Saturday, August 15, 2009

ဂေါပက ဘောမများနှင့် အနာဂတ် မြန်မာပြည်

တုတ်ကြီး (ခေတ္တတာဝတိံသာ)

ကျွန်ုပ်သည် ဆရာတော်ဘုရားကြီး၏ ကျောင်းတော်ဝိဟာရ်မှ အ၀တ်တထည်ကိုယ်တခုဖြင့် ထွက်ခွာလာခဲ့သူ ဖြစ်၏။ ကျွန်ုပ်၏ခရီးမစမီတွင် ဆရာတော်ဘုရားအား ခြေဆုပ်လက်နယ်ပြုပေးပြီးသကာလ ကျွန်ုပ်၏ခရီးလမ်း နှင့်ပတ်သက်ပြီး တင်လျှောက်အသိပေးလိုက်၏။ ဆရာတော်ဘုရားက မည်သည့်စကားတစုံတရာမှ မိန့်ကြား တော်မမူခဲ့။ ထိုညနေခင်း မှောင်ရီဖြိုးဖျတွင် ဆရာတော့်ကို ဦးချဝတ်ပြု၍ တိတ်ဆိတ်စွာပင် ထွက်ခွာလာခဲ့၏။ ကျွန်ုပ်၏ လမ်းခရီးတလျှောက်တွင် မေတ္တသုတ်ကိုရွတ်ဆိုခြင်း၊ မောရသုတ်ကိုရွတ်ဆိုခြင်း၊ ပဌာန်းဒေသနာကြီး အား ရွတ်ဆိုခြင်းဖြင့် လိုရာသို့ ချောမောဆိုက်မြိုက်စွာ ရောက်ရှိလာခဲ့တော့၏။

တောပန်းတောင်ပန်းကလေးများကို ခူးကာ ၀ါးဆစ်ဘူးကလေးထဲတွင်ထည့်လျက် မြတ်စွာဘုရားကိုယ်တော် မြတ်ကြီးအား မနောညွှတ်အရရုံပြုပြီး “ယသာနုဘာဝတော ယက္ခာ ..” အစရှိသဖြင့် ရွတ်ဆိုသရဇ္ဈာယ်ပြီး လင်း အားကြီး မနက်လေးနာရီတွင် ဘုရားဝတ်ပြု၏။
... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ...

ရင်ဘတ်တွင် စွန်းလွန်းဆရာတော်ဘုရားကြီး ဓာတ်ပုံလေးအား ပလတ်စတစ်လောင်းကာ အ၀တ်ကြိုးကလေး ဖြင့် ဆွဲထားသော ကျွန်ုပ်မောင်တုတ်ကြီးသည် ညာဘက်ပုခုံးတွင် လွယ်ထားသော မောင်းပြန်သေနတ်ကြီးဖြင့် တောအလည်တွင် မောတယ် မညည်းနိုင်အား ...။

လှုပ်ရှားစစ်၏ သဘောသဘာဝအတိုင်း နေ့စဉ် စစ်ကြောင်းလျှောက်ရ၏။ ညီရင်းအကိုသဖွယ်ဖြစ်သော ယုံ ကြည်ချက်တူ ဘ၀တူ ဖြူစင်သော ရဲဘော်ရဲဘက်များဖြင့် တသွေးတည်း တသားတည်း လက်ရေတပြင်တည်း ရှင်သန်ခဲ့၏။ တိုက်ပွဲပေါင်းများစွာကိုလည်း အပင်ကောင်းကောင်းနောက်တွင် ပုန်းလျက် ချောင်းကြည့်ခဲ့ဖူး၏။ ခံစစ်ကုန်းတိုက်ပွဲများတွင်လည်း အခြေအနေမကောင်းလျှင် ထပြေးရန်အတွက် အမြဲအသင့်ဖြစ်ခဲ့ဖူး၏။
... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ...

တကယ့်တကယ်တွင်တော့ ...
ကျွန်ုပ်မောင်တုတ်ကြီးသည် ဘုန်းကြီးကျောင်းပညာရေးဖြင့် သင်္ဂြိုဟ်တန်း နှစ်နှစ်ကျလောက်အောင် ညံ့ဖျင်း သော်လည်း ကိုယ့်ကိုယ်ကိုယ်တော့ ဓမ္မကထိကလောက် စိတ်နေမြင့်သူဖြစ်၏။ တိပိဋကဓရ တဦးလောက် လည်း ကုံလကြွယ်ဝသူဟု အထင်ရှိ၏။ အမြဲတမ်း ပြုံးပြုံးကြီးနေကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဖြင့် ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ နှိမ့်ချနားလည်တတ်သောသူဖြစ်၏။
... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ...

ယင်းကဲ့သို့သော တုတ်ကြီးဆိုသည့် ပုဂ္ဂိုလ်သည် အဘယ်အကြောင်းကြောင့်များ ဖရုဿဝါစာ ကြမ်းတမ်းယုတ် ပတ်သော စကားများအား ပြောထွက်ရလေသနည်းဟု ဆရာတော်ဘုရားသာ သိခဲ့လျှင် သံဝေဂဖြင့်သာ ဆင် ခြင် တွေးတောလိမ့်မည်ဖြစ်ပေ၏။

ကျွန်ုပ်တွင် ပုဂ္ဂိုလ်ရေးရန်သူမရှိ၊ အဘယ်ကြောင့်ဆိုသော် ကြောက်တတ်သည့်နေရာတွင် ယုန်ပေါက်စက စိတ် ပျက်ရလောက်သောကြောင့်ဖြစ်၏။ စကားလည်း တနေ့လုံးနေ၍မှ တလုံးမပြောသည့်အတွက် သာလိကာ စိတ် ပျက်ရသော သတ္တ၀ါတကောင်ဖြစ်ပြန်ပေ၏။

၁၉၈၈ ခုနှစ် တွင် ကျွန်ုပ်ဘုန်းကြီးကျောင်းသားကလေး မောင်တုတ်ကြီး၏ နုနယ်ငယ်ရွယ်သော အသည်းဆိုင် ကို မွမွခြေလိုက်သည့်ဖြစ်စဉ်များကြောင့် လူမမယ်မောင်တုတ်ကြီးလေးတယောက် ဆရာတော်ဘုရားနှင့် တော ရကျောင်းကလေးကို လမ်းခွဲ၊ ဆီဦးထောပတ် ခဲဖွယ်ဘောဇဉ်များကို နောက်ချန်ရစ်၊ ခပ်ခွာခွာက တဖက်သတ် ချစ်ရသော ဘုတ်ဆုံကို ပစ်ခွာ၊ ထိုကဲ့သို့သော ဘ၀နှင့်မတန်သည့် စွန့်လွှတ်ခြင်းများအား ကိုယ့်သဘောနှင့် ကိုယ်လက်ခံခဲ့ပြီး မည်သည့်အခါတွင်မှလည်း ငါကတော့ စွန့်လွှတ်လာတာလကွယ့်ဟု လူကြားထဲရောက်တိုင်း ထထ အသံကောင်းမဟစ်။ ကျရာနေရာမှ တာဝန်ပေးရာကို မခိုမကတ်၊ မညည်းမညူဘဲ နေထိုင်လိုက်နာခဲ့ သည့် အညတရ ကလေးတယောက်ဖြစ်ခဲ့၏။

သို့သော် အနှီမောင်တုတ်ကြီးဆိုသည့် လူငယ်ကလေးဘ၀မှလာသည့် ယခုမောင်တုတ်ကြီးသည်ကား အဘယ် အကြောင်းကြောင့် ပီယ၀ါစာစကားများအား မဆိုတတ် မပြောတတ်တော့လောက်အောင် ဖြစ်ရသနည်းဟူမူ ... အကြောင်းရင်းကား ဤသို့တည်း ...
... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ...

အကျဉ်းချုပ်ကာ ပြောရလျှင်ဖြင့် ...

၁၉၉၀ ရွေးကောက်ပွဲ၊ NLD အပြတ်အသတ်နိုင်၏။ အမတ်များ နယ်စပ်ထွက်လာ၏။ ပြည်ထောင်စုအစိုးရဖွဲ့၏။ နှစ်လမကြာခင် ၀န်ကြီးချုပ် ဦးသန်းကြွယ်တယောက် ‘ရွှေတောင်ခြေမှာနေရစ်တော့ ...’ ဆိုသည့် သီချင်းကို ညည်းကာ ပြန်ပြေးတော့၏။ ဒေါက်တာစိန်ဝင်း တက်လာ၏။ အဲသည်တုန်းကတော့ တုတ်ကြီးတို့မှာ အားကိုး လိုက်ရတာ ... မျှော်လင့်လိုက်ရတာပေါ့ ... တို့အစိုးရကြီးပေါ့ ...။

ဥက္ကဌ ရဲဘော်နိုင်အောင်ကလည်း ဇာတိစပြ၏။ ရန်သူကို စိတ်နာအောင်လုပ်နဲ့ ... ဟွန့် ... ဆိုပဲ။

၁၉၉၄ ကာလတွင်ကား များလှစွာသော ကျန်ရှိနေသည့်အဖွဲ့အစည်းများ စစ်အာဏာရှင်နှင့် အပစ်အခတ်ရပ်စဲ ၏။ ၁၉၉၅ နောက်ပိုင်းကာလ မာနယ်ပလောကျ၏။ အဖွဲ့အစည်းအားလုံး ဖရိုဖရဲအဖြစ်ဆုံးထဲတွင် မကဒတ လို ကျောင်းသားအဖွဲ့အစည်းအတွက် အထိအနာဆုံးဖြစ်၏။ ကျန်အဖွဲ့အစည်းများလည်း အထိနာကြသည်မှာ ပြော ဖွယ်မရှိ။ သို့သော် မကဒတ ကို အထိအနာဆုံးဟု ပြောရသည်မှာ မိမိတို့ရှိနေပြီးသော တပ်ရင်းများသည်ကား အပစ်အခတ်ရပ်ဆဲလိုက်ပြီဖြစ်သော တိုင်းရင်းသားတို့၏ နယ်မြေများတွင် လှုပ်ရှားရသောကြောင့်ဖြစ်၏။

၁၉၉၆ ကျောင်းသားများ၏ အရေးတော်ပုံဖြစ်ပေါ်၏။

၁၉၉၈ ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဝကျွန်းပေါ်ခရီးတွင် စစ်အာဏာရှင်က ပိတ်၏။

၂၀၀၃ တွင် ဒီပဲယင်းအရေးအခင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတူပါလာသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်များအား လုပ်ကြံသတ်ဖြတ်မှုဖြစ်၏။

၂၀၀၇ ခုနှစ်တွင် သံဃာတော် အရှင်သူမြတ်တို့၏ ကျက်သရေရှိလှသော ဦးပြည်းစိမ်းများအပေါ် ၀ါးရင်းတုတ် ဆင်းသက်တော်မူ၏။ သံဃာတော်အလောင်းများ ဒေါပုံချောင်း၊ လှိုင်မြစ်ဝတို့တွင် ပေါလောပေါ်၏။ သံဃာ့အာ ဇာနည်တို့အား ထောင်သွင်းအကျဉ်းချ ရိုက်နှက်ကန်ကျောက်၏။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်၏။ လူနှစ်သိန်းကျော် နေ့ချင်းညချင်းသေဆုံးခဲ့သည်မှာ နတ်စိမ်းလောကတွင် ရှန်ပန်းနီပင် ဈေးဆယ်ဆ ခုန်တက်သွားသဖြင့် မနှဲလေးတို့ အထည်ဆိုင် အင်မတန်အလုပ်ဖြစ်သွား၏။

ထို ၂၀၀၈ နာဂစ်မုန်တိုင်းကာလကြီးတွင်ပင် နအဖစစ်အာဏာရှင်က နိုင်ငံတကာအကူအညီများအား လက်မခံ ရုံမက ရလာသောအလှူများကို သူတို့အမည်သညာကပ်ကာ ပဏ္ဏာဝင်ယူသေး၏။ ထို့နောက် ယင်းတို့ရေးဆွဲ ထားသော တဖက်သတ် လမ်းပြမြေပုံနှင့် အခြေခံဥပဒေကို လိမ်ညာအတည်ပြုခဲ့၏။ ယခုတဖန် ယက်တောဆို သည့် ပုဂ္ဂိုလ်ကိုအကြောင်းပြ၍ မတရားဖမ်းဆီး အနိုင်ကျင့်ချုပ်နှောင်ထားခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်း၏။ တရားစွဲ၏။ ထပ်မံ၍ မတရားစီရင်ချက်ချရုံမက “ဘ ... က တူမကြီးကို တနားယို့” ဆိုသော အထာဖြင့် အရှက်မရှိ လုပ်ပြန်၏။

ဒီကြားထဲ ရှစ်လေးလုံးနှစ်ပတ်လည်တွင် ဂျကာတာညီလာခံကြီးဆိုသည့် စာတမ်းများထွက်လာရုံမက ထိုအဖွဲ့ က ကိုမောင်မောင်တို့ ရေဒီယိုတွင် NCUB ကို ကိုယ်စားပြုကာ အင်တာဗျူးသွား၏။
... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ...

ကုလသမဂ္ဂမှ မြန်မာစစ်အာဏာရှင်အား ထိုင်ခုံသိမ်းရေးတုန်းက လေသံကတမျိုး၊ ခုကျတော့တမျိုး။ ပြော သည့်စကားများက NCUB ကို ကိုယ်စားပြုသောသူတယောက်၏ တရားဝင် ပြောစကားများဖြစ်ပေ၏။ NCUB ဆိုသည့် အဖွဲ့ထဲတွင်ပါသော အဖွဲ့အစည်းများအား ပြန်လည်လေ့လာပါ။ ကျောင်းသားတပ်မတော်ကအစ ပါဝင် နေသည်ဖြစ်၏။ ထိုကျောင်းသားတပ်မတော်၏ လက်ရှိဥက္ကဌ ရဲဘော်သံခဲတို့နှင့် လက်ရှိဗဟိုဦးဆောင်ကော်မ တီက ထိုကိစ္စအား သဘောတူပါသလား။ ကိုမောင်မောင်နှင့် ထပ်တူသဘောထားရှိပါသလား။ ဖထီးတို့ အဖူး တို့၏ ကရင့်တော်လှန်ရေးကရော ... ထိုကိစ္စတွင် သဘောတူညီမှုရှိပါသလား။
... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ...

ဒပ်ဗလင်ညီလာခံဆိုသည့် ညွန့်ပေါင်းအစိုးရ၏ ညီလာခံသို့ အဖွဲ့အစည်းများစွာ တက်ရောက်ကြ၏။ ထိုတက် ရောက်ခဲ့သော ကာယကံရှင်တို့ ကိုယ့်ကိုယ်ကိုယ်သိကြမည်ဖြစ်၏။ ထိုသူများကရော တသဘောတည်း ရှိပါသ လား။ ရှိလျှင်တော့ မည်သည့်တုန့်ပြန်မှုမှ ထွက်လာမည်မဟုတ်။ ဒီတော့ ယခုကိစ္စတွင် ကျွန်ုပ်တုတ်ကြီး ဆဲခဲ့ ခြင်းသည်ကား ရိုင်းပြသည်မှန်သော်ငြား နည်းပါသေး၏။

ဘာကြောင့်ဆဲသနည်း။ သေသေချာချာ political development life cycle, trending, probability, scope, hypothesis များဖြင့် ရှင်းလင်းဆွေးနွေးရင်ရော မဖြစ်နိုင်ဘူးလား ... ဟု မေးစရာရှိ၏။

ထိုကဲ့သို့ ကျွန်ုပ်က ကျကျနန data, graph, time line များနှင့် ဆွေးနွေးလာလျှင်လည်း ထိုသူများက သူတို့၏ လက်ကိုင်ဘုတ်အုပ်တော်ကြီးများဖြင့် လိုချင်သော အပိုင်းအစကလေးများအား ဖြတ်ညှပ်ကပ်ကာ မခိုင်လုံ သောဆင်ခြေများဖြင့်သာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးပြဿနာကို capitalize လုပ်ဦးမည်ဖြစ်၏။ စား တော့၊ နေတော့၊ တိုင်းရင်းသားများ ကျွေးတာ၊ ပေးတာဖြင့် ... ပြီးတော့ တိုင်းရင်းသားများနှင့် အဖိနှိပ်ခံပြည် သူလူထုအား နားလှည့်ပါးရိုက်ကာ အသံကောင်းဟစ်ရင်း ဒီမိုကရေစီအရေးတော်ပုံကို နောက်ကျောဓားနဲ့ထိုးဖို့ ကြံ၏။ ဒေါ်အောင်ဆန်းစုကြည်ပြောသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ (ဦး)မောင်မောင်တို့ (ဦး)စိန်ဝင်းတို့ လုပ်မည့် လုပ်ဟန်မဟုတ်။ အနှစ်သာရမဟုတ်။ ချဉ်းကပ်နည်းမဟုတ်။

သိက္ခာရှိ၊ တရားမျှတ၊ ယုံကြည်မှုပြည့်ဝ၊ ခွင့်လွှတ်နားလည် နွေးထွေးမှုရှိသော စစ်မှန်သည့်အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်၏။

အခွင့်အရေးသမားများ၊ မျက်နှာဖြူကြီးများ၏ အလိုတော်အရ ကပြနေကြသော၊ proposal politics ဖြင့် စိုပြေ ကြွယ်ဝနေသော လက်တဆုပ်လောက်ရှိသည့် လူတွင်ကျယ်များက ယခုကာလကဲ့သို့ တိုင်းပြည်နှင့်လူမျိုး၊ အ နာဂတ်မြန်မာနိုင်ငံလုံးဆိုင်ရာ တပ်မတော်နှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ထည့်တွက်မှုပင် အရင်းခံ အရ လုံးဝမရှိသည့် ကုလားထိုင်မျှထိုင်ရေးကိစ္စရပ်အား သြဘာပေးရမည်ဆိုလျှင်တော့ ကျန်ရှိနေသေးသည့် အဖွဲ့အစည်းများ ကိုယ်စီဖွဲ့ထားကာ နောက်လိုက်ကိုယ်စီဖြင့် အမုန်းမခံလိုသည့် ဂေါပကများအနေဖြင့်သာ သြ ဘာပေး အမြီးနှန့်ကာ လက်ဝါးချင်းရိုက်ကြပါဟု ထပ်မံအသိပေးလိုက်ပါ၏။

လာပါဦးမည် အမေရိကန်လွှတ်တော်အမတ်နှင့် တွေ့ ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်သည့် သတင်းများ ...။ သို့ သော် ထိုသတင်းများ၏ နောက်ကွယ်တွင် မြောက်ကိုရီးယားနှင့်ပတ်သက်သော ဆွေးနွေးအပေးအယူပြုမှုများ နှင့်အတူ လူလည်ဝင်ကျလိုသော အမေရိကန်နှင့် အမေရိကန်ကိုအသုံးချကာ အမြတ်ယူလိုသော စစ်အာဏာ ရှင်တို့၏ လက်ဝါးချင်းရိုက်မှုအားလည်း မြင်ယောင်နေပါ၏။

နိဂုံးချုပ်က တိုင်းပြည်အတွက်ကောင်းပါမည်လား။ မကောင်းနိုင်ပါ။ ထို့ပြင် မြောက်ပိုင်းမှ အဖွဲ့အစည်းများက စစ်ရေးမဟာမိတ်ပြုပြီးလေပြီ။ ယခုတခါ ပြည်တွင်းစစ်ကို တခွင်တပြင် ပြန်စလျှင်တော့ နအဖအနေဖြင့် ခံနိုင် ဖွယ်မရှိ။ ပြည်တွင်း ပြည်သူလူထု၏ မေတ္တာတော်နှင့် စောင့်ကြည့်နေမှုက တဖက်၊ အင်အားကောင်းကာ မိမိ နယ်မြေမိမိကာကွယ်သော တရားသောစစ်ကို ဆင်နွှဲမည့် တိုင်းရင်းသားများက တဖက်ဖြင့် ...

ထိုအခါ ရင်ကြားစေ့ချင်သောသူများ ထပ်မံကာအချိုးပြောင်း၍ ပုဆိုးရောင်းကြဦးမည်ဖြစ်ပေ၏။ ရှက်ဖွယ်လိလိ ပါတကား ဟရို့ ... ဟုသာ ကျွန်ုပ်မောင်တုတ်ကြီးတယောက် လေပြေကလေးနှင့် ဖရုဿဝါစာ မဆဲဆိုပဲ ညည်း လိုက်ပါဦးမည်ခင်ဗျား ...

မတော် ဂေါပကများ ၀တ်ဖြူစင်ကြယ်ထဲ ကျင်ငယ်ထွက်မတတ် မျက်လုံးပြူး မျက်ဆံပြူးကုန်ကြလျှင် ...
ထိုနည်းလည်းကောင်း ... အမိမြန်မာနိုင်ငံတော်ကြီး မြန်မြန်ထွန်းကား တိုးတက်လာပေတော့မည်ကို အဆင် သင့်မဖြစ်ကြသေးသောသူများကလည်း မသဒ္ဓါရေစာများ နင်သွားနိုင်ပေသေးသကိုး။

စကားမစပ် ကျွန်ုပ်တွေးမိသည်မှာကား ... အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ ယခုကာလတွင်တော့ အမျိုး သမီးရင်ကြားစေ့ရေးလောက် ရင်ခုန်ဖွယ်တော့ကောင်းမည်မဟုတ်။ မြင်ယောင်ကြည့်လိုက်ပါဦး ... ဘဘသန်း တို့က တဖက်၊ ကိုမောင်မောင်တို့က တဖက်၊ ခန်းမကြီးတခုထဲတွင် တန်းစီကာ မျက်နှာချင်းဆိုင် ရင်ကြားတွေ စေ့နေကြရင်ဖြင့် ...။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

3 comments:

ကိုပေါ said...

ဂွတ်ဒ်တယ်ဗျိုး။

Kane said...
This comment has been removed by the author.
Kane said...

Mr Tote Kyee,
Recently at the former Philippine president Aquino's State Funeral a Philippine novelist said something invaluable. Perhaps u might've read it. He said they thought it was over after the removal of former disgraced president Ferdinand Marcos in 1986 uprising but about 13 years later they were totally wrong with their opinion and said the problem is they Philippine , themselves.
We can check the history of Pre and Post British colonial era. Mostly we can't find a prosperous nation there but found out bloodshed and poverty in those periods. The Burmese have been being good at Jealousy & Butchers' work to destroy other Burmese people's lives and wealth.
The Burmese will never have Peace & Prosperity in Burma but they can't have it in other democratic nations as Burmese people are merely minority ethnics and can't influence the majority and politics there. Our problem is the majority of the Burmese is selfish, cruel, arrogant, power-craving and money-oriented. They don't have loving-kindness unlike people of Thailand.
When Power and Money comes into the hearts of the Burmese, they don't even bother to kill their fathers. That's the problem. Burmese Genes & Mindset, Culture & Traditions themselves are the problems of their permanent misery. (Good minority of Burmese can't influence that of Evil majority). The Burmese can only have peace and prosperity that they desperately desire in Democratic Nations like EU nations, Aussie, NZ,Canada and United States. (Asian Democratic nations are not smart choices as the Burmese will face stronger discrimination. Asians are more selfish than the West which u can see currently who is screwing Burma.) Any Burmese who wants peace and prosperity must leave Evil-Infested land of Disasters known as Burma. No one can or will save Burma. Whoever comes in Power will continue screwing the Burmese as it is their obligation. Evil Genes & Mindset, Evil Culture & Traditions and Evil Practice of their State Religion are bringing them towards hell alive. But the Burmese do not realize what they are doing as well as where they are going..
(Suggestion: Abandon the Land of Evil..or bear the painful misery..it's all yours. If anyone thinks Burma is the Golden Land, just carry on..it's all yours. God may bless more for the people outside Burma rather than for those inside Burma.)