Friday, July 24, 2009
အဝေးကွင်းများ
ပြေးစရာ မြေမရှိတော့ရင်
လိုဏ်ခေါင်းတူး …
ပျံလို့မရရင်
စုန်းမလို ထမီခြုံ
လင်းတဖြစ်တဲ့အခါ
ကိုယ်လိုရာကို ပြန်လေတော့။
ဆန်မှဖြစ်မယ့် ယာဉ်ကြောပေါ်
လူဆန်ချင်တဲ့ကောင် ဆန်လိုက်
ညအဆန်ရထားကြီးနဲ့ပဲဖြစ်ဖြစ်
အညာဆန်သင်္ဘောကြီးနဲ့ပဲဖြစ်ဖြစ်။
မိဘမေတ္တာဆိုတာလည်း ငွေကြေးနဲ့ဖော်ပြမှ ရမယ့်အရာ
ကျည်ဆံဆိုတာလည်း ပိုက်ဆံနဲ့ဝယ်မှ ရတဲ့အရာ
အချစ်ကို သက်သေပြဖို့
ဘဏ်စာရင်း အရင်ပြေးဖွင့်ဦး
ပြဲနေတဲ့ အိုဇုန်းလွှာအောက်မှာ
အသည်းတွေ လာပြဲပြမနေနဲ့
တဟားဟား ထိုင်ငိုပစ်လိုက်မတဲ့
ကိုယ့်ဆီတ၀င်းဝင်း သဲတရှပ်ရှပ်ကလေးက။
ဒါနဲ့ စကားမစပ်
သွေးစုနာပေါက်နေလို့ ကိုယ့်ဝန်ရိုးပေါ်ကိုယ်တောင်
ဖင်တခြမ်းပဲ ခုထိုင်ထားနိုင်တဲ့ ကမ္ဘာကြီးမှာ
နျူကလီးယားကရော
ဘယ်သူ့မယားပါသားလဲ။
သားတရားစီရင်ခန်းမှာ
ဘီလူးမယူနိုက်တက်အသင်းရဲ့
တိုက်စစ်မှုးဟာ မဟော်သဓာ
ဘာမှတ်နေလဲ သေနတ်ဆိုတာ
နတ်တွေတောင် သေတတ်တဲ့အရာ
ဗိုလ်ရှုခံသဘင်မှာ
လောကပါလ နတ်မင်းအပေါင်းတို့လည်း
သတိဆွဲ စစ်ပုလိပ်လျှောက်နေရ။
ဂျက်အင်ဂျင်မဟုတ်ရင်
ကောင်းကင်ကဆင်း
ပြိုင်ကားတစင်းမဟုတ်ခဲ့ရင်တော့
ကိုယ့်ကိုယ်ကို လမ်းဘေးချရပ်ထား။
ခုလာတော့မယ့် ဘောလုံးရာသီ
ကလပ်အသင်း အရွှေ့အပြောင်းမှာ
ကိုယ့်ကိုယ်ကိုပေးရမယ့် ပြောင်းရွှေ့ကြေး
ကြေးကြီးတယ် ။ ။
သစ်ကောင်းအိမ်
(၂၂-ဇူလိုင်-၂၀၀၉)
Subscribe to:
Post Comments (Atom)
1 comment:
လူ့လောကမှာ
မကြာမှန်းသိနေပေမယ့်
ထင်ရာစိုင်းဇွတ်လုပ်
တိုင်းပြည်ကို.....
ဂုတ်သွေးစုပ်ချင်သေးတယ်။
အသာစီးရ...ခဏပေါ့
ဒါ...ငါတို့ပြည်
ငါတို့အိမ်ကွင်း
နအဖအတွက်
သေတွင်းဖြစ်တယ်...။
Post a Comment