Saturday, September 19, 2009

ကမ္ဘာပြားတဲ့ ကိစ္စ

ကမ္ဘာပြားတဲ့ ကိစ္စ
ကမာပုလဲ

ပြောကြတယ်
ကမ္ဘာကြီး ပြားသွားပြီတဲ့ …
အနုမာန
မနေ့တနေ့က ပညာရှင်တွေက ပြောနေကြတယ်။

ပြောကြတယ်
သောမတ်စ်ဖရီးမင်း ကလည်း ပြောတယ်
ဘာသာပြန်စာ ရေးတတ်သူတွေကလည်း
ဘာသာစကားအမျိုးမျိုးကို ပြန်ဆိုကြပြီး
စာတိုပေစ … သတင်းတိုသတင်းစ
ကြားဖူးနားဝနဲ့ ပြောနေကြတယ်။

ပြောကြတယ်
ဝီစကီသောက်ရင်း
ဆိုဒါမော့ရင်း
ငါးပါးသီလ ကိုယ်ဟန်ပြလို့
ပက်ဆီကိုလာသောက်ရင်း
အာပေါင်အာရင်းသန်သန်
မနက်ဖြန်ပဲ
ဖုတ်သွင်းရထားဆိုက်တော့မလို
ပြဒါးတွေ သံတွေအောင်လို့
ဘိုးဘိုးအောင်ကပဲ ကမ္ဘာပြားသလို
ဗမာကိုလည်း ပြားအောင်
ချက်ချင်းလက်ငင်း မ တော့မယောင်
ပြောနေကြတယ် …။

တည …
ကျနော်နဲ့ ကမ္ဘာအပြား
အကြွားပဲလွန်နေလို့လား
နားကြားပြင်းပဲကပ်နေလို့လား
သမန်းတက် ခြေသလုံးနှစ်ဖက်ကြားက
ကွမ်းကလေးဝါးနေတဲ့ အဖိုးဖြစ်သူက
ကောက်ခါငင်ခါ …
“ဒီမယ် လူကလေး
တဆိတ် မသိလို့ မေးစမ်းပါရစေကွာ
မင်းတို့ ပြောပြောနေတဲ့ ကမ္ဘာပြားပြီဆိုတာ
ဒေါင်လိုက်ပြားတာလား
အလျားလိုက် ပြားတာလား” တဲ့ ...
အဲဒီညက
အဖြေလည်းမရ၊ အိပ်မရနဲ့
ကျနော် တညလုံး ဖျားသွားတယ် ။ ။

ကမာပုလဲ
(၁၈၊ ၀၉၊ ၂၀၀၉)

သောမတ်စ်ဖရီးမင်း = Thomas L.Friedman (The world is flat )

မှတ်ချက် ။ ။ သင့်ရဲဘော်ဂျာနယ် - အတွဲ (၃) အမှတ် (၁)၊ သြဂုတ်လ ၂၀၀၉ ခုနှစ်ထုတ်မှ
ဆရာဂါမဏိ၏ “ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ” ဆောင်းပါးကို ထပ်ဆင့်ခံစားသည်။

No comments: