Wednesday, August 19, 2009

သတင်းမဖြစ်တဲ့ ကဗျာ

သတင်းမဖြစ်တဲ့ ကဗျာ
မင်းဝင့်သူ

ဒီတပွဲကတော့ အတော်လေးသရုပ်ပျက်ခဲ့ရပေါ့
လျှော့ချင်လို့ လျှော့လိုက်ရတာတော့မဟုတ်
မြန်မာ ဒွန်ကွီးဇုတ်** များ အတွက်မှား
တကွက်မှားကျားလို အစားခံရမယ့်ကိန်းက
မလှမပ ရှောင်တိမ်းပြီး
ဝန်ကြီးကို အော်ဒလီ* လုပ်ခိုင်းလိုက်ရ။

မီးစင်ကြည့်ရင်း ကကွက်ပြောင်း
အခြေအနေက သိပ်မကောင်းလှတော့
(ယုံကြမှာမဟုတ်ပေမယ့် ...)
လေပျော့လေးနဲ့ အရှက်ပြေလျှောချ
မိဘမျက်နှာပဲ ထောက်လိုက်ရသယောင်ယောင်
အလျှောက်ကောင်း အထောင်းသက်သာလောက်ရဲ့။

ဒါပေမယ့်
အဲ့ဒီကျားကို
သွားမသနားလိုက်ကြပါနဲ့ဦး
ဘယ်တုန်းကမှ ဥပုသ်မစောင့်တဲ့ ငစဉ်းလဲ
ပြည်သူကို နှိပ်စက်အမြဲ
အကဲစမ်းလာလိမ့်ဦးမယ့် အကောင်ကို
ထောင်ချောက်ထဲဆွဲသွင်း
တင်းကုတ်ထဲမှာ ဘ၀ပြောင်းပစ်ဖို့
ပြင်ဆင်အားထုတ်ကြဖို့အကြောင်း။ ။

မင်းဝင့်သူ

** Don Quixote
* Orderly


(လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အပြစ်ရှာထောင်ဒဏ်ချခဲ့ကြသော စစ်အာဏာရှင်အစိုးရအား
ဒီကဗျာနဲ့ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။)

No comments: