Thursday, August 6, 2009

ခုတလော ငါစဉ်းစားနေတာ ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇ ရာပေါင်း (သစ်ကောင်းအိမ်)

ခုတလော ငါစဉ်းစားနေတာ
ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇရာပေါင်း

သစ်ကောင်းအိမ်
(Design-Ko Latt)

ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် …

ထွက်ပြေးခဲ့တယ်
ငါ့ခြေထောက်ကို ထမ်းထားရတဲ့
ငါ့ပြေးလမ်းတွေ တော်တော်မောပမ်းနေမှာပဲ
အားနာတယ် …

ကိုယ်ဖော့ခဲ့တယ်
ငါ့ကျောကို ထမ်းထားရတဲ့ ရေပြင်ကြီး
သူ့ပုခုံး လေးလံနေမှာပဲ
အားနာတယ် …

အာဏာရှင်စနစ်မှာ
ဝရမ်းပြေးဖြစ်ပြီး
အရင်းရှင်စနစ်ထဲမှာ
ငယ်သံပါအောင် အလန်း (alarm) မြည်နေရတဲ့
နာရီတလုံးကို
အားနာတယ် …

အလို …
ခေတ်ကြီးကိုယ်နှိုက်ကိုက
မိန်းမတယောက်ရဲ့ ထမီနား
ခိုစားလို့ပါလား …

ဘ၀ဆိုတာကတော့
အမေရိကားကနေ
သခင်ကိုယ်တော်မှိုင်း ဖြစ်ချင်လို့ မရသလို
ပရိုပိုဆယ် တောအုပ်ထဲမှာလည်း
ချေဂွေဗားရား လုပ်လို့တော့ မရဘူးပေါ့ကွာ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဝိုင်းရံဖို့မပြောနဲ့
အုတ်လမ်းမှတ်တိုင်တောင်
ဘယ်နေရာရှိမှန်းမသိတဲ့ကောင်ပါ ...

ဒီနေ့တော့ …
လူသန်းပေါင်း ခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် ...။ ။

သစ်ကောင်းအိမ်
(၁၂၊ ဇူလိုင်၊ ၀၉)
(မနော်ဟရီရဲ့ ကဗျာပြပွဲမှ ...)

No comments: