတွေ ဝါးမှာပဲဆိုတဲ့အတွေးမျိုး ဝင်မှာကိုတော့ စိုးရိမ်မိတယ်။ “ဒီနေရာမျိုး မင်းမရောက်သေးလို့ပါ၊ မင်းရောက်ရင် ပိုဆိုးမှာ” အဲဒီစကားမျိုး ပြောတဲ့သူဟာ အ ခြေအနေအရအဲဒီနေရာရောက်ပြီး မလွှဲမကင်းသာ ဒီအလုပ်မျိုးလုပ်တဲ့သဘောမရှိဘဲ၊ “ဒီနေရာမရောက်လိုက် နဲ့ ရောက်လိုက်ရင် စားလိုက်မဟဲ့” ဆိုပြီး မရောက်ခင်ကတည်းက ဟန်တပြင်ပြင် သွားရည်တများများ အများ မိုးခါးရေသောက်ရင် ဘာသားနဲ့ထုထားတာမို့ ငါက ခြွင်းချက်ထဲဝင်ရမလဲဆိုပြီး စာဖို့အားခဲထားတဲ့သူမျိုးမို့ အ ထင်မကြီးချင်ဘူး။ ဒီလိုလူတွေများနေရင် မိစ္ဆာယန္တရား ဘယ်လိုလုပ်အရှိန်ရပ်တန့်တော့မလဲ။
ဝန်ထမ်းဟာ ပြည်သူနဲ့အချိုးချရင် ရာခိုင်နှုန်းအားဖြင့် အနည်းလေးသာရှိတာမို့ ဗိုလ်ခြေတသိန်းအားနဲ့ ညီမျှ တယ်လို့ ပြောရမှာပါ။ တာဝန်ကြီးမားတဲ့ အရာထမ်းကြီးတယောက်ဟာ ပြည်သူပေါင်းသိန်းသောင်းနဲ့ ညီမျှပါ တယ်။ ဒီတော့ ဒီမိုကရေစီအတွက် အသက်ပေးသူကပေး၊ နအဖယန္တရားတွဲ ဆွဲသူကဆွဲဆိုရင် အဟုန်ချင်းညီ တော့ ဒုံရင်းပေါ့။ ဒါကြောင့် ဗြိတိသျှကိုယ်လိုနီလက်အောက်မှာ ရှိစဉ်အခါတုန်းက “ပြည့်အစေခံများက စည်း လုံးညီညွှတ်စွာဖြင့် ဗျူရိုကရေစီအခြေခံတို့ကို ဒီမိုကရေစီအခြေခံများနဲ့ နှဲ့ပေး” (မောင်ထင်-ဗမာ့နိုင်ငံရေးသုခ မိန်) သလို အခုနအဖအာဏာရှင်စံနစ်အောက်မှာ ဥပဒေမဲ့ပြုကျင့်နေတာတွေကို အမှန်တရားနဲ့ ထိုးနှက်ဖျက် ဆီးဖို့လိုပါတယ်။
အလားတူပဲ အသက် (၆၀)ကျော် (၇၀) နီးအထိ၊ ဝန်ကြီးဆိုသူသဘောကျလို့ဖြစ်စေ၊ ကျန်းမာနေသေးလို့ တိုင်း ပြည်အတွက် လုပ်အားပေးချင်သေးလို့ဖြစ်စေ၊ ပင်စင်မသွားသေးဘဲ ဝန်ထမ်းဆားဗစ်ရှည်ကြာချင်သပဆိုရင် လည်း ဒီခေတ်ထဲမှာတော့ နအဖအဆိပ်ပင်ကို ရေလောင်းသလို ဖြစ်မှာမို့ စဉ်းစားဖို့သင့်တယ်လို့ပဲ တင်ပြချင်ပါ တယ်။
အလတ်စားနဲ့ အထက်တန်း ဝန်ထမ်းအရာရှိများအနေနဲ့လည်း ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့မရဘူးဆို ပြီးခိုင်းတာလုပ်၊ ပေးတာယူ၊ ကျွေးတာစာ၊း မတရာတဲ့ အမိန့်လည်းနာခံ၊ မဖြစ်နိုင်တဲ့ ညွှန်ကြားချက်လည်း ခေါင်းညိတ်လုပ်နေရင် ကိုယ့်ပညာကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဂုဏ်သတင်းပါ ပဲ့ပွန်းရမှာပါ။ လုပ်ပိုင်ခွင့်ကို ငွေ နဲ့ဖလှယ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တော့ လခတိုးမြှင့်ဖို့ မျှော်လင့်တာဟာလည်း မှန်ကန်တဲ့နည်းလမ်းမဟုတ်၊ နအဖကို အာခံဆန့်ကျင်ခြင်းသာ ဆင်းရဲဒုက္ခတို့ရဲ့ မြစ်ဖျားခံရာကို အမြစ်ကလှန်နှုတ်တာမို့ အမှန်တရားစစ်စစ် ပါ။ အမှန်တရားကို မျက်ကွယ်ပြုဖို့မသင့်တော့ပါဘူး။
အမှန်တရားသာ ပျောက်ကွယ်ရင်တော့ လူ့လောကအလယ်မှာ ဂုဏ်သိက္ခာနဲ့ ထည်ထည်ဝါဝါ နေနိုင်ဖို့မရှိပါ ဘူး။ အခုကိုပဲ ကမ္ဘာ့အလည်မှာ မြန်မာနိုင်ငံဟာ နအဖကြောင့် မျက်နှာပန်းမလှတဲ့အပြင် နအဖတို့တိုင်းပြည် ကဆိုရင် အရာမဝင် အထင်အမြင်သေး ဒုက္ခပေးမယ့်သူချည်းထင်လို့လည်း အောက်ကျနောက်ကျရှိလှရော့ မယ်။ ရှေးခေတ်ကရှိခဲ့ဘူးတဲ့ မြန်မာ့အာဇာနည် တိုင်းပြည်ကျက်သရေဆောင် ကမ္ဘာမှာ မြန်မာ့ဂုဏ်ရောင် ပြောင်စေခဲ့တဲ့ပုဂ္ဂိုလ်များကို အားနာဖို့သင့်လှပြီ။ ဒို့ခေတ်ကျမှညံ့ရတော့မှာလား။ ပညာတတ်စိတ်၊ ပညာဉာဏ် ရောင်နဲ့ အမှောင်ဖြိုခွင်း အမှန်တရားမရှိတဲ့ နအဖစနစ်အတွင်းမှာ အမှန်တရားဖြစ်ထွန်းအောင်၊ ဒါမှမဟုတ် နအဖစက်ကွင်းက ကွင်းလုံးကျွတ်လွတ်ကင်းအောင် ကြိုးစားရုန်းထွက်တာက အာဏာရှင်စံနစ်ကို ဖျက်ဆီးပစ် ရာရောက်ပြီး ပြည်သူ့ဒီမိုကရေစီစနစ်ဆီကို ဦးတည်ပေးရာရောက်ပါလိမ့်မယ်။
အခုလည်း နှစ်မြို့လို့ လုပ်နေတာမှမဟုတ်ဘဲ။ လောကမှာ အသက်မွေးမှုတခုပညာ ကိုယ်စီပါပြီး အဲဒီတတ် ထား တဲ့ပညာကိုသုံး ရုန်းကန်ရှာဖွေစားနေရတာမို့ ရုတ်တရက် ဖောင်ဖျက်ထွက်ဖို့ ခဲယဉ်းလို့ဆိုတာသိပါတယ်။ ဒါပေမယ့် အမှန်တရားကို တန်ဖိုးထားသူအဖို့ အခက်အခဲတွေ့ရ ခဏပါ။ မြတ်စွာဘုရား ဟောပြောဆုံးမခဲ့တဲ့ ဒေသနာအရ “အမှန်တရားကို မီးရှုးတန်ဆောင်အဖြစ် စွဲမြဲစွာကိုင်တွယ်ထား၍ ဆောက်တည်ကိုးကွယ်ရာအ ဖြစ်ဆုပ်ကိုင်ထားရမည်” ဆိုတဲ့နေရာမှာလည်း စားဝတ်နေရေးအတွက် ခြွင်းချက်ဆိုပြီး ထည့်မထားပါဘူး။ တ ရားကိုနတ်စောင့်ပါတယ်။ ဒီလိုပဲ ရေဆန်လေဆန်လှော်ခတ်ပြီး အောင်ပွဲရသွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။
စစ်အစိုးရကိုတော်လှန်တာဟာ နိုင်ငံရေးသမားအလုပ်ပဲ၊ ဝန်ထမ်းအလုပ်မှမဟုတ်ဘဲ၊ အရေးအခင်းဖြစ်လို့ ဆန္ဒပြရာဝင်ပါရင် တာဝန်ကျေတာပဲလို့ယူဆပြီး နိုင်ငံရေးသမားအပေါ် ပုံချထားမယ်ဆိုရင်လည်း မှန်မယ်မ ထင်ပါဘူး။ ပြည်သူတဦးချင်းစီရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး စတာတွေ စုပေါင်းဖွဲ့စည်းထားတာဟာ ပြည်သူလူထုအရေး၊ နိုင်ငံရေးပါ။ ဒါကြောင့် ပြည်သူတိုင်း၊ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ မဆလ၊ နဝတ၊ နအ ဖ ခေတ်အဆက်ဆက်က နှစ်လရှည်ကြာ အမြစ်တွယ်လာတဲ့ အာဏာရှင်စံနစ်ဆိုးကို အမြစ်ကလှန်ချိုးဖို့ဆိုတာ ကြုံခါမှ ခရီးသွားဟန်လွှဲ တချက်နှစ်ချက်ထဲခုတ်ပြီး ထားခဲ့ရုံနဲ့တော့ မလဲနိုင်ဘူးဆိုတာ အချိန်ကာလ ရှည်ကြာ လာတာကို ထောက်ရှုရင်သိနိုင်ပါပြီ။ ဒါ့အပြင် နအဖဟာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမား ဒီမိုကရေစီရေးတက် ကြွလှုပ်ရှားသူများအပေါ်မှာ ထင်သလိုပြုကျင့်နေတာဖြစ်လို့ နိုင်ငံရေးသမား၊ ကျောင်းသား၊ ဝန်ထမ်း၊ ရဟန်း ရှင်လူ၊ ပြည်သူ၊ အားလုံးညီတူ၊ အားတက်သရော မပြိုလဲမချင်း ခုတ်လှဲမှသာ ပြိုလဲမှာဖြစ်တယ်လို့ ယုံကြည်မိ ပါကြောင်း ...။
မောင်ဂဒိုး
၂၅၊ အောက်တိုဘာ၊ ၂၀၀၉
Thursday, October 29, 2009
ဒီမိုကရေစီလမ်း၊ ဝန်ထမ်းကြီးများရဲ့ အခန်းကဏ္ဍ
Subscribe to:
Post Comments (Atom)
1 comment:
တကယ်ကောင်းတဲ့ ဆောင်းပါးပါပဲဗျာ။ ဒီဆောင်းပါးကို ပြည်သူ့ဝန်ထမ်းတွေ ဖတ်ဖြစ်ရင် သိပ်ကောင်းမှာပဲဗျာ။
Post a Comment