Wednesday, August 5, 2009

ခုတလောများ

ခုတလောများ
သစ်ကောင်းအိမ်

ရှူရှိုက်နေရတဲ့ လေကိုက မှောင်မှောင်မည်းမည်းကြီး ခုတလော
နေ့တွေက ငါ့ကိုနေထိုင်သွားကြတယ် ခုတလော
ညတွေက ငါ့ကို ၀င်အိပ်သွားကြတယ် ခုတလော
ရစ်လုံးတလုံးနဲ့ ချည်နှောင်ရင်း
ကောင်းကင်ထဲ ဆွဲကြိုးချသေသူ စက္ကူစွန်တစင်းရဲ့ဈာပနမှာ
ခုတလော
အာဖရိကတောနက်ထဲ ပဒူတွင်းတက်နင်းမိသလို ခုတလော
မြွေပွေးသိုက်ထဲ လက်နှိုက်ပြီး ချိုးဥပျောက်လိုက်ရှာနေမိတယ်
ခုတလော
ထူးအိမ်သင်ရဲ့ ‘ကြယ်တွေစုံတဲ့ည’ သီချင်းကိုဆိုရင်း မျက်ရည်ကျနေတုန်းပဲလား ရဲကြီးရေ
ခုတလော
ဒေ၀ဒတ်နဲ့ အဇာတသတ် မျိုးစပ်ထားတဲ့ကောင်တွေနဲ့
ခုတလော
ခုတလော ဟိုတလောကနှစ်တွေအတိုင်း ခုတလော
စောစောက မစောတော့ဘူး ပြောပေမယ့်
ငါလား အနှစ်နှစ်ဆယ်ကျော် အကျောပေးထားတာပါကွာလို့
ရယ်ရယ်မောမောနဲ့
စောစောကို အရှက်ပြေပြန်ပြောရဦးတော့မယ့် ခုတလော
ဟိုတလောကနှစ်တွေအတိုင်းပါပဲ ခုတလော ။ ။

သစ်ကောင်းအိမ်
(၄၊ သြဂုတ်လ၊ ၂၀၀၉)

No comments: