Monday, September 28, 2009

ကိုချိုတူး ဆိုခိုင်းလို့ ကျနော်ဆိုညည်းနေကျ သီချင်းတွေ

ကိုချိုတူး ဆိုခိုင်းလို့ ကျနော်ဆိုညည်းနေကျ သီချင်းတွေ
သစ်ကောင်းအိမ်

ငယ်နာမည် ၀ဏ္ဍ
လူညံ့တွေနဲ့ အမဲလိုက်တမ်း မကစားဘူး
မိန်းမမြတ်တယောက်ကို ချစ်တတ်တယ်

သေခြင်းတရားနဲ့ လက်ထပ်ပြီး
သေရည်ပြင်းပြင်း ကြိုက်တယ်

စိတ်ရှည်ရှည်မထားနိုင်တဲ့ နှစ်တွေမှာ
ဆံပင်ရှည်ထားခဲ့သမျှ
ကိုယ့်တောစီးဖိနပ်ရဲ့ အမှတ်တံဆိပ်က တောင်တန်းများ
ကိုယ့်ဂျင်းဘောင်းဘီက လောကဓံရှစ်ပါးအာမခံ
ကဗျာက ငါ့နိုင်ငံတော်အလံ

တခါသုံးခေတ်ကြီးထဲမှာ
တခါသုံးအချစ်တွေရှိသလို
တခါသုံးငွေစက္ကူတွေကို ထုတ်ဝေသင့်တယ်

လူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မလိုဘူး
အာဏာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုတယ်

တကယ်တော့
လွတ်လပ်ခြင်းဆိုတာလည်း
ကျယ်ဝန်းတယ် ...
သပ်ရပ်သန့်ရှင်းတယ် …

ဒါပေမယ့်
ဘုရားသခင်ရဲ့အကျဉ်းစခန်းတခုပဲမဟုတ်လား
မိုးကုတ်စက်ဝိုင်း
တံတိုင်းရှိရင်
ကောင်းကင်ကိုလည်း ငါမုန်းတယ်

ခုလို သစ်ရွက်ကြွေတဲ့ ရာသီထဲ
ငါ့လည်ကုပ်ပေါ်က မှဲ့နက်လေးရယ်
မင်းဘယ်ဆီ လွင့်ပါးသွားပြီလဲ

ဘယ်သူတက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၂၇၊ စက်တင်ဘာ၊ ၂၀၀၉)

2 comments:

ဆောင်းယွန်းလ said...

ဒီသီချင်းက ဗွေဆော်ဦးပထမပအပိုဒ်မှာတင် သံစဉ်အပြင်းစားတွေ
စပြီးပေါက်ကွဲနေတော့တာပဲ ဇော်ကြီးရေ...တဂ်ရကျိုးနပ်ပါတယ်...

ဆောင်းယွန်းလ said...

ဆရာကိုလွဏ်းဆွေခင်ဗျား..
ဇော်ကြီးရဲ့ ကဗျာကိုကြိုက်လို့ ကျနော့်ဘလော့မှာ ယူသုံးခွင့်ပြုစေချင်ပါတယ် ခင်ဗျာ

လေးစားစွာဖြင့်
ဆောင်းယွန်းလ