ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၀၉ ခု မြန်မာ့သင်္ကြန်၊ ၀မ်းပျက်ဝမ်းလျှောနဲ့
၂၀၁၀ ရွေးကောက်ပွဲ အတွေးစများ
ရွှေဆည်းဆာ (ရန်ကုန်မြို့)
မင်္ဂလာပါ ကိုလွဏ်းဆွေရေ ...၂၀၁၀ ရွေးကောက်ပွဲ အတွေးစများ
ရွှေဆည်းဆာ (ရန်ကုန်မြို့)
ဒီနှစ်သင်္ကြန်မှာတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ အင်းယားကန်ကို ကျောပေးပြီးဆောက်တဲ့ သင်္ကြန်မဏ္ဍပ် တွေနဲ့ စည်ကားတယ်ဆိုပဲ။ သင်္ကြန်ပိတ်ရက်မတိုင်ခင်ထိ ရုံးသွားရုံးပြန် အဲဒီလမ်းပေါ်က ဖြတ်နေကျမို့ ခပ်စော စောပိုင်းထဲက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဘုံကျောင်းရဲ့ မျက်စောင်းထိုးကစပြီး စင်မြင့်တွေဆောက်နေတာ တွေ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်က ကြားဖူးခဲ့တဲ့ “ကန်တော်ကြီးကို ခြေကန်ပက်တော့ ရီတာပေါ့ ရီတာပေါ့” ဆိုတာကို ပြန်လည်သတိရမိတယ်။ အခုတော့ “အင်းယားကန်ကို ခြေကန်ပြီးတော့ အန်တာပေါ့ အန်တာပေါ့” လို့ ပြင်ရလောက်အောင်ကို ရေပက်နေတဲ့စင်မြင့်နောက်မှာ ပုလင်းထောင်ကြ မူးကြ ရူးကြ အန်ကြ ရန်ဖြစ်ကြနဲ့ ဖြစ်နေလိုက်ကြတာ စင်ရှေ့က တဒုန်းဒုန်း တဒိုင်းဒိုင်းဖွင့်နေတဲ့ အသံချဲ့စက်တွေနဲ့အပြိုင် စင်ရဲ့နောက်ဘက် မှာကားလမ်းပေါ်မှာ ရေပက်ခံကားတွေပေါ်မှာ တလှုပ်လှုပ်တရွရွနဲ့ ဒိုးဒိုးဒန့်ဒန့်တွေနဲ့အပြိုင်ပဲလို့ မြန်မာ့သင်္ကြန် ရဲ့ မြင်ကွင်းကို ဖောက်သည်ချကြပါတယ်။
အခုခေတ်မှာ သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတာများတော့ စာထဲမှာ ဆောင်းပါးတွေထဲမှာ ဖတ်ဖို့ရာပဲရှိတယ်။ အတာသင်္ကြန်မှာ အေးချမ်းဖို့ သိမ်သိမ်မွေ့မွေ့နဲ့ ရေကစားတဲ့ ယဉ်ကျေးမှုပွဲတော်အဖြစ်ကနေ စိတ်ရူးပေါက်သ လောက် လွတ်လွတ်လပ်လပ် အော်ဟစ်သောက်စားကြ လူရှေ့သူရှေ့ အမြင်မတော်အောင် ၀တ်စားဆင်ယင် ပြီး အနောက်တိုင်းက ဟစ်ပီတွေလို ဖြစ်ချင်တိုင်းဖြစ်ခွင့်ရတဲ့ ပွဲတော်တခုလို မြင်တွေ့နေရတာ စိတ်ပျက်စရာပါ။
ဒါ့ထက်ပိုဆိုးတာက အရှေ့တိုင်းသား နိုင်ငံခြားသားတယောက်နဲ့ စကားပြောမိတော့မှပဲ အရှက်ကွဲတော့တဲ့ အ ဖြစ်ပါ။ သူက ရန်ကုန်မှာ (၇) နှစ်လောက်ကို နေထိုင်ပြီး လုပ်ငန်းလုပ်နေတဲ့သူပါ။ ကျွန်မက သူဘယ်ကိုသွားသ လဲ မေးမိတော့၊ ဘယ်မှမသွားပါဘူး။ မျက်စေ့တွေရှုပ် နားတွေ ဆူလွန်းသတဲ့။ မင်းတို့တိုင်းပြည်မှာ အခုခေတ် လူငယ်တွေ ပိုပြီးခေတ်မီတယ်။ ပြီးတော့ ငါဖတ်ဖူးခဲ့တဲ့ မင်းတို့ရဲ့ ရိုးရာသင်္ကြန်ပွဲတော်နဲ့ မတူတော့ဘဲ တနှစ်ပြီး တနှစ် ၀တ်စားဆင်ယင်မှုတွေက ပိုလို့သရုပ်ပျက်လာတယ်။ အနောက်တိုင်းဆန်တာ လွန်ကဲလာသလိုပဲ။ ရေ ပက်ခံကားနဲ့ ထွက်လည်ကြတဲ့သူတွေကလည်း ယောက်ျားမိန်းမ လူကြီးလူငယ်အားလုံးလိုလို အရက်သောက် ကြတယ်။ မူးနေကြတာပဲ။ ဖတ်ဖူးခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုဟာ သိမ်မွေ့တယ်၊ ယဉ်ကျေးတယ်၊ လူငယ်က လူ ကြီးကို ရိုသေလေးစားတယ်၊ ဂါဝရတရားနဲ့ နေထိုင်ကြတယ်။ ငါ ဒီကိုမရောက်ခင်က ဖတ်ဖူးခဲ့တဲ့ မြန်မာဆိုတာ အရှေ့တိုင်းချင်းအတူတူ တရုတ်တို့ ဂျပန်တို့ ထိုင်းတို့နဲ့ မတူဘဲ ယဉ်ကျေးမှုအသိုက်မြုံ မပျက်သေးတဲ့ လူမျိုး တွေပါလားဆိုပြီး လေးစားအထင်ကြီးခဲ့တယ်။
ဒါပေမယ့် အခု ငါ ရန်ကုန်ကိုရောက်တာ (၇) နှစ်ရှိပြီ၊ ရောက်ခါစထက်ပိုပြီး ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင် ယင်မှုတွေက အနောက်တိုင်းဖက်ရှင်ကို အမီလိုက်နိုင်တယ်။ ပြီးတော့ ဒီနှစ်ယိုးဒယားသင်္ကြန် ဘန်ကောက်မှာ ဘာဖြစ်ခဲ့လဲသိလား။ သူတို့ ဘန်ကောက်မြို့ထဲမှာ သင်္ကြန်မကျဘူး၊ မင်းတို့မြန်မာတွေ အများဆုံးရှိတဲ့ ချင်းမိုင်၊ မဲဆောက်လောက်မှာပဲ သင်္ကြန်ကျတယ်။ လောလောဆယ် သူတို့ဆီမှာ ပြည်သူနဲ့ အုပ်ချုပ်တဲ့အစိုးရ အတိုက် အခံ အခြေအနေဖြစ်နေတာ။ ဒီနေရာရောက်မှပဲ ကျွန်မလည်း ၀င်ပြောနိုင်ပါတယ်။ အေး သူတို့က ပါလီမန်ဒီမို ကရေစီကိုး၊ လူထုကမကြိုက်ရင် နှုတ်ထွက်ပေးရတယ်၊ တို့ဆီမှာက ဒီလိုမှမဟုတ်ဘဲ။
သူက ကျွန်မကို ကြည့်ပြီး ပြုံးပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ သရော်တဲ့အပြုံးလို့ ခံစားလိုက်ရပါတယ်။ မင်းက အဲဒါစနစ်လို့ ပြောတာလား။ မဟုတ်ဘူး။ သူတို့ရဲ့စိတ်ထဲက ခံယူချက်ပဲ။ ဆန္ဒရှိလို့လုပ်နေကြတာ။ အဲဒီထိုင်း တွေ ဘယ်လောက်ပဲ ယဉ်ကျေးမှုပျက်တယ်ပြောပြော၊ ဘယ်လိုစီးပွားရှာတယ်ပြောပြော သူတို့ရဲ့တိုင်းပြည်နဲ့ လူမျိုးအရေးကြုံလာရင် ကျန်တာတွေအားလုံး သူတို့ဘာမှဂရုမစိုက်ဘူး။ သူတို့ဟာ ဘယ်သူ့ရဲ့ ကိုလိုနီလက် အောက်ခံမှ တရားဝင်မဖြစ်ခဲ့ဘူး။ တခုတော့ ကြားဖူးတယ်။ မင်းတို့သမိုင်းမှာ စစ်ရေးထက်တဲ့ ဘုရင်တပါးက သူတို့ဆီထိသွားပြီး သိမ်းပိုက်လို့ ပျက်စီးခဲ့ရတဲ့ မြို့ပျက်ကို အခုထိ ပုံစံမပျက်ထိမ်းသိမ်းထားပြီး မြန်မာတွေရဲ့ လုပ်ရပ်လို့ လက်ညှိုးထိုးပြစားနေတုန်းပဲ။
ဘယ်လောက်ပဲ ပါတီတွေ ကွဲကွဲ များများ သူတို့ရဲ့ဘုရင်ကို သိပ်အလေးထားတယ်။ ပြီးတော့ သူတို့လုပ်ရမယ့် အလုပ်ကို သူတို့လုပ်တယ်။ ဒီနှစ်အတွင်းမှာ သူတို့အကြီးအကျယ် သပိတ်မှောက်တာ အတိုက်အခံလုပ်တာ နှစ် ခါရှိပြီ။ နောက်ပြီး ငါတွေးမိသေးတယ်။ ငါနေတဲ့ မရီနာဟိုတယ်က အခန်းက ကန်ဘက်ကို မြင်နေရတဲ့အခန်း၊ စိတ်မှန်းနဲ့ကြည့်မယ်ဆိုရင် ငါ့အခန်းရဲ့ ဘယ်ဘက်မျက်စောင်းထိုးလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ် ရှိမယ်ထင်တယ်။ မနက်တိုင်း တွေးမိတယ်၊ ဒီအမျိုးသမီး ဘာတွေလုပ်နေပါလိမ့်လို့။ ကမ္ဘာမှာ နိုင်ငံခြားတိုင်း ပြည်တွေကပေးတဲ့ ဆုအများဆုံးရတဲ့ သူတွေအထဲမှာ သူလည်းပါမယ်ထင်တယ်။
သူ့ရဲ့ယုံကြည်ချက်အတွက်နဲ့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြံ့ကြံ့ခံရင်း နေထိုင်နေတဲ့သူ၊ သူ့အဖေရဲ့ ဂုဏ်ကို ထိန်း သိမ်းသလို သူ့ကိုယ်သူ အများအကျိုးအတွက် အနစ်နာခံနေတယ် မဟုတ်လား။ ဒီလောက်ထိ သည်းခံ ဒုက္ခခံ နေတဲ့ အမျိုးသမီးဟာ ဘယ်အတွက်ကြောင့်လဲ။ မင်းတို့ တိုင်းသူပြည်သားတွေအတွက်ပဲ မဟုတ်လား။ ဒါ တောင် ဒီအမျိုးသမီးရဲ့အိမ်နဲ့ ရေကန်တကန်အကွာအဝေးပဲခြားတဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ သူ့အိမ်ကို ကျောပေးထားပြီး မြန်မာ့ရေသဘင်ပွဲတော်ကို နွှဲပျော်နေလိုက်ကြတာများ၊ ဘာမှမသိခဲ့ရင် အပူပင်မဲ့ ဖွံဖြိုးတိုး တက်စနိုင်ငံလို့တောင် ထင်ကြမှာပဲ။ ငါတော့ သူ့ကို သနားတယ်။ သူ အနစ်နာခံပေးနေပေမယ့် သူ့ဖခင် အ သက်စွန့်ပြီး လွတ်လပ်ရေးကြိုးပမ်းပေးခဲ့ပေမယ့် သူ့ကို ဂရုမစိုက်တဲ့ နိုင်ငံသူနိုင်ငံသားတွေလည်း ရှိနေသေး တာကို တွေးမိပြီးတော့ပေါ့။
အမယ်လေး ကျွန်မတော့ ကိုယ့်ကိုကိုယ် သေဟဲ့ နန္ဒိယလို့သာ အော်လိုက်ချင်တာပဲ။ ပြောလည်း ပြောစရာပဲ ကိုး။ ကျွန်မလည်း လေသံပြော့လေးနဲ့ ဒါတော့ဟယ် မင်းလည်းသိတဲ့အတိုင်းပဲ တို့တိုင်းပြည်မှာ စစ်အာဏာရှင် တွေက လက်နက်နဲ့အာဏာနဲ့ ဘာလက်နက်မှမရှိတဲ့ ပြည်သူကို ဖိနှိပ်အနိုင်ကျင့်ထားတော့ ဘယ်လိုလုပ်ပြီး ဒီ ပြည်သူတွေက ဒီစစ်အာဏာရှင်တွေကို ယှဉ်ပြိုင်တွန်းလှန်နိုင်ပါ့မလဲ။ တို့လည်းတတ်နိုင်သလောက် လုပ်ခဲ့တာ ပါပဲ။ မင်းမျက်မြင်ပဲလေ၊ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းတုန်းက ဘယ်သူမှ မတိုက်တွန်းရပါဘူး။ လမ်းပေါ်ကို လူတွေအများအပြား ထွက်လာလိုက်တာများ။ လက်ချည်းဗလာနဲ့ ပြည်သူတွေကို စစ်အစိုးရက ဘယ်လိုကြိုဆိုနှုတ်ဆက်တယ်ဆိုတာ။ ဒါတောင် သူတို့ကိုယ်သူတို့ မြန်မာဗုဒ္ဓဘာသာတွေလို့ ပြောသေးတာပဲ။ ကျွန်မလည်း တတ်နိုင်သလောက်ပြန် ချေပရတော့တာပေါ့။
သူ နောက်ဆုံးပြောလိုက်တဲ့ စကားလုံးတော့ ကျွန်မလည်း အပြည့်အ၀ သဘောတူပါတယ်။ အေး ... မင်းတို့အ စိုးရက လူမှမဟုတ်တာတဲ့။ ကျွန်မလည်း တွေးမိရဲ့ အဲဒီလူမဟုတ်တဲ့ စစ်အာဏာရူးတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှု အောက်မှာ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဘယ်အချိန်ထိ ဒုက္ခရောက်နေကြရဦးမှာလဲ။ သူပြောခဲ့သ လို မတရားဥပဒေနဲ့ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ မိန်းမတယောက်၊ အဲဒီအာဇာနည့်သမီး မိန်းမတ ယောက်ရဲ့နောက်မှာပါလာမယ့် ပြည်သူလူထုဆိုတဲ့ အင်အားကို လက်နက်ကိုင်ပြီး စိုးရိမ်ကြောက်လန့်နေတဲ့ အာဏာရူးစစ်အုပ်စု။ ရှက်တတ်ရင် လဲသေဖို့ကောင်းနေပြီ။
ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ကျွန်မနဲ့သိတဲ့ ဦးလေးတယောက်နဲ့ စကားပြောဖြစ်တယ်။ အိမ်အပြန် ညနေ ဖက်ဆို ဘတ်စ်ကားမရလို့ လမ်းလျှောက်ပြန်ရင်း ထွေရာလေးပါး ပြောနေကြပါ။ သူက အသက် ၇၀ လောက် ရှိပါပြီ။ နေ့တိုင်း ဗိုလ်ချုပ်ဈေးသွားပြီး ကျောက်ပွဲစားတန်းမှာ အလုပ်လုပ်တဲ့သူပါ။ သင်္ကြန်အပြီးမှာ အရောင်းအ ၀ယ်ကောင်းလား မေးရာကနေ အရောင်းအ၀ယ် မကောင်းတာ ကြာပြီဆိုတဲ့အကြောင်း၊ အလုပ်မဖြစ်လည်း အိမ်မှာထိုင်မနေချင်လို့ နေ့တိုင်းသွားနေတာဆိုတဲ့အကြောင်း၊ နေ့တိုင်းစားဖို့မပူရသော်လည်း အလုပ်မလုပ်ဘဲ အိမ်မှာနေရင် ထိုင်းမှိုင်းပြီး ရောဂါဝင်လာမှာစိုးလို့ ဆိုတာကစပြီး အခုတလော ၀မ်းပျက်ဝမ်းလျှောတွေဖြစ်နေ လို့ မြောက်ဥက္ကလာဆေးရုံမှာ လူနာတွေများနေတယ်။
ဝမ်းပျက်လို့လာတဲ့ လူနာတွေကို ဆေးကုဖို့ထက် အဲဒီလူနာတွေရဲ့ အညစ်အကြေးတွေကိုတောင် သန့်ရှင်း အောင် မသိမ်းဆည်းနိုင်လို့ ယင်ကောင်ကတဆင့် ၀မ်းပျက်ရောဂါ ပိုပြီးပြန့်ပွားလာနိုင်တယ်။ ငါတို့တိုင်းပြည် မှာ ၀မ်းပျက်တာလည်း မပြောနဲ့လေ၊ ဖရေဇာလမ်း (အနော်ရထာလမ်း) လမ်းမလို လမ်းပေါ်မှာတောင် ခေါက် ဆွဲသုတ်၊ ကြာဇံသုတ်ရောင်းတဲ့သူတွေ အသုတ်သုတ်ပြီးရင် လက်ကိုဘယ်လိုဆေးလဲသိလား။ ဘေးမှာချထား တဲ့ရေပုံးထဲ လက်နှိုက်ပြီး ဗလပ် ဗလပ်နဲ့ လက်ကို ရေထဲနှစ်ပြီး နှစ်ချက်သုံးချက် လှုပ်လိုက်တာပဲ။ ပြီးရင် အဲဒီ လက်နဲ့ပဲ ငရုတ်ဆီအချဉ်ရေနဲ့နယ်ထားတဲ့ အသုတ်ပန်းကန်ကို နှုတ်ခမ်းပန်းနား သတ်ပေးလိုက်တာပဲ။ စားတဲ့ သူတွေကလည်း အားရပါးရ ငုံ့စားနေကြတာ။ အေးလေ ချဉ်ချဉ်တူးတူး မူးပြီးရောမို့လား။
ငါက နေ့တိုင်း ဗိုလ်ချုပ်ဈေးနောက်ဘက် ဘုရားလမ်းဘူတာကနေ ချော်တွင်းကုန်း ပါရမီဘူတာထိ မြို့ပတ်ရ ထားစီးတယ်။ ပြီးတော့မှ ဘူတာရုံကနေ ပါရမီဂိတ်ထိလမ်းလျှောက်ပြီး မြောက်ဒဂုံကို ပါရမီကားပြန်စီးတာ။ အဲ ဒီမနက်လာ ညနေတိုင်းပြန်တာပဲ။ ဒီတော့ မနက်လာတဲ့အခါ တခါတလေ ဘာတွေ့ရသလဲဆိုတော့ တိုးရစ် ဂိုက်တွေက သူတို့ရဲ့ဧည့်သည် နိုင်ငံခြားသားတွေကို မြို့ပတ်ရထားစီးဖို့ ခေါ်လာတတ်တယ်။ ဘူတာကိုရောက် တော့ စတွေ့ရမှာက မီးရထားလမ်းဘေးတလျှောက်လွင့်နေတဲ့ ကြွပ်ကြွပ်အိတ်တွေနဲ့ ပြန့်ကျဲနေတဲ့ အမှိုက်တွေ၊ ဘူတာရုံမှာ ဈေးရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးသည်ပေါင်းစုံ။ မြင်ကွင်းကတော့ မလှပါ့ကွာ။
ဘူတာရုံမှာ ရာင်းတဲ့ ကြာဇံသုတ်တပွဲ ဘယ်လောက်လဲသိလား။ ကျွန်မက ၁၀၀ကျပ်လောက် ပေးရမှာပေါ့လို့ ပြောတော့ ဘယ်ကလာ တပွဲမှ ၅၀ ပဲ၊ နင်စဉ်းစားကြည့်စမ်း ကြာဇံသုတ်တပွဲ ၅၀ နဲ့ ဘယ်လိုရောင်းနိုင်သလဲ ဆိုတာ သူတို့သုံးတဲ့ ဂေါ်ဖီတွေက ၀ယ်တာမဟုတ်ဘူး။ ဂေါ်ဖီထုပ်တွေရဲ့ အပေါ်ဆုံးက ဖယ်ထုတ်ထားတဲ့ အ ပေါ်ယံအဖတ်တွေကို ရေဆေး ပါးပါးလှီးပြီး ငရုတ်ဆီနဲ့ ဆီချက်လေး ပါလေဟန်လေးနဲ့ လူးထားတာ။ အဲဒီပါး ပါးလှီးထားတဲ့ ဂေါ်ဖီမှာပါတဲ့ ရွက်ဖြန်းဆေးတို့ ရွက်ထွားဆေးတို့ကို ဘယ်လောက်ကြာအောင် ရေစိမ်ရမယ်၊ ရေဘယ်နှစ်ထပ်ဆေးသင့်တယ်ဆိုတာ သူတို့မသိဘူး။ အဲဒီတော့ ပြောရရင်လည်း မိုးမဆုံးမြေမဆုံးဖြစ်ဦးမယ်။
အဲဒီလို လမ်းဘေးဈေးရောင်းရသူတွေခမျာ ပညာသိပ်မသင်ခဲ့ရာရှာတော့ ဗဟုသုတမရှိ။ ဈေးရောင်းတဲ့သူက ဗဟုသုတမရှိတော့ ကျန်းမာရေး ဘယ်လိုထိခိုက်မယ်ဆိုတာ မသိ။ ဈေးပေါပေါနဲ့ ရောင်းနိုင်ရင် ပေါပေါရမှစား မယ့်သူများမှာမို့ ဖြစ်သလိုရောင်းတယ်။ ၀ယ်စားတဲ့သူတွေဘက်ကလည်း သူ့တို့လို လက်လုပ်လက်စား နွမ်းပါး တဲ့သူတွေဆိုတော့ ဗိုက်ဝဖို့ အရေးကြီးတာမို့ ဒီလိုပေါပေါနဲ့ရတဲ့ဆီမှာ စားကြရ၊ ဒီတော့ မသန့်ရှင်းတဲ့ အစားအ သောက်ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်လို့ ဆေးရုံရောက်ကြ။ ဆေးရုံက ကုသရေးနဲ့ သန့်ရှင်းရေးကို ဖိ ဖိစီးစီး မလုပ်နိုင်တော့ အဲဒီကနေထပ်ဆင့်ပြီး ကူးစက်ကြနဲ့ ဆင်းရဲနွမ်းပါးမှုက စလိုက်တဲ့ဂယက် ဘယ်လောက် ထိအောင် ကျယ်ပြန့်သွားလဲ။ ပြောရရင် သာမန်ပြည်သူတွေအတွက်ကတော့ အားကိုးရာမဲ့ဘ၀နဲ့ ဆင်းရဲတွင်း နက်ရတဲ့အထဲ ဖွတ်သထက်ညစ်ကြရဦးမှာပဲလေ။
