Saturday, August 15, 2009

နှစ်ပေါင်း ... ခုနှစ်ဆယ်

နှစ်ပေါင်း … ခုနှစ်ဆယ်
ကမာပုလဲ

ရုပ်ရှင်မင်းသားကြီး
ကိုဇော်ဝမ်း သေတယ်ကြားတော့
သူဆိုခဲ့တဲ့ ‘ကျောက်ခဲ’ သီချင်းကို သတိရလာတယ် …
တဆက်တည်းမှာ
ဒါရိုက်တာ ရှုမ၀ဦးကျော်ကို သတိရလာတယ်
ရှုမ၀ဦးကျော်ကနေ ရှုမ၀မဂ္ဂဇင်း
ရှုမ၀မဂ္ဂဇင်းကနေ ဦးလေးဗန်းမော်တင်အောင်
ဗန်းမော်တင်အောင်ကနေ ဒဂုန်တာရာ
ဒဂုန်တာရာကနေ ရေကျော်လမ်း
ရေကျော်လမ်းကနေ ကိုဗဟိန်း
ကိုဗဟိန်းကနေ ကိုအောင်ဆန်း
ကိုအောင်ဆန်းကနေ …
လွန်ခဲ့သော နှစ်ပေါင်းခုနှစ်ဆယ် …။

ကြာခဲ့ပြီ …
လွန်ခဲ့သော …
လူများ
သက္ကရာဇ်များ
အဖြစ်အပျက်များ …။

ကြာခဲ့ပြီ …
ဘ၀များ …
မျက်ရည်များ …
သွေးစက်များ …
သမိုင်းဂုဏ်ရောင် ထွန်းပြောင်ခဲ့တဲ့
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ …။

နှစ်ပေါင်း ခုနှစ်ဆယ်တဲ့
အဲဒီအချိန်တုန်းက …
ငါမမွေးသေးပေမယ့်
သမိုင်းက မွေးခဲ့တယ်။

နှစ်ပေါင်း ခုနှစ်ဆယ်တဲ့
မနေ့တနေ့ကလိုပါပဲ …။

နှစ်ပေါင်း ခုနှစ်ဆယ်တဲ့
အဲဒီ တိုက်ပွဲဝင်နှင်းဆီခင်းဟာ
ယနေ့အထိ
ကြီးမြတ်သော ဂုဏ်သိက္ခာတရားတွေနဲ့
မွေးရီသင်းပျံ့နေဆဲကို …။ ။

ကမာပုလဲ (၁၅၊ ၀၈၊ ၂၀၀၉)

No comments: