ကျော်စံကေးတွေ ပိုင်တဲ့မြေ
ကိုမွှေး
ကိုမွှေး
သမ္မာအာဇီဝကျကျ လုပ်စားဖို့လိုသကွ
သူခိုးက တည်တည်တန့်တန့် တိုက်ပုံတောင့်တောင့်ထဲ
လက်နှစ်ဖက်နှိုက်ရင်း ဗိုလ်အောင်ဒင်လိုအိုက်တင်နဲ့ သြ၀ါဒခြွေတယ် …
လေလည်တယ် …
ခေါင်းကိုမော့ပြီး အသက်အောင့်တယ် …
ပြီးတော့ ကြီးကြီးကျယ်ကျယ် စဉ်းစားသေးတယ် …
သူ့လေလည်သံဟာ ဂီတသင်္ကေတ နရီစည်းချက်တွေနဲ့ဆိုရင်ဖြင့်
ဆက်ဆိုဖုန်းနဲ့ မှုတ်တဲ့အသံဆို ဘယ်လို
ချယ်လို ဘေ့စ် တယောကြီးနဲ့ဆိုရင်ဖြင့် ဘယ်ပုံ
မသဒ္ဓါရေစာတွေစားထားတဲ့ သူ့ဖင်ကြားတုန်သွားပုံကို
ဗီသိုဘင်ရဲ့ ဂီတသံလိုမျိုး ခမ်းနားသယောင်နဲ့
ဇာချဲ့တွေးလိုက်သေးတယ်။
ဒီငနဲက
အရိုးအဆစ်က သူခိုးဖြစ်စ
အမျိုးချစ်ပြနေတဲ့ သူခိုးပေါက်စပေါ့
အဖြူအစိမ်းနဲ့ လူပိန်းယောင်ဆောင်ထားတဲ့ကောင်ပေါ့ …။
အဲဒီသူခိုးပေါက်စက
သူ့မေးကိုငေါ့ပြီး
ဓားပြဖြစ်မှ ဘ၀သစ်စနိုင်တဲ့ မာဇဒါဂျစ်ပေါ်က ကောင်ကို
မျက်နှာချိုသွေးရင်း
တမျှော်တခေါ် လယ်ကွင်းကြီး လက်ညှိုးထိုးလို့
တက်တက်ကြွကြွပဲ နိုင်ငံတော်သီချင်း တပိုင်းတစကို စဟဲတော့တယ် …
“ဒါ တို့ မြေ … ဒါ တို့ မြေ … တို့ပိုင်တဲ့မြေ” တဲ့ …။
ဓားပြဟာ ဘ၀မှာ တခါမှ လူရိုသေရှင်ရိုသေ ခံခဲ့ဖူးပုံမရဘူး
ဒီကောင်ဟာ သူ့ကိုလူတွေ ဆလံပေးရင် အားကြီးသဘောခွေ့တယ်
ပြီးတော့ အားကြီးလည်း ဆလံပေးချင်တဲ့ ကောင်ပေါ့။
ဒီကောင်ဟာ သက်ကြီးဝါကြီး ဓားပြနဲ့ သူခိုး စပ်ကျထားတဲ့ ကောင်ကြီးတွေကိုဆို
အတိအကျ ပြေးပြေးပြီး ဆလံပေးရတာ
စိတ်မျက်စိနဲ့ ခင်ဗျားက ကြည့်တတ်မယ်ဆိုရင်
အမြီးလေးတောင် နှန့်နေသေးတာတွေ့ရမယ် …။
အဲဒီမှာ ဘယ်မသာမှ ၀င်မပူးထားတဲ့ ကားပေါ့
အဲဒီကားကိစ္စက စိတ်ချလက်ချ ပြောလို့ရတဲ့အရာဖြစ်လို့ ပြောဦးမယ် …။
အဲဒီ မာဇဒါဂျစ်ပေါ့ …
မာဇဒါဂျစ်ဟာ အဲဒီဓားပြကို တချိန်မှာ လက်ရဖမ်းပေးမယ်လို့
သူ့ဟာသူ သစ္စာတွေပြုပြုနေရင်း
သက်ပြင်းတွေ အိတ်ဇောပိုက်အပြည့် မှုတ်မှုတ်ထုတ်လို့
သူ့အရှက်သူ မီးခိုးတွေနဲ့ ဖုံးဖုံးပြီး ကိုယ်တုံးလုံး ပြေးနေရတယ် …။
ပြေးတာမှ ကိုယ့်လူရေ …
ဝှစ်ကနဲ ၀ှစ်ကနဲ ပုပ္ပါးတောင်က ဗျတ္တများ ၀င်စားသလားမှတ်ရ
တကယ့်တကယ်က အဲဒီ မာဇဒါဂျစ်ခမျာမှာ ရှက်ရှာလွန်းလို့တဲ့ဗျို့ …။
မဆီမဆိုင်ပေါ့ …
ဗျတ္တဟာ ခုခေတ်ထိသာ ရှိနေမယ်ဆိုရင်
အင်တာနက်ကို တော်တော်စိတ်နာမယ် …
လမ်းတ၀က်မှာတောင် မနားတဲ့ သူ့ရဲ့ ပန်းဆက်သမား အလုပ်ကလေး
အာမခံမဲ့ရတဲ့ အဖြစ်ကြောင့်တဲ့ဗျာ … …။
ဒါပေမယ့် ဗျတ္တ စိတ်နာမှုဟာ မှားပြန်သဗျ …။
အဲဒီမှာ ကျုပ်က ထပြီး အပိုင်ပြောပစ်လိုက်တယ်
ချဲထွက်သွားမှ ပြန်တွက်ပြလိုက်ရင်း
တဟင်းဟင်းနဲ့ တွေ့လားကွဆိုတဲ့ ဟန်နဲ့ပေါ့ …။
ဟေ့ … ဗျတ္တ … ခင်ဗျားက မြန်မာပြည်မှာ နတ်ဖြစ်ပြီး
ကမ္ဘာကြီးရဲ့ အလျဉ်နှုန်းကို တွေးပူနေသေးတယ်ဗျာ
အင်တာနက်ဆိုတာ ကျုပ်တို့တိုင်းပြည်မတော့
ခြင်ပါတက်ပြီး ဘူတာစဉ်လိုက်လို့ရသေးသဗျာ …
ဆိုက်ကားနဲ့ နင်လား ငါလား
ယောင်ဝါးဝါးနဲ့ စိတ်မနာပါနဲ့ဗျလို့ ပြောပစ်လိုက်တယ်
အင်း … အဲသလို ပြောပစ်လိုက်တယ် …။
အရာအားလုံးကို ရပ်ကွက်ကင်းတဲမှာ
ညဦးဆို သီချင်းဟဲဟဲပြနေတဲ့ ကောင်တစုက
ရွရွလေး ထကြည့်တယ်။
သူတို့က သူခိုးကို သူခိုးမရှိရင် မဖြစ်ဘူးဆိုတဲ့အကြောင်း
ကောင်းကောင်းကို အကိုးအကားတွေနဲ့
ထောပနာပြုတယ် …။
နောက်တခါ …
ဓားပြသာမရှိရင် ရပ်ရွာလုံခြုံရေးအတွက် ရင်လေးရမယ်ဆိုတဲ့အကြောင်း
ဓားပြနေရာမှာ အစားထိုးဖို့ သူခိုးသာရှိတဲ့အကြောင်း ရှင်းပြတယ်
သူခိုးကလည်း ဒါကိုမကြည်ဘူး … ဒါပေသည့် သူခိုးကလည်း ဓားပြမှမဟုတ်ဘဲကိုး
ဒီတော့ ရှိုးတိုးရှန့်တန့်ကလည်းဖြစ်
ကင်းတဲက ကောင်တွေကလည်း အပြောကကောင်း
အကိုးအကားကလည်း ဆိုကရေးတီး ဆိုတာကြီးကလည်းပါ
ကဇော့ခါးသီးဆိုတာကြီးကလည်းပါ ဆိုတော့ကာ
ဟုတ်မှာပါလေလို့ အသာမှင်ကလေးနဲ့ အထင်သေးခံရမှာစိုးတဲ့ စိတ်မလုံ့တလုံနဲ့
တိတ်တိတ်ကလေးကို
ပုံကျပန်းကျ နားထောင်နေတာဗျား …။
ဟိုကောင်တွေကလည်း
သေနေတဲ့ ပလေတိုကို
မြွေလို လည်ပင်းမှာ အပြတ်ကို ပတ်ပစ်လိုက်တယ်
သြဇာတိက္ကမတွေ နာဂစ်လောက် ပြင်းထန်ကြီးမားတဲ့ ဓားပြကြီးတွေကို
နှမရော အမေရော အပြီးပေးပြီး ခရီးကြုံလေး လိုက်ခွင့်တောင်းတော့တာပေါ့။
မလှမ်းမကမ်းမှာ
ထူတဲ့ တုံးတဲ့ မအူမလည်နိုင်တဲ့နေရာမှာ ဂျောင်းဂျောင်းပြေးနေတဲ့
အဘိုးကြီးတစုကလည်း ခေါင်းပေါင်းလေးတွေ တလှုပ်လှုပ်
ကုတ်ချောင်းကုတ်ချောင်းနဲ့ အထုပ်ဟောင်းကိုဖြေဖို့ 
ဝေ့လည်ဝေ့လည် လုပ်နေသေးတယ် …။
အဲဒီအထုပ်ထဲမှာ အာလာဒင်ရဲ့မီးခွက်က ကျိန်းသေရှိတယ်
အဲဒီအာလာဒင်မီးခွက်ထဲမှာ
အမြီးတက်နင်းခံထားရတဲ့ ဘီလူးကြီးတကောင်ကလည်း ရှိသေးတယ်။
အဲဒီဘီလူးဟာ ချူသံပါအောင်ငိုရင်း နောက်များမတော့
ငါ့ကို … အဲဒီငါ့ကိုလို့ပြောတာ အက်ကွဲကွဲအသံနဲ့နော် …
ငါ့ကို … တရုတ်ပြည်က
ပရုတ်ဆီပုလင်းထဲပဲ ထည့်လိုက်ပါလို့ စိန်အောင်မင်းလိုလို
ရွှေမန်းတင်မောင်လိုလိုနဲ့ တအီအီ ငိုတာများ …
ပတ်မတောင် လိုက်ခွံ့လို့မနိုင်ဘူး
ဆိုင်းဆရာ ငိုင်ပေါက်ပေါ့။
ဒီဘက်မှာက အဆီတက်နေတဲ့ လည်ကုပ်တွေနဲ့
တကယ်အလုပ်လုပ်ပြနေတဲ့ ဆရာတွေရှိသေးတယ်
ဒီလူတွေလည်း အားကြီးငြင်းတယ် …
အသားကုန်ငြင်းတယ် …
ငြင်းတယ်ဆိုတာ ဘယ်လိုငြင်းရတယ်ဆိုတာ ငြင်းတယ် …
ပြည်သူနဲ့ ခေတ္တရာသူ မတူပုံကိုလည်း ငြင်းတယ်။
ငြင်းတာမှ … ပုလင်းဆိုတာ အရက်ထည့်ဖို့လား
ဘီယာထည့်ဖို့လား ဆိုတဲ့ကိစ္စကိုတောင် ကျမ်းကိုးကျမ်းကားနဲ့
အမြည်းများများစားရင်းကို
ပေါ့ပေါ့ပါးပါး ကွန်ပျူတာ စက်ပြားပြားတွေ ရှေ့ချပြီးတော့ကို ငြင်းတာ
ပြီးတော့ အားလုံး တညီတညာတည်း အတည်ပြုတယ် …
ဆက်ငြင်းရမယ်လို့  ပါးကြီးတွေကို ဖောင်းနေတာပဲဗျား …။
ဖန်လုံကန်ထဲက ရွှေငါးကြီးတွေလိုပေါ့
စားမရ … သုံးမရ … အလှကြည့်ထားဖို့အရေး
အောက်ဆီဂျင်ပေး … ရေပူရေအေးညှိ အစာတွေကျွေးလို့
သန်မာထွားကြိုင်း မောက်မာနေတဲ့ ရွှေငါးကြီးတွေလိုပေါ့ …။
လူစုလိုက်ရင် မြေ၀ိုင်းခြင်းတပွဲတောင်
ဖြစ်မြောက်အောင် ခတ်လို့မရတဲ့ ကျစ်လျစ်မှုနဲ့
ပဒေသရာဇာ နောက်ပေါက်တွေက
ရှောက်သီးဆေးပြား လှည့်ရောင်းရင်း
သူတို့ကများ တို့ရဲ့ပါ့တနာပေါ့ … ပါ့တနာပေါ့လို့
မခို့တရို့ လှည့်လှည့်ပြောရတာကလည်း အမော …။
အဲဒီမှာ အားလုံးသော သူခိုး ဓားပြနဲ့ ဒီဘက်က အာစရိယတွေ
အတိအကျတူတဲ့ အချက်ကတော့
သူတို့အားလုံးဟာ နိုင်ငံတော်သီချင်းဆိုတဲ့နေရာမှာ
တထေရာတည်း ခွဲမရအောင် တူကြသဗျာ …
“ဒါ တို့ မြေ … ဒါ တို့ မြေ … တို့ ပိုင်တဲ့မြေ” ဆိုပြီး
အားမာန်အပြည့် မိုးလုံးဟည်းအောင်ကို ဖင်ကုန်းအော်တာပဲဗျာ
ကြာပေါ့ … လာမမေးနဲ့ အော်နေတာကြာပေါ့ …။
ဒီအချိန်မှာ
လယ်ကန်သင်းက ကျော်စံကေး ဖားတကောင်ဟာ
နွားလေးပေါင်ပြီး နယ်စပ်ကူးမယ့်
မြေမဲ့သွားတဲ့ လယ်သမားတွေရဲ့ အထုပ်ဟောင်းထဲကို
ပလုတ်ပလောင်းခဲလာတဲ့ ပုရစ်ကလေး မျိုချရင်း ခုန်ဝင်သွားတော့တာပေါ့
ပြီးတော့ အဲဒီဖားကတောင်မှ
“ဒါ တို့ မြေ … ဒါ တို့ မြေ … တို့ ပိုင်တဲ့မြေ” လို့ ထအော်သေးသဗျား …။
တကယ်ကိုပဲ ကျုပ်တို့မြေဟာ ကျော်စံကေးတွေ ပိုင်တဲ့မြေ ဖြစ်သွားခဲ့တာ
သိပ်ကြာပေါ့ မိတ်ဆွေရေ …။ ။
ကိုမွှေး
4 comments:
ကောင်းတယ် ကို မွှေး။ မျက်စိထဲမှာကို မြင်သွားတယ်၊
ရှယ်ပဲ။
ဘယ်လိုညွှန်းရမလဲ၊ အရမ်းအရမ်းထိမိတယ်၊
ဒီကဗျာကို သူခိုး၊ဒမြ ဖြစ်နေသူတွေကော၊ အကြိုဖြစ်ချင်နေသူတွေကော၊ စားဖါးလေးတွေကော၊
ပါးဖေါင်း ဂုတ်တို၊ ဘီယာ အရက်ဆို ပီပါမလောက်အောင် ထွေကာမမှောက်မချင်း နိုင်ငံတော်သီချင်းတွေ ဟစ်လို့၊ ပြောင်းလဲရမယ်ဆိုပြီး၊ အငြင်းအခုံ အတင်းအစုံကို လက်တွဲညီညာ လုပ်ဆောင်နေကြသော ပြည်ပမှ အတိုက်အခံ အဓိပတိကြီးများနှင့် မထိတထိလေးများကော၊
အခွင့်အရေးအတွက်ဆို(ပြည်ပတွင်နေထိုင်ခွင့်တခုအတွက်)
လိမ်ညာကြရင်း စားဖားတသင်း အချောင်သမား လူ့မသူတော် အဆင်းရှိကြလျက် နေကြသူများပါမကျန် ဖတ်မိ၊ စဉ်းစားမိကြနိုင်စေ၊ (ကျွန်ူပ် ကိုယ်တိုင်ပါ ဆင်ခြင်စဉ်းစားရင်း)
ကိုမွေး က ဘိုကလေးသားလား ပေါင်းတည်းသားလား သိပါရစေ
An incredible poem! The poet weaves satire and realism in mastered rythm. His Burmese vocab is extraordinary. I hope he would be rewarded one day with some kind of literary award for this poem. Thank you Ko M.
Post a Comment