Tuesday, October 20, 2009

ငွေအတွက်ဖြင့် ပြည်ဖျက်ဖို့ မသင့်ရာ

ငွေရှာရာမှာ သမာအာဇီဝဖြစ်ဖို့ လိုပါတယ်။ သမာအာဇီဝဆိုတာ သူတပါးအသက်ကို မသတ်၊ မထိခိုက်မနာ မ ကျင်စေဘဲ သူတပါးဥစ္စာ မခိုးမယူ၊ မဖျက်မဆီး၊ မုသားမဆို၊ မဟုတ်မမှန်တာ မလုပ်မကိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ရှာဖွေကျွေးမွေးတာကို ဆိုလိုတာပါ။ တချို့ကျတော့ ငွေကိုပဲ တပ်မက်တာဆိုတော့ ဘယ်နည်းနဲ့ရရ ငွေကို ရ အောင်ပဲရှာတယ်။ ငွေရမယ်ဆိုရင် ဘနဖူးသိုက်တူးကြတယ်။ ပြင်ပလုပ်ဟန်နဲ့ အသွင်သဏ္ဍာန်ကြည့်ရင်တော့ ကိုယ်ကျင့်သိက္ခာမပျက်သယောင်၊ သီလမမဲ့သယောင်ပဲ။ ဒါပေမယ့် သမာအာဇီဝမဖြစ်လို့ ဘုရားဟော မဂ္ဂင် ရှစ်ပါးနဲ့ မကိုက်ညီဘူး။ ဗုဒ္ဓဘာသာဝင်တွေအဖို့ လက်ခံအထင်ကြီးစရာ လုံးဝမရှိဘူး။ စာနာထောက်ထားမှုမဲ့ပြီး ကိုယ့်ဖို့သာပဲကြည့်တဲ့ လုပ်ရပ်တွေသာပဲဖြစ်တယ်။

ဂုဏ်ဆိုတာကတော့ ငွေကို ဂုဏ်လို့ထင်သူများအဖို့တော့ ရှိချင်ရှိမယ်။ ဂုဏ်ရှိတယ်ဆိုတာ အမှန်တော့ ရိုးသား ကြိုးစားမှုနဲ့ ကိုယ်ကျင့်တရား ပြည့်ဝတာကို ဆိုလိုတာပါ။ စာနာထောက်ထားမှုရှိတာကို ဆိုတာပါ။ မဟုတ်မမှန် တာ မလုပ်တာကို ဆိုတာပါ။ ပကာသနဆိုတာကတော့ မလိုတာဇာချဲ့ပြီး ဝါကြွားတဲ့အလုပ်၊ လျှပ်ပေါ်လော်လီမှု အပြည့်နဲ့ ပေါ့ရှပ်တဲ့အလုပ်၊ ပြည်သူ့အတွက်မပါ ပြည်သူထံမရောက်တဲ့ အပေါစားအလုပ်တွေသာ ဖြစ်ပါတယ်။ လူမှုကိစ္စတွေထဲမှာတော့ ဒီလူမျိုးတွေဟာ အဲဒီပကာသနအလုပ်မျိုးတွေပဲ လုပ်လေ့ရှိတယ်။

ကိုယ်ကျင့်သိက္ခာနဲ့ အမှန်တရားကို တန်ဖိုးထားတဲ့သူတွေအဖို့တော့ တနေ့ကို ထမင်းနှစ်နပ်နဲ့ ဘရိတ်ဖတ်ဆို တာစားရရင်ပဲ ပြည့်စုံနေပါပြီ။ ကျန်းမာရေးနဲ့ အဟာရအတွက် လုံလောက်ပြီဆိုရင် မိစ္ဆာအာဇီဝနဲ့ ရလာတဲ့ငွေ ဟာ ခင်တွယ်စရာ မဟုတ်ပါဘူး။ သေရင်လည်း ကိုယ့်နောက်ပါတာမှ မဟုတ်ပါဘဲ။ ကုန်းဘောင်ခေတ်လည် လောက်တုန်းက ပညာရှိအမတ်ကြီး ဦးပေါ်ဦး ကွယ်လွန်တော့ လက်နှစ်ဖက်ကို အခေါင်းအပြင်ဖက် ဆန့်ထုတ်၊ လက်ဖဝါးနှစ်ဖက် ဖြန့်ပြထားပြီး သုဿာန်ပို့ခိုင်းတာမှတ်မိကြမှာပါ။ လူသေရင် ငွေနဲ့ပကာသနဟာ ခဝါချလိုက် သလို ဘာမှမပါလာဘူးဆိုတာ ပညာပေးခဲ့တာပါ။ မဖြူစင်တဲ့ငွေဟာ မသေခင် ကိုယ်ကျင့်တရားပျက်ပြားရတာ လူမုန်းတာပဲ အဖတ်တင်ကျန်ရစ်ပါတယ်။ သေတော့လည်း ငရဲပေါ့။ သမာအာဇီဝနဲ့ ကြိုးစားရှာကြံမှုကတော့ ယောင်္ကျားမှန်သမျှ ပြုကျင့်ကြရမှာချည်းဖြစ်ပါတယ်။

ပြည်နာမှ ငွေရှာလို့ရသတဲ့။ တိုင်းပြည်နာရုံမက ပျက်နေတဲ့ ဒီအချိန်အခါဟာ လူမသမာသူများအဖို့ ငွေရှာလို့ အကောင်းဆုံးအချိန်ပေါ့။ ပြည်သူကို သေနတ်မိုးပြီး အုပ်ချုပ်နေတဲ့ သူခိုးဓားပြ စစ်အစိုးရနဲ့ အဆင်ပြေအောင် ပေါင်း၊ ခိုင်းတာလုပ်ပေးပြီး ခိုးလို့တိုက်လို့ရတဲ့ပစ္စည်းကို လက်ဝေခံရယူသလိုပေါ့။ လွယ်လွယ်လေးနဲ့ မျက်မျက် ကလေးရတာပေါ့။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ စိတ်မွေးတတ်ရင် လွယ်လွယ်လေးပဲ။ တိုင်း ပြည်သယံဇာတကိုလည်း မိဘလက်ထက်က အမွေချန်ထားခဲ့သလို ယူဆတတ်ရင် ထင်သလိုကျဲလို့ရတာပဲ။

အာဏာကို အဓမ္မယူထားသူနဲ့ ဝေစားမျှစားလုပ်ပြီး စီးပွားရေးဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတော့ အာ ဏာရှင်တည်မြဲသမျှတော့ သူတို့အခြေခိုင်လှသပေါ့။ တည်မြဲအောင်လည်း အပြန်အလှန် သူတို့က ကျားကန် ပေးထားတယ်။ နအဖသက်ဆိုးရှည်ရေး ပံ့ပိုးပေးတဲ့ နံပါတ်တစ် ဒေါက်တိုင်တွေဖြစ်တယ်။ သူတို့ကလွဲ ဘယ်သူ စီးပွားဖြစ်မလဲ။ ပြည်သူမွဲလို့ကျန်၊ တိုင်းပြည်အခွံချည်းကျန်လည်း သူတို့ကတော့ အနေသာကြီးပ။ လူထုအ တွက် တချက်ကလေးမှ ကြည့်တာမှမဟုတ်ပဲ။ နိုင်ငံတကာကတောင် ပိတ်ဆို့အရေးယူထားရတာပဲကြည့်တော့ လေ။ ဒါကြောင့် ကနေ့ငွေရှိလို့ ထင်တိုင်းမွေ့နိုင်ပေမယ့်၊ ဘယ်နေ့ ဘယ်လိုနည်းနဲ့ ပြည်သူကို ရင်ဆိုင်ရ၊ ပြေး ကြ၊ ရှောင်ကြရမယ်ဆိုတာ တွေးချင်တွေးနေကြရမှာပါ။

မှန်ကန်တဲ့ နည်းလမ်းနဲ့ ရှာကြံထားကြတာမဟုတ်လို့ လိပ်ပြာလုံဖို့ဆိုတာလည်း အခက်သားပဲ။ ကဲ ဘယ်မှာလဲ ခုံမင်နှစ်ခြိုက်စရာ။ တကယ်တော့ သူဌေးသူကြွယ်ဆိုတာ တိုင်းပြည်ရဲ့ ဂုဏ်ဒြပ်ဖြစ်တဲ့အပြင် တိုင်းပြည်ဘဏ္ဍာ ငွေ လျော့နည်းခမ်းခြောက်တဲ့အချိန်တွေမှာ ကူညီလှူဒါန်းပံ့ပိုးမှုတွေရနိုင်တာမို့ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကို “ပြည့်ဝမ်းကိုလည်း မဖောက်နဲ့” လို့ ဆုံးမတဲ့စကား ထားခဲ့တာဖြစ်ပါတယ်။ သမာအာဇီဝနဲ့ဖြစ်စေ၊ ဘုန်းကံ ကြောင့်ဖြစ်စေ ချမ်းသာနေတဲ့ သူဌေးသူကြွယ်တွေကို ပြည်သူတွေအတွက်လည်း အားထားရတာမို့ ဘုရင်က မဖျက်ဆီးအပ်ဘူးလို့ ဆိုလိုတာပါ။

ခုခေတ်သူကြွယ်ကြီးများကတော့ သမာအာဇီဝလည်းမဖြစ်၊ ပြည်သူတွေအတွက် အထိုက်အလျောက်စေတနာ ထားပြီး လုပ်တဲ့လုပ်ရပ်လည်း မရှိ၊ ပူးစားပေါင်းစားတာနဲ့ ငါးပွက်ရာငါးစာချတဲ့ အလုပ်လောက်သာရှိတာမို့၊ ‘ပြည့်ဝမ်း’ သဖွယ်မဖြစ်တဲ့အပြင် အုပ်ချုပ်နေတဲ့ နအဖရဲ့ အသုံးချလက်ဝေခံနဲ့ သက်ဆိုးရှည်စေရန်သာဖြစ်နေ တာမို့ နအဖနဲ့ရောပြီး တိုင်းပြည်ကိုဖျက်နေတဲ့ ပြည်ဖျက်သူဌေးများလို့ပဲ ယူဆသင့်တယ်။ ပြည်သူအတွက်ရည် ရွယ်ပြီး လုပ်တာရှိချင်လည်းရှိပါလိမ့်မယ်။ ဒါပေမယ့် သိထားတာကတော့ ဗိုလ်ချုပ်မှုးကြီးဆိုသူ ခိုင်းသမျှ လိုက် လုပ်ပြီး ကိုယ့်အတွက်ကျန်အောင် အခွင့်အရေးပြန်ယူတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာပါပဲ။

ဥပမာ - ပြည်သူအချို့ရဲ့ အပေါစားဆန္ဒနဲ့ ဝါသနာကို ဦးစားပေး ရှေ့တန်းတင်ပြီး၊ ပြည်သူလူထုအများစုတွေ့ ကြုံခံစားနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အခက်အခဲတွေကနေ အာရုံလွှဲ လမ်းမှားရောက်အောင် သိန်းထောင် ပေါင်းများစွာ အကုန်အကျခံ သူဌေးနိုင်ငံတွေ လုပ်ကိုင်နေတာကို အတုယူပြီး အခုအချိန်မှာ အရေးမကြီးတဲ့ ဘောလုံးအသင်းတွေ ထောင်ခိုင်း၊ ဘောလုံးပွဲတွေ ကျင်းပခိုင်းတာကို အားတက်သရော လုပ်ကိုင်ဆောင်ရွက် နေကြတယ်။ ဒီနည်းနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖြေရှင်းပေးနိုင်လိမ့်မယ်လို့များ ထင်လေသလားမသိပါ ဘူး။ နှစ်လုံးထီ၊ သုံးလုံးထီနဲ့ ဘောလုံးပွဲလောင်းကစားအထိ ပြည်သူတွေ အကျင့်ပျက်နေတာကို ဒီနည်းနဲ့ ထပ် ဖျက်လိုက်တာပဲ။

စီးပွားရေးအတွက်ဆိုရင် ပြည်သူကို နင်းချေရပစေ၊ ပြည်သူလူထုရဲ့အသိဥာဏ်နဲ့ အတွေးအခေါ် နိမ့်ကျချင်ကျ ပစေ၊ ကိုယ်နေထိုင်ရာပတ်ဝန်းကျင် ညစ်နွမ်းပျက်စီးပစေ၊ တိုင်းပြည်သယံဇာတ ကုန်ခမ်းပစေ၊ ဂရုစိုက်နေစ ရာမလိုဘူးလို့လည်း ယူဆကြတယ်။ ဒါကြောင့်လည်း မြန်မာပြည်အလယ်ပိုင်း ပုပ္ပါးတောင်မကြီးမှာရှိတဲ့ ဘေးမဲ့ တောကို ခုတ်ထွင်ရှင်းလင်းပြီး နအဖနဲ့ နီးစပ်တဲ့ တေဇရဲ့ထူးကုမ္ပဏီက လက်ဖက်စိုက်ပျိုးနေတာပေါ့။ လက် ဖက်ဟာ ပုပ္ပါးရာသီဥတုနဲ့ ကိုက်ညီတာမဟုတ်ဘူးလို့ ပုပ္ပါးဒေသအကြောင်းနဲ့ စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသမှာ သစ်တောပြုန်းတီးအောင် တမင်လုပ် ဆောင်နေသလိုပါပဲ။

ကျနော်တို့ အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ကြရတဲ့ “ပုပ္ပါးမောင် တောင်ကတုံး ယောင်ထုံးစို့ကွယ်တို့ ရယ်” ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလို သစ်ပင်သစ်တောမရှိတဲ့ ပုပ္ပါးတောင်ကို စိမ်းလန်းစိုပြည်လာအောင် စီမံ ကိန်းနဲ့ သစ်ပင်သစ်တောစိုက်ပျိုးလာခဲ့ကြရတာပါ။ ဒါကြောင့် ဆရာမင်းသုဝဏ်ရဲ့ဆောင်းပါးထဲကလို ပုပ္ပါးဟာ အနိမ့်ထဲက အမြင့်၊ အပူထဲက အအေး၊ အဝါထဲက အစိမ်းပါ။ ပူပြင်းခြောက်သွေ့တဲ့ အညာဒေသရဲ့ အိုအေစစ် ပါ။ပူပြင်းတဲ့ နွေရာသီမှာ ရှမ်းပြည်က ကလော၊ အင်းလေး၊ မေမြို့တို့လို အနားယူအပန်းဖြေနိုင်တဲ့ နေရာလေး ပါ။ပုပ္ပါးတောင်ဟာ ပလိုင်စတိုဆင်းအချိန် လွန်ခဲ့တဲ့ နှစ်တသန်းခန့်က ပေါက်ကွဲခဲ့တဲ့ မီးတောင်ဟောင်းဖြစ် တယ်လို့ ဘူမိဗေပညာရှင်များကဆိုကြောင်း သိရပါတယ်။

မြန်မာပြည်အလယ်ပိုင်း မြေပြန့်လွင်ပြင်ထဲမှာ တည်ရှိပြီး (၄၉၈၁) ပေမြင့်ပါတယ်။ အမြင့်ဆုံး တောင်ထွဋ်သုံးခု ဟာ ဖိုခနောက်ဆိုင်တည်နေပြီး အလယ်ခေါင် မီးတောင်ချောက်ဟာ ပေ (၂၀၀၀) ခန့် နက်ပါတယ်။ ဒါကြောင့် ပုပ္ပါးတောင်ရဲ့ပထဝီနဲ့ ဘူမိဗေဒဆိုင်ရာ အချက်တို့ဟာ မြေပြန့်အရပ်မှာ ထူးခြားပါတယ်။ “ပုပ္ပါးသာ မိုးညိုရင် ချောင်းပြိုင်ပြိုင်စီးလို့ ဧရာနဒီပြင်သို့တိုင်” ဆိုတဲ့ မြင်းခြံ ကိုဘသောင်းရဲ့ သီချင်းစာသားထဲကလိုပဲ ပုပ္ပါးဟာ မြောက်ဘက်မှာ ဆင်ထဲဝ၊ လဲပင်ရိုး၊ တောင်ဘက်မှာ တောင်ဆင်း၊ ကျောက်ပုံ၊ ပင်းချောင်း၊ အနောက်ဘက်မှာ ပျဉ်းမ ... စတဲ့ ချောင်းကြီးများနဲ့ ချောင်းငယ်ပေါင်း မြောက်များစွာတို့ရဲ့ ချောင်းဖျားခံရာလည်း ဖြစ်ပါတယ်။

ကျောက်ပန်းတောင်းမြို့ကို ရေငယ်ချောင်းမှရေ၊ ဟိုတုန်းကဆိုရင် ပုပ္ပါးတောင်ကထွက်တဲ့ စမ်းပေါက်ကရေတို့ နဲ့ ရေပေးဝေပါတယ်။ ကြက်မောက်တောင်ဆည်ဟာ ပုပ္ပါးတောင်အနီး၊ ကျောက်ပန်းတောင်းမြို့အရှေ့ဘက်မှာ တည်ရှိပြီး မြန်မာပြည်ရဲ့ အထင်ကရ ဆည်ကြီးတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ပုပ္ပါးတောင်က စီးဆင်း ကျလာတဲ့ တောင်ဇင်းချောင်းနဲ့ ကျောက်ပုံချောင်းတို့ကို ပိတ်ပြီးတည်ဆောက်ထားတာပါ။ မြင်းခြံခရိုင်အတွင်း မြို့နယ်များမှ လယ်ယာမြေ ဧကများစွာကို ရေဖြန့်ဖြူးပေးဝေပါတယ်။ ကြက်မောက်တောင်ဆည် ရေနေဖို့နဲ့ ပုပ္ပါးတောင် စမ်းပေါက်များ ရေထွက်ကောင်းစေဖို့အတွက် အညာဒေသ သစ်မာများဖြစ်ကြတဲ့ ရှား၊ ထနောင်းနဲ့ အခြားအပင်များဖြစ်တဲ့ မဲဇလီ၊ ကုက္ကိုတို့ကို စိုက်ပျိုးထားသလို ပုပ္ပါးတောင်တခို ရေဝေကုန်းတန်း စိမ်းစိုလန်း ပြီး မိုးကောင်းစေဖို့ အခြားသစ်မာများဖြစ်ကြတဲ့ အင်၊ ကညင်၊ သစ်ယာ၊ အင်ကြင်းတို့ကိုလည်း စိုက်ပျိုးထား ကြောင်း သိရပါတယ်။

ပုပ္ပါးတောင်ဒေသဟာ ဘေးမဲ့တောအဖြစ် သတ်မှတ်ထားတာမို့ ကျေးငှက်သာရကာ သားရဲတိရိစ္ဆာန်မျိုးစုံ၊ ပန်း ပေါင်းစုံနဲ့ ဆေးဖက်ဝင်အပင်မျိုးစုံရှိကြပါတယ်။ အင်မတန် သင်းပျံ့လှတဲ့ စကားဝါပန်းနံ့ဟာ ပုပ္ပါးရဲ့သင်္ကေတ ပါ။ပုပ္ပါးဟာ မင်းမဟာဂီရိ နတ်မောင်နှစ်မ၊ ပန်းစားဘီလူးမ မယ်ဝဏ္ဏ၊ ရွှေဖျင်းကြီး ရွှေဖျင်းလေးစတဲ့ နတ်တို့ ပျော်စံရာဒေသ၊ မယ်ဝဏ္ဏနဲ့ ပုဂံသူရဲကောင်းဗျတ္တတို့ ချစ်ခန်းဖွင့်ရာ ဒေသလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပုပ္ပါးဒေသဟာ ရှေးဘုရင်မင်းများ လက်ထက်ကတည်းက စိတ်ဝင်စားစရာ ဒဏ္ဍာရီ၊ ပုံပြင်၊ သမိုင်းများနဲ့ ပြည့် နှက်ပြီး ထင်ရှားခဲ့တာပါ။

ပုပ္ပါးမင်းမဟာဂီရိဟာ ရှေ့လာမယ့် အနာဂတ်ဖြစ်ရပ်အတွက် ထူးခြားထင်ရှားတဲ့ အတိတ်နိမိတ်များ ပေးလေ့ရှိ တယ်လို့ ယုံကြည်ကြပါတယ်။ ပုဂံခေတ် တနှစ်တခေါက်မှန်မှန် ဆီမီးများနဲ့ပူဇော်ရန် သွားရောက်ရင်း နတ်မေး လေ့ရှိတဲ့ ဘုရင်ဥဇနာကို မနက်ခင်းလင်းနေတဲ့ အချိန်ကြီးမှာ တောင်ကလပ်ရဲ့ ကွက်လပ်ပြင်ကျယ် လူသူပရိ သတ်ထဲ ကျားဝင်ဆွဲတဲ့အဖြစ်ကိုပြပြီး မကြာခင် ဘုရင်ကြီး နတ်ရွာစံတော့မယ်ဆိုတဲ့အရေး နိမိတ်ပေးခဲ့တယ်။ ဒီခရီးစဉ်ကအပြန် စိတ်ထိမ်းကမ်းဖြူရွာက မစောကို တော်ကောက်ပြီး မကြာခင် အောက်ပြေကို စုန်ဆင်း၊ ရန် ကုန်တဘက်ကမ်း ဒလမှာ ဆင်ကျုံးဖမ်းရင်း ကံတော်ကုန်ရှာတယ်။

ဥဇနာဘုရင်ရဲ့သား မင်းခွေးချေး ခေါ် တရုတ်ပြေးမင်း နရသီဟပတေ့ဟာလည်း ကျူးလွန်ခဲ့တဲ့ အကုသိုလ် တွေကြောင့် စိတ်ကယောက်ကယက်ဖြစ်၊ တိုင်းရေးပြည်ရာလည်း မကောင်းလှတာမို့ မဟာဂီရိ နတ်မောင်နှမ ထံ နတ်မေးရန် ရောက်ပြန်တယ်။ ဖြစ်လာမယ့် အရေးဟာ ကြီးလေးလွန်းလှတာမို့ နတ်ကွန်းထိအောင် အ ရောက်မခံ လမ်းခုလတ်မှာပဲ နိမိတ်ပေးတယ်။ နတ်အမြင် နတ်အကြားရတဲ့ ဘုရင်ကြီးကို နတ်ဂီတ နတ်စောင် သံများနဲ့ ကြိုဆိုပြီး ကောင်းကင်အလုံး မြားမိုးဖုံးသလို၊ တရွှီးရွှီး တဝုန်းဝုန်းနေအောင် မြားသံတွေပေးပြီး နိမိတ် ပြခဲ့တယ်။ ဘုရင်ကြီးလည်း ကြောက်လွန်းလို့ သတိမေ့မြောသွားတော့တယ်။ အဲဒီကအပြန် ဘာမှမကြာဘူး တ ရုတ်မောင်းဂွတ်မြားတပ်ကြီးဟာ မြန်မာပြည်မြောက်ပိုင်းမှာ ပုဂံမင်းရဲ့တပ်တွေကို နိုင်ပြီး ဧရာဝတီမြစ်ရိုးအ တိုင်း စုန်ဆင်းလာတော့တယ်။ မင်းခွေးချေးလည်း အောက်ပြေအောက်ရွာ၊ သူ့သားတော်တွေရှိရာ ပြည်၊ ပုသိမ် အထိ စုန်ဆင်း တရုတ်ပြေးမင်းဖြစ်ရတော့တယ်။

အခုအခါ ပုပ္ပါးတောင်တဝှမ်း ရေဝေကုန်းတန်း စိမ်းလန်းစိုပြေ အညာဒေသ မိုးလေမှန်စေတဲ့ သစ်တော၊ ကျောက်ပန်းတောင်းမြို့ကို ရေပေးဝေနေတဲ့ ချောင်းတဝိုက်က သစ်တော၊ ကြက်မောက်တောင်ဆည်ရေနေဖို့ အတွက် ထိန်သိမ်းထားတဲ့ သစ်တော စတဲ့ သစ်တောများထဲက အင်၊ ကညင်၊ သစ်ယာ၊ အင်ကြင်းနဲ့ ထနောင်း များကို ထူးကုမ္ပဏီက ခုတ်လှဲပြီး ဒေသရာသီနဲ့ မဆီလျော်လှတဲ့ လက်ဖက်များ စိုက်ပျိုးနေကြောင်းသိရပါ တယ်။

ဒေသခံများသာမက ပြည်သူအများ စိတ်ပျက်ရပါပြီ။ သားရဲတိရိစ္ဆာန် ခိုအောင်းရန်လည်းခက်ခဲလာပါပြီ။ ပုပ္ပါးရဲ့ သဘာဝနဲ့အလှလည်း ပျက်စီးနေပါပြီ။ အညာဒေသလည်း ကန္တာရဖြစ်ရပါတော့မယ်။ ဒီဆိုးကျိုးတွေကြောင့် ဘု ရင်ဥဇနာနဲ့ နရသီဟပတေ့တို့ကို ပေးခဲ့တဲ့ အတိတ်နိမိတ်မျိုး ကာယကံရှင်တို့ မရကြစေဖို့၊ သတိတရားနဲ့ ဆင် ခြင်နိုင်ကြပါစေတော့လို့ မေတ္တာရှေ့ထားပြီး ဆောင်းပါးရေး သတိပေးလိုက်ရပါတယ်။

ဘေးဘယာ ဝေးကွာကြပါစေ ...။

မောင်ဂဒိုး
၁၉၊ အောက်တိုဘာ၊ ၂၀၀၉

ကိုးကား ။ ။ ရန်ပိုင်၊ ဧရာဝတီ၊ ၁၄ စက်တင်ဘာ ၂၀၀၉၊
မြသန်းတင့် - မိဘုရားစော

No comments: