ဖြုဆူးလေး
ဒီလက်မျိုး
ဒီလက်မျိုး
ဖြူဆူးလေးရေ ...
ငါတို့အိပ်မက်တွေက
ဝေးလံခေါင်သီလွန်းလှပါတယ်။
အဖေမရှိတဲ့ အရပ်မှာ
အမေနဲ့ ဝေးကွာလှသူရယ်မို့
ဖြူဆူးလေးလို့ မှည့်လိုက်မိပါတယ်။
ဒီတော့
သမီးရဲ့နာမည်ကလည်း
ဖြူဆူးလေးပေါ့ကွယ်။
ဖြူကောင်လေးတွေဟာ
သူ့ကိုယ်သူကာကွယ်ဖို့
သူ့ရဲ့ကျောပေါ်က
ဖြူဆူးလေးတွေရှိခဲ့တယ်ဆိုရင်
သမီးကလည်း
သမီးကိုယ်သမီးကာကွယ်ဖို့အတွက်
အဖေပေးခဲ့တဲ့ နာမည်က
‘ဖြူဆူးလေး’ တဲ့
ဖြူကောင်ကလေးတွေလိုပဲ
ကာကွယ်ဖို့ အသိရှိဖို့ပေါ့ သမီးရယ် ...။
ငိုမနေပါနဲ့တော့ သမီး ...
ဖြူကောင်တွေဟာ
မျက်ရည်မကျတတ်သလို
သမီးဖြူဆူးလေးလည်း ငိုမနေပါနဲ့တော့။
ပြောသာပြောရတယ်
သမီးဖြူဆူးလေးလည်း
အခု ငိုနိုင်တော့မယ် မထင်ပါဘူး၊
ပြီးတော့
ငိုကို ငိုနိုင်တော့မယ် မထင်ပါဘူး။
လောကဓံဟာ ရန်သူဆိုရင်
ဝိရောဓိဆိုတာကတော့
အဖေ့ရဲ့ မိတ်ဆွေပဲပေါ့ ဖြူဆူးလေး။
ချစ်သူတွေများခဲ့တဲ့ အဖေဟာ
မုန်းသူတွေလည်း ဒုနဲ့ဒေးပါပဲ
ရေတွက်လို့ကို မရနိုင်အောင်ပါပဲကွာ။
ထားတော့သမီးရေ ...
အဖေသိခဲ့တဲ့
ဖြူကောင်လေးတွေဟာ
ကန်ဇွန်းဥနဲ့ သစ်ဥသစ်ဖုကို ကြိုက်သတဲ့ ...
ပိန်းရွက်နဲ့ ပိဒုတ်တွင်းကောင်ကို ကြိုက်သတဲ့
ဖြူဆူးလေးရေ ...
မင်းကျမှ
ဘာဖြစ်လို့များ
ငှက်ဖျားကို ရွေးပြီး ကြိုက်ရသလဲကွယ်။
ဒါဟာ
ဘ၀က မင်းကိုပေးခဲ့တဲ့ အကြီးမားဆုံး အပြစ်တဲ့လား
မဟုတ်ဘူး ...
မဟုတ်ဘူး ...
မဟုတ်ဘူး ...
ရက်စက်မှုကိုက
ငါတို့အပေါ် သရဖူဆောင်းခဲ့တဲ့ခေတ်မှာ
ရောက်ရာအရပ်က
အမျှခေါ်ပါရစေ ဖြူဆူးလေးရေ
သမီး ... ကောင်းရာသုဂတိလားပါစေ ...။ ။
ဒီလက်မျိုး
No comments:
Post a Comment