ရင်ထဲက စက်တင်ဘာ ရာဇ၀င်
ဇာနည်(ပခုက္ကူ)
ဇာနည်(ပခုက္ကူ)
ကျနော်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်နှစ်မွှာဆုံတဲ့ အောက်ဘက်နားက ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကမ်းမြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့လေးကပါ။ စက်တင်ဘာသံဃာလှုပ်ရှားမှု စတင်မြစ်ဖျားခံရာ ပခုက္ကူ မြို့ဆိုရင်တော့ လူသိပိုများမှာပါ။
ကျနော်တို့ ပခုက္ကူမြို့ဟာ အရောင်းအ၀ယ် အချက်အချာကျတဲ့ နေရာတခုဖြစ်တဲ့အပြင် စီးပွားရေးလည်း ဖွံ့ဖြိုး ပြီး မန္တလေးပြီးရင် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းကားတဲ့ အရပ်ပါ။ တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ သီဟိုဠ်ရှင်၊ ကမ္ဘာကျော် တံကဲရှိတဲ့ ရွှေကူဘုရား၊ ဖောင်တော်ဦးနဲ့ မြစ်ကမ်းနဘေးက သာယာတင့်တယ်စွာ သပ္ပါယ်တည်ရှိ နေတဲ့ ရွှေမုဋ္ဌောဘုရားတို့ဟာ ပခုက္ကူရဲ့ ကျက်သရေဆောင်တွေပါ။
စီမံသူ ဦးဘိုးလှဲ့ ဆိုတဲ့ စာတန်းတွေ အများကြီးတွေ့ရတဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်မှာ စာ သင်သားသံဃာ (၆၀၀) ကျော်၊ အင်္ဂလန်နိုင်ငံက ဂေးလက်အင်ဂျွန်စတင်လီမီတက်က လာဆောက်ပေးတဲ့ နာ ရီစင်ကြီးရှိတဲ့ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ်၊ အလယ်တိုက်မှာ စာသင်သား တထောင်ကျော်၊ နောက် သာ သနာ့ဝိပုလာရာမ ပါဠိတက္ကသိုလ်လို့ခေါ်တဲ့ အနောက်တိုက်မှာ စာသင်သား (၂၀၀) ကျော်နဲ့ သာသနာပြန့်ပွား အောင် ဗုဒ္ဓသာသာနာကို လက်ဆင့်ကမ်းသယ်နေကြတဲ့ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ စာဝါလိုက် နေတဲ့ နေရာကြီးတွေ ရှိတယ်ဗျာ။
ဒီလို ပရိယတ်တင် မဟုတ်ဘူး၊ ပရိပတ်တွေပါ နည်းပေးလမ်းပြနေတဲ့ မိုးကုတ်ရိပ်သာလို၊ မဟာစည်ရိပ်သာတို့ လို ကမ္မဌာန်းဘ၀နာ နည်းပေးတဲ့ ရိပ်သာတွေလည်း အများကြီးဗျ။ သီလရှင်တွေအတွက် စာဝါပို့ချနေတဲ့ ကျောင်းတွေလည်း အများကြီးပဲ။ ပရိယတ်ဘက်မှာ စာဝါလိုက်မယ်ဆိုရင် ပခုက္ကူစာချနည်းကို မသင်ဘူးတဲ့ ဘုန်းကြီးဟာ ပညာစုံတယ်လို့ ဆိုမရဘူးလို့ ဆရာတော်ကြီးတွေ မိန့်ခဲ့တာ ကြားဖူးပါရဲ့။ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်၊ ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ကိုယ်တိုင်ရေးတဲ့ ‘တဘ၀သာသနာ’ ထေရုပ္ပတ္တိမှာ ပခုက္ကူ ဟာ သာသနာထွန်းကားကြောင်းနဲ့ ဒကာဒကာမတွေက သံဃာတော်တွေကို ကြည်ညိုရာမှာ အထူးအားရမိ ကြောင်း ဖတ်ဖူးခဲ့ပါတယ်။
ဒါပေမယ့် ဒီလိုလှတဲ့ သမိုင်းကြောင်းလေးကို ၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့က အရောင်ဆိုးခဲ့တာက တော့ အာဏာအတွက် သာသနာကွယ်ချင် ကွယ်ပလေ့စေဆိုတဲ့ စိတ်နဲ့ လုပ်ရက်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါ တယ်။ ဒီလုပ်ရပ်တွေကို ကျနော့်မျက်စိထဲ၊ နားထဲ ဘယ်တော့မှ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အရိုးခံစိတ်ရင်းကောင်းပြီး ခန္တီပါရမီလည်း တော်တော်ရှိကြတယ် ပြောရမ လား။ မဆလ၊ နအဖ က အကွက်ချ ဖျက်ဆီးခြောက်လှန့်ထားလို့ မနိုင်လို့ သည်းခံနေကြတယ်ဆိုရမလား၊ ကျ နော် (၈) တန်းက ဖြစ်ခဲ့တဲ့ ၈၈ နောက်ပိုင်း လူထုအများစုပါတဲ့ အုံကြွမှု မဖြစ်ခဲ့ဘူးဗျ။ ဖြစ်မယ့်ဖြစ်တော့လည်း သြဂုတ်လလယ်မှာ နအဖ က လောင်စာဆီဈေး အဆမတန် တက်လိုက်တော့ ရင်ထဲမှာ ကြိမ်မီးအုံးသလို ခံစား နေရတဲ့ မီးက ထတောက်တော့တာပါပဲ။
သြဂုတ်လ (၂၂) ရက်ကို တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက် လမ်းလျှောက်ခဲ့တဲ့ အကိုကြီး ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ရ ပါပြီ။ ပခုက္ကူသံဃာထုက လူထုရဲ့အခြေအနေကို သူတို့အသိဆုံးဆိုတော့ စက်တင်ဘာလ (၅) ရက်မှာ သံဃာ (၅၀၀) ကျော်လောက် နေပူကျဲကျဲမှာ လူထုအတွက် မေတ္တာပို့ဖို့ ကျောင်းအသီးသီးကနေ ကြွချီကြပါတယ်။ ဒီ အချိန်မှာ ကျနော် ဆိုင်ကယ်တစီးနဲ့ ပတ်လာတော့ တပ်မ (၁၀၁) က ဗျူဟာမှူးနဲ့ ခမရ (၂၃၅) က တပ်ရင်းမှူး အပါအ၀င် တပ်သား (၂၀) လောက် ပခုက္ကူမြို့လယ်လို့ ဆိုရမယ့် ဆေးရုံ (၂) ရုံအကြားက မီးပွိုင့်လမ်းဆုံမှာ ကျောချင်းကပ်ပြီး ဘုန်းကြီးတွေအလာကို စောင့်နေတာကို အထိတ်တလန့် မြင်လိုက်ရပါတယ်။
ဒါကို မြင်လိုက်ရတဲ့အချိန်မှာ ကျနော်ဟာ သံဃာတွေရှိတဲ့ဆီ အပြေးသွားလျှောက်တင်တော့ သံဃာ့ခေါင်း ဆောင်တပါး မိန့်ကြားခဲ့တာကို အသည်းထဲ စွဲနစ်ဝင်ခဲ့ရပါတယ်။
“ဒကာ ကျုပ်တို့က မေတ္တာနဲ့ ပြည်သူအတွက် မေတ္တာပို့တာ အပြစ်လား၊ သူတို့ကို မေတ္တာနဲ့ပဲ ဖြတ်ကျော်မယ်။ ဦးဇင်းတို့ မကြောက်ဘူး။ ဆက်ကြွမယ်” တဲ့။
ဘာပြောကောင်းမလဲ၊ ဘေးက လက်အုပ်ချီနေတဲ့ ပြည်သူတွေ လက်ခုပ်တီးလိုက်တာ တဖြောင်းဖြောင်းနဲ့ပါပဲ။ ပရိသတ်ကလည်း လမ်းကိုညွတ်နေတာပဲ။ သံဃာတော်တွေကလည်း ကြည်ညိုစရာကောင်းလိုက်တာ။ ဘုရား ရှင် ရဟန်း (၅၀၀) နဲ့ ကြွချီလာသလိုကို စိတ်ထဲမြင်ယောင်လိုက်မိတယ်။ သံဃာတန်းကြီး ကြွချီတာ ဆုံးမှ ကျ နော်လည်း သမီးပါတာကို အမှတ်ရပြီး အိမ်ကို အပြေးပြန်ပို့ပြီး တောက်လျှောက်ပြန်လာပါတယ်။ ဒီအချိန်မှာ သေနတ်သံ (၁၂) ချက်လောက် ကြားတော့ ထိတ်ပြာပြီး ဦးဇင်းတွေဆီ အရောက်ပြေးတဲ့အခါ လမ်းပေါ်မှာ ဘုန်းကြီးစီးဖိနပ်တွေ ကျဲပြန့်နေပါပြီ။
စစ်သားတွေက လမ်းဘေးမှာ ရပ်ကြည့်တဲ့ လူတွေကို လိုက်ရိုက်နေပါတယ်။ အထင်းသား မြင်ရတာပါ။ ဖြစ်တဲ့ နေရာက အရှေ့တိုက်နဲ့နီးတော့ အရှေ့တိုက်ထဲကို သံဃာတွေ ၀င်ပြေးကြတာပေါ့။ ဘယ်ကိုယ်တော်တွေ အ ဖမ်းခံရလဲ၊ ဘာတွေဖြစ်သလဲ မေးတော့ ကိုယ်တော်တပါးက “ဒကာရေ ... နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဦး တေဇော ရောက်လာပြီး ကျူပ်တို့ကို ဒီကောင် ဖမ်းဖမ်းနဲ့ ပြောတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း စစ်သားတွေ က ကြိုးနဲ့ပစ်ဖမ်းတာပဲ။ ကျုပ်ကို အခု အနောက်တိုက် လိုက်ပို့စမ်းပါ။ ကျောင်းက ကျန်တဲ့ သံဃာတွေကို စိုးရိမ် တယ်” ဆိုလို့ ဖိနပ်မပါတဲ့ ဦးဇင်းကို အနောက်တိုက် လိုက်ပို့ရပါတယ်။ လမ်းမှာ ဦးဇင်းပြောတာက ...
“ဒကာရာ ဦးဇင်းတို့က အိမ်တွေဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေသိတယ်။ အရင်က (၅) အိမ် လောက် ဆွမ်းခံရင် ကျုပ်တို့သပိတ်ပြည့်ပြီ။ အခု (၁၅) အိမ်လောက်ခံမှ တပါးစာ ၀ရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမ၀ယ်နိုင်တော့ဘူးဗျာ။ ဒါ ... ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ” တဲ့။
မျက်ရည်မဆယ်နိုင်ဘူး။ ကျနော်က မျက်ရည်လွယ်တတ်တယ်။ ဒါနဲ့ ပြန်လှည့်လာရင်း ကျောင်းတိုက်တွေ ၀င် ကြည့်တယ်။ ဘယ်ကိုယ်တော် ပါသွားတယ်၊ ပျံတော်မူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဆေးရုံ ပြေး၊ ရင်ခွဲရုံပြေးကြည့်တယ်။ မရှိပါဘူး တော်သေးတာပေါ့။ ဒါနဲ့ ကျောင်းတိုင်းလိုက်မေးတော့ (၁၀) ပါး အဖမ်း ခံရသလို ဘာလိုလိုနဲ့ ဖြစ်နေရော။ နောက် ညနေကျ ဆရာတော်ကြီးတွေကို အာဏာပိုင်ဆိုသူတွေက အလက (၃) ကျောင်းထဲ ပင့်ပြီး ဆွေးနွေးတယ်။ ဆရာတော်တွေ တောင်းဆိုမှုတွေကြောင့် ဖမ်းထားတဲ့ သံဃာတွေ ပြန် လွတ်ခဲ့တယ်။ ပြန်ကြွလာတဲ့ ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့ (၃) ပါး အဖမ်းခံထားရတာ ပြန် လွှတ်ပေးပြီဆိုလို့ ဒီကိုယ်တော်တွေကို ဘယ်လိုနေလဲ မေးကြည့်ရတယ်။
ရေဒီယိုတွေမှာ ကာယကံရှင် ကိုယ်တော်တွေ ကိုယ်တိုင်မိန့်ခဲ့တာကို ခင်ဗျားတို့ နားထောင်ခဲ့ရင် သိမှာပါ။ ကျ နော်လည်း မီဒီယာတွေမှာ အဖြစ်မှန်တွေ ပြောဖြစ်ခဲ့တယ်။ ကျနော် မခံနိုင်လွန်းလို့ တော်တော်ကို ပြောဖြစ်ခဲ့ တယ်။ အဖမ်းခံ အနှိပ်စက်ခံခဲ့ရတဲ့ ဦးဇင်းတွေဖြစ်တဲ့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင်စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒ၊ သူတို့ ပျံတော်မမူသေးပါဘူး၊ အခု မေးရင်လည်း ရပါသေးတယ်။ သူတို့ကို နှိပ်စက်ခဲ့တဲ့ သတင်းကို နိုင်ငံရေးတက်ကြွသူတွေနဲ့ မီဒီယာတွေပေါင်းပြီး လုပ်ကြံဖန်တီးတယ်ဆိုတာ နအဖက ပြောခဲ့တယ်။ ဟုတ်၊ မဟုတ် လှမ်းမေးကြည့်လေ။
ဦးဇင်းတွေကို ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်က “ဟိုထဲမှာ (၂) ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း” ဆိုပြီး ပြောခဲ့ တယ်။ နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ၀င်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင် နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ်ဆိုတာ မုသားမပါပါဘူးဗျာ။
ကျနော်တို့ နိုင်ငံတော်တည်ငြိမ်ရေးကို မနှောင့်ယှက်ခဲ့ပါဘူး။ အဓိကကတော့ သူတို့ဘာသာ မေတ္တာပို့ကြွချီိတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့လို့ ဒီလိုဖြစ်ခဲ့တာပါ။
နောက်နေ့မနက်မှာ တိုင်းသာသာနာရေးဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ၀င်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ၀င်လျှောက်တော့တာပဲ။ ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာ တော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ၀န်းတံခါးပိတ်ပြီး အာဏာပိုင် (၁၃) ယောက်ကို ဖမ်း လိုက်တယ်။ သူတို့စီးတဲ့ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ ကျနော်တော့ လူငယ်အတွေးနဲ့ မမှားဘူးပဲ ထင် တယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။
အဲဒီမှာတင် ဇာတ်လမ်းစတော့တာပဲဗျို့။ (၇) ရက် မနက်ခင်းပိုင်း ကျနော်သွားရာနောက် ကြွက်တကောင်ဟာ တကောက်ကောက်နဲ့ လိုက်တော့တာပဲ။ ကျနော် သိလိုက်ပြီ၊ ကွိုင်တော့မယ်ဆိုတာ။ အိမ်မပြန်ရဲတော့ဘူး။ ည နေခင်းမှာ လိုအပ်တဲ့ အ၀တ်အစားနဲ့ ပိုက်ဆံကို အိမ်ကနေ ကပျာကရာ ၀င်ယူပြီး အေးမြတဲ့ ဘုရားရိပ် တရား ရိပ် သံဃာရိပ်မှာ ခိုလှုံနေရတော့တာပေါ့။ စကားလုံးလှအောင် ရေးတာပေါ့ဗျာ။ အဖမ်းခံရမှာ ကြောက်လို့ ကြောက်ချေးပါတာ၊ ပြေးတာပါပဲ။ (၅) ရက်နေ့က အင်္ကျီကြယ်သီးဖြုတ်ပြီး လမ်းလယ်ခေါင်မှာ “ပစ်ချင်ရင် ငါ့ ပစ်ကွာ၊ မပြေးကြနဲ့” လို့ ကုန်းအော်ခဲ့တဲ့ ကိုယ့်အသံကိုတောင် ပြန်ကြားပြီး ရှက်မိပါရဲ့။ (၇) ရက်နေ့ညမှာပဲ ဘုန်းကြီးတွေနဲ့ နီးစပ်တယ်လို့ ယူဆပြီး အပြစ်မရှိတဲ့ ဦးသန့်ရှင်း၊ ဦးနေလ၊ ဦးစိန်လင်း၊ ဦးသာအောင်တို့ကို ဖမ်းဆီးပြီး သရက်ထောင်မှာ (၂) နှစ်ကနေ (၉) နှစ်ထိ ထောင်ချခဲ့ပါတယ်။ သူတို့ခိုင်းလို့လုပ်ရတဲ့ နှစ်တစ်ခင် မောင်ဝင်းလည်း ထိုးကျွေးတာခံရပြီး သရက်ထောင်မှာ ထောင် (၂) နှစ် အပြစ်ပေးထားပါတယ်။
ဒီလိုနဲ့ ကျနော် ဘုန်းကြီးကျောင်းမှာ ပုန်းနေပြီး သံဃာတော်တွေနဲ့ ဘာဆက်လုပ်မလဲ တိုင်ပင်ရပါတယ်။ တနိုင် ငံလုံးက သံဃာတွေကလည်း ပခုက္ကူသံဃာတွေကို ကျေနပ်အောင် တောင်းပန်၊ မတောင်းပန်ရင် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်ပေါ့။ ဒါကို အာဏာကလွဲပြီး ဘာမှ သောက်ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူး လေ။ ဒီတော့ တနိုင်လုံး စက်တင်ဘာ (၁၈) မှာ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရ တော့တာပါပဲ။
ကျနော့်ကိုတော့ မြေလှန်ရှာနေတယ်ဆိုတဲ့ သတင်းတွေအပြင် ညပိုင်းမှာ ဘုန်းကြီးကျောင်းကို ၀င်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဘုန်းကြီးတွေကို မထိစေချင်တာရော၊ ကိုယ်တိုင်လည်း ကြောက်တာရောကြောင့် ပြေးမိ ပြေးရာ ပြေးရင်းကနေ အိန္ဒိယကို ရောက်ခဲ့ရတာပါပဲဗျာ။
ဒီဆောင်းပါးကို ဖတ်မိတဲ့ ခင်ဗျားကတော့ ဘယ်လိုနေမယ် မသိဘူး၊ ကျနော်တော့ သွေးဆူနေသေးတယ်ဗျာ။ ကျနော့်လို ပုန်းအောင်းနေရတဲ့ ပခုက္ကူက ဦးဇင်းလေးတွေ ရှိသေးတယ်။ တွေ့များတွေ့ခဲ့ရင် ကျနော် ဒီကစောင့် နေပါတယ်လို့။ ပခုက္ကူမှာ ကျန်ခဲ့တဲ့ ဦးဇင်းတွေနဲ့ မြန်မာပြည်သူပြည်သားတွေကိုတော့ ပြောချင်တာတခုရှိ တယ်။ ကျနော့်နိုင်ငံရေးအဆင့် မူကြိုအဆင့်မှာပဲ ရှိပါသေးတယ်။ မှားရင် ခွင့်လွှတ်ဗျာ။ ကျနော်တို့ ကိုယ့်မြေ ကိုယ့်အမေနဲ့ အတူနေချင်တယ်။ အဲဒီတော့ ကျနော့်တို့ နိုင်ငံမှာ စစ်အာဏာရှင် ရှိနေသေးသရွေ့ သားတကွဲ မယားတကွဲ ဒုက္ခ၊ မိဘမဲ့တဲ့ ကလေးငယ်တွေ၊ မတရား စော်ကားခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲ ပါဘူး။
ဒါတွေချုပ်ငြိမ်းသွားအောင် ကျနော်တို့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်။ လူဦးရေ သန်း (၅၀) ကျော်တဲ့ ပြည် သူက လက်တဆုပ်စာအာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇ၀င်ရိုင်းပါတယ်။ ဒီတော့ ချိနဲ့သူကို ဖေးကူ၊ အားနည်း သူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန်တိုက် ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ မကြာခင်လာတော့မယ့် တဖက်သတ်ကျင်းပမယ့် ၂၀၁၀ ရွေး ကောက်ပွဲကို ပြည်သူတွေအနေနဲ့ အပြတ်ဖြတ်သင့်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကျနော် မဲမပေးခဲ့ရပေမယ့် တကယ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်လို့ အနိုင်ရပါတီ အန်အယ်လ်ဒီဟာ အနိုင်ရပြီးသူဖြစ်ပါတယ်။ သူတို့နဲ့ လက်ရှိအာဏာရှင်တွေ ညှိနှိုင်းပြီး တိုင်းပြည်ကောင်းအောင် မလုပ်မချင်း ကျနော်တို့ ဆက်တိုက်ရမှာပါပဲ။
ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံ ဃာ့လှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံ ထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်အလေးပြုလိုက်ပါရစေ။
ဇာနည်(ပခုက္ကူ)
No comments:
Post a Comment