ငါတို့တိုင်းပြည်လည်း ဘယ်သောကာလရောက်မှ ပြည်သူကိုချစ်တဲ့ အစိုးရ၊ ပြည်သူက အားကိုးလို့ရတဲ့ အစိုးရ ကို ပိုင်ဆိုင်နိုင်ရမလဲဆိုတာ မပြောတတ်တော့ပါဘူး။ ပြီးတော့ ဟိုကောင်မလေးကိုလည်း သနားတယ်။ (သူ့အ နေနဲ့ကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကောင်မလေးပေါ့) သူ မြန်မာပြည်ရောက်ကာစက အသက် ၄၄ နှစ်ပဲရှိသေးတာ။ ခုတော့သူ့ခမျာ မိသားစုနဲ့လည်း တကွဲတပြား မတရားချုပ်နှောင်ထားတဲ့ နေအိမ်အကျယ် ချုပ်ဆိုတာကြီးကလည်း ပြီးဘဲမပြီးနိုင်ဘူး။ နှစ်ပြည့်ကာနီးလာပြီဆိုရင် အကြောင်းပြချက်တခုခုနဲ့ ထပ်ပြီး သက် တမ်းတိုးဖမ်းချုပ်တော့တာပဲ။
အာဇာနည် ဗိုလ်ချုပ်ရဲ့သမီး ပီသပါပေတယ်။ ဒါကြောင့်လည်း ချောင်းရိုးမြောင်းရိုး တိမ်ကောမယ် လူမျိုးမတိမ် ကောဘူးရယ်လို့ ရှေးလူကြီးများက ဆိုခဲ့ကြတာကိုး။ ဒီတိုင်းပြည်မှာ အုပ်ချုပ်ရေးဘက်မှာ လုပ်ပိုင်ခွင့်ရထားသူ တွေ အာဏာရထားသူတွေအထဲမှာ ပညာတတ်တွေရှိနေပါရက်နဲ့ အမှန်တရားကို လက်မခံကြဘူး၊ အမှန်တ ရားအတွက် အလုပ်မလုပ်ကြဘူး။ ကပ်မြောင်ပြီး ကိုယ်ကျိုးရှာနေကြတာ။ ကိုယ်ကျိုးရှာသမားတွေကြောင့် အ မှန်တရားတွေ ပျောက်ကွယ်နေပြီး တိုင်းပြည်နဲ့ချီပြီး ဆုံးရှုံးနေကြရတာ။
ကိုယ့်အကျိုးထိခိုက်မယ့် အလုပ်ဆိုရင် မလုပ်ချင်ဘူး။ ကိုယ်မရသင့်တဲ့ အခွင့်အရေးရဖို့အတွက် မတရားမှုတွေ ကို မမြင်ဟန်ဆောင်နေကြတယ်။ တာဝန်မဲ့တဲ့စိတ်တွေ မတရားရယူချင်တဲ့လောဘတွေ ကြီးစိုးနေတော့ ကိုယ့် တိုင်းသူပြည်သားရယ်လို့ ကိုယ်ချင်းစာစိတ်မရှိကြဘူး။ အစိုးရအဖွဲ့မှာ အကောင်ပဲ ၊ ဘယ်သူဘယ်ဝါနဲ့ အမျိုးတဲ့ စီးပွားဖက်တဲ့၊ လုပ်ပိုင်ခွင့်ရှိတယ်၊ အာဏာရှိတယ် အဲဒီရှိတယ် ရှိတယ်တွေနဲ့ သွေးနားထင်ရောက် ဂုဏ်မောက် ပြီး ငရဲအရောက်သွားကြမယ့် အကောင်တွေ။
ဦးလေးလည်း တဆက်တည်း စကားပြောလိုက်ရလို့ မောသွားတဲ့ပုံနဲ့ စကားရပ်သွားပါတယ်။ ဦးလေးရေ အဲဒီ ကောင်တွေ ငရဲရောက်မှာက နောင်၊ နောက်ဘ၀ဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမယ့် လောလောဆယ်တော့ ဒီ ကောင်တွေကြောင့် ကျွန်မတို့တော့ လောကငရဲကိုခံစားနေကြရတယ်။ လူတန်းစေ့မနေနိုင် မစားနိုင်ရတဲ့ကြား ထဲ မတရားမှုဖြစ်လို့မှ အားကိုးစရာ တရားဥပဒေမရှိ၊ သူတို့ကိုယ်နှိုက်က မတရားလုပ်နေမှတော့ ကျွန်မတို့က အမှန်တရားအတွက် အရေးယူပေးပါလို့ ဘယ်သွားပြောရမလဲ။ အေး ... အဲဒါပြောတာပေါ့၊ အဲဒီ မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ လူချင်းကိုယ်ချင်းမစာမှုတွေအတွက် နင်တို့ ငါတို့ အားလုံးက ကိုယ့်တာဝန်ကိုယ်သိကြရမယ်၊ အဲဒီ ကောင်တွေ သက်ဆိုးမရှည်အောင် ငါတို့က လုပ်သင့်တဲ့အလုပ် လုပ်ရမယ်မဟုတ်လား။
ဒီကောင်တွေ သက်ဆိုးရှည်နေသရွေ့ ငါတို့ရဲ့တိုင်းပြည်နဲ့လူမျိုး ဘယ်တော့မှ နလန်ထူမှာမဟုတ်ဘူး။ ကမ္ဘာ့ အလယ်မှာလည်း မျက်နှာငယ် ၊ ဆင်းရဲတွင်းနက်သထက်နက်လာတော့ လူတွေအကျင့်ပျက်တာတွေ များလာ မယ်။ ငါတော့ လူတိုင်းကို ပြောချင်တာပဲ၊ ၂၀၁၀ မှာလုပ်မယ့် နအဖရဲ့ ကလိန်စေ့ငြမ်းဆင် ရွေးကောက်ပွဲကို အတည်ပြုလို့မရအောင် မြန်မာပြည်သူပြည်သားများအနေနဲ့ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ကြိုတင်တွေး ထားကြပါ။ ရွေးကောက်ပွဲမှာ မဲထည့်ရမယ်ဆိုတာနဲ့ မဲထည့်ပြီး ပြီးရော သဘောနဲ့ ခပ်ပေါ့ပေါ့ တွေးနေလို့က တော့ ဒင်းတို့အသက်ရှည်အောင် အဆိပ်ပင်ရေလောင်းပေးတာနဲ့ အတူတူပဲ။ ဒီစစ်အာဏာရူးတွေ ရှိနေသရွေ့ အများပြည်သူတွေအားလုံး လူမှုဒုက္ခပေါင်းစုံကို လည်စင်းပြီး ခံနေကြရဦးမှာမလွဲဘဲ၊ သူတို့အမျိုးအဆွေတွေက လွဲလို့ပေါ့။ ကဲ အေ ... လမ်းထိပ်လည်းရောက်ပြီ၊ နောက်တွေ့တော့မှ ထပ်ပြောကြသေးတာပေါ့တဲ့။ ကိုလွဏ်း ဆွေရေ ... အဲဒါတွေကတော့ သင်္ကြန်အပြီးမှာ ကျွန်မနဲ့ စကားပြောဖြစ်တဲ့ လူနှစ်ဦးရဲ့ အမြင်တွေပါပဲ။
ကျန်းမာပါစေ။
ရွှေဆည်းဆာ
ရန်ကုန်မြို့
No comments:
Post a Comment