Sunday, July 12, 2009

အစ်မတယောက်ဆီသို့ ရေးသောမှတ်တမ်း (သို့မဟုတ်) သေတမ်းကဗျာ

အစ်မတယောက်ဆီသို့ ရေးသောမှတ်တမ်း
( သို့ မ ဟု တ် )
သေတမ်းကဗျာ
ဒီလက်မျိုး

တိတ်တိတ်ကလေးပါပဲ
ငါလွမ်းနေခဲ့တာ ...။

ပျော်ရွှင်စရာဆိုလို့
မြူမှုန်တစတောင်မရှိတဲ့ဘ၀မှာ
စိတ်ဓာတ်ကျလာတယ်
နိုင်ငံရေးကျလာတယ်
လူမှုရေးကျလာတယ်
ကိုယ့်မယားက ကိုယ့်ကိုယုံကြည်မှုနည်းလာတယ်
ပြီးတော့ ...
အရက်နာကျတယ်
ဘ၀နာကျတယ်
အချစ်နာလည်းကျခဲ့ပါတယ်။

အစ်မစမ်းစမ်းမော်ရေ ...
ကဗျာဆရာမောင်ချောနွယ်က ပြောတယ်
ပန်းဆိုတာ
ကြွေတာကိုက ပွင့်ခြင်းပါပဲတဲ့ ...။

ဒါပေမယ့် အစ်မစမ်းစမ်းမော်ရေ ...
ကျနော်က
မကြွေခင်ကိုက ပွင့်ခွင့်မရခဲ့တဲ့ပန်းပါပဲ။

လောကကို လူက ပိုင်တယ်ဆိုရင်
ဘ၀ကိုရော လူကပိုင်ခွင့်မရှိတော့ဘူးတဲ့လား ...။

ချစ်ခြင်းတရားမှာ
သွေးလွန်တုပ်ကွေးရောဂါ ရှိနိုင်ပါသလား။

အစ်မစမ်းစမ်းမော်ရေ ...
ဝမ်းနည်းမနေပါနဲ့
စိတ်မကောင်းဖြစ်မနေပါနဲ့
ရေဒီယိုနားထောင်ရင်ကို
ကျနော်က
အလိုလို ၀မ်းနည်းနေတတ်တဲ့ ကောင်ပါ။

အိုင်ဒါဟိုးမှာ နေခဲ့တယ်
ချီကာဂိုမှာ နေခဲ့တယ်
အိုဟိုင်းရိုးမှာ နေခဲ့တယ်
အော်ရီဂွန်မှာ နေခဲ့တယ်
ပြီးတော့ ...
အစ်မစမ်းစမ်းမော်အိမ်မှာလည်း နေခဲ့ဖူးခဲ့တာပဲ။

နိုင်ငံရေးကို ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်
သွေးမသောက်ခဲ့တဲ့ သွေးသောက်ရဲဘော်တွေကို ချစ်ခဲ့တယ်
ချစ်ခြင်းတရားကိုက
သေဖို့ပဲဆိုရင်
ကျနော်ကလည်း သေဖို့အဆင်သင့်ပါပဲ အစ်မစမ်းစမ်းမော်။

မိုင်ပေါင်းသောင်းချီဝေးတဲ့မြို့က အမေရေ ...
မလိမ်မာသားလေးကို မမေ့လိုက်ပါနဲ့၊
သူငယ်ချင်း စိုးလွင်ရေ ...
ငါတို့စားခဲ့ဖူးတဲ့ ပုဇွန်တောင်က
မင်းရဲ့ ထမင်းဆိုင်လေးကို မမေ့ပါနဲ့၊
ကဗျာဆရာ မောင်လွမ်းဏီရေ ...
အောင်ကျော်ဇာနည်အတွက်
ငါတို့ကဗျာတွေကို မမေ့ပါနဲ့၊
ညီအစ်ကိုမကတဲ့ မိုးကျော်ရေ ...
နယ်စပ်စည်းမျဉ်းပေါ်က
ငါတို့နှလုံးသားတွေကို မမေ့ပါနဲ့၊
ပုသိမ်သားလေး သစ်ကောင်းအိမ်ရေ ...
၃၃ ဘ၀မက ဝေးသွားတဲ့
၃၃ လမ်း ညနေတွေကို မမေ့ပါနဲ့
ကိုအောင်ဝေးရေ ...
ရွှေဝါရောင်တော်လှန်ရေးနဲ့
ယာမာဂူချီ ခင်ဆွေရီကို မမေ့ပါနဲ့၊
ကျောက်ဆည်သားလေး ကျော်သူမိုးမြင့်ရေ ...
ကြယ်ရောင်အောက်က
ကန္တာရညတွေကို မမေ့ပါနဲ့၊
အဲဒီလိုပဲ
ကျနော်လည်း အော်ရီဂွန်က
အစ်မစမ်းစမ်းမော်အိမ်လေးကို
ဘယ်တော့မှ မမေ့ပါဘူး ...။

သေချာတာကတော့
ငါ့သားလရောင်
မင်းရဲ့အဖေ
လိုရာကိုသွား
မင်းကိုထားလည်း
ငါ့နှလုံးသား
အတွင်းကြားမှာ
မင်းရှိပြီးသားကိုလရောင် ...။ ။

ဒီလက်မျိုး
ဇူလိုင်၊ ၁၁ ရက်၊ ၂၀၀၉

No comments: