Friday, June 19, 2009

(၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ နိုင်ငံရေးအကျဉ်းသားလွတ် မြောက်ရေး အတွေးစများ

(၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အတွေးစများ

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

မြန်မာ့နိုင်ငံရေးလောကထဲကို ၀င်လာကာစက အသက် (၄၃) နှစ် စွန်းစွန်းပဲရှိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အခု ၂၀၀၉ ဇွန်လ (၁၉) ရက်နေ့ဆိုရင် (၆၄) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လအတွင်းက မြန်မာ့နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံရေးဖြတ်သန်းမှု (၂၁) နှစ် ပြည့်လုပြည့်ခင်မှာ နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်ရင် (၁၃) နှစ်ကျော် (၁၄) နှစ်နီပါး ရှိပြီဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့အထိ နအဖစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ ချုပ်နှောင်မြဲ ချုပ်နှောင် ထားဆဲပါပဲ။ ချုပ်နှောင်ရုံတင်မကဘူး၊ အခုဆိုရင် လူတယောက်လုံးပါ ပစ်ထည့် အမှုဆင်ပြီး ထောင်ချဖို့အထိ ကြံစည်နေတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။

ကျနော်တို့ အတိုက်အခံအင်အားစုတွေ အနေနဲ့ကရော ဒီမိုကရေစီတိုက်ပွဲ အနှစ် (၂၀) ကျော်အတွင်းမှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲမ၀င်ခဲ့ကြဘူးလား ဆိုရင်တော့ ၀င်ခဲ့တယ်လို့ပဲ ကျိန်းသေပေါက် ပြောရမှာပါ။

မေ့လောက်မှဖြစ်စေ၊ ကြုံကြိုက်လို့ဖြစ်စေ၊ နှစ်ပတ်လည်လို့ဖြစ်စေ၊ ပရိုပိုဇယ်ရလို့ဖြစ်စေ၊ ဒုက္ခသည် ခံယူချင်လို့ ဖြစ်စေ၊ နိုင်ငံရေးခိုလှုံခွင့် လျှောက်ချင်လို့ဖြစ်စေ အနှစ် (၂၀) ကျော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ဆန္ဒပြခဲ့၊ အကြိမ်ကြိမ် ကြေညာချက်ထုတ် တောင်းဆိုခဲ့၊ ကမ်ပိန်းတွေထုပြီး လက်မှတ်တွေ အကြိမ်ကြိမ် ထိုးတင်ခဲ့၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်း တွေကို အကြိမ်ကြိမ် လက်ဖြန့် အကူအညီတောင်းခံခဲ့တာ တကယ့်ကို မြင်သာထင်သာပါပဲ။

ဒါပေမယ့် ငွေကုန်သံပြာဖြစ်ပြီး လက်ညောင်းတာကလွဲလို့ ဒေါ်အောင်ဆန်းစုကြည်ရော၊ နိုင်ငံရေးအကျဉ်းသား တွေရော လွတ်မလာခဲ့ပါဘူး (ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က နှစ်ကြိမ် လွတ်လာခဲ့တာတော့ ရှိပါ တယ်။ ဒါကလည်း အတိုက်အခံတွေ အော်တာကြောင့်ထက် နိုင်ငံတကာဖိအားတွေ လျော့လိုလျော့ငြား နိုင်ငံ ရေးကစားကြည့်ချင်လို့ နအဖကိုယ်နှိုက်က စမ်းသပ်လွှတ်ပေးတဲ့ သဘောဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ သူတို့ အတွက် အန္တရာယ်ရှိတယ်လို့လည်း ယူဆရော ပြန်ပြီး အကျယ်ချုပ်လိုက်တာပါပဲ)။

အဲဒီတော့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကွင်းလုံးကျွတ် မလွတ်တာလဲလို့ အဖြေထုတ်ကြည့်ရင် အဖြေက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ အတိုက်အခံတွေအနေနဲ့ အနှစ် (၂၀) ကျော်အ တွင်းမှာ ဒေါ်အောင်ဆန်းကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးလောက်တဲ့ ဖိအားမျိုး နအဖ စစ်အုပ်စုအပေါ် မပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

နအဖစစ်အုပ်စုဆိုတာက အရှက်၊ ဂုဏ်သိက္ခာနဲ့အုပ်ချုပ်တဲ့ အုပ်စိုးသူမျိုးမဟုတ်ဘဲ စားခွက်နဲ့ အသက်အတွက် အာဏာမြဲသထက်မြဲအောင် ဖိနှိပ်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေဆိုတော့ သူတို့ရဲ့ စားခွက်နဲ့ အသက်ကို ခြိမ်း ခြောက်နိုင်လောက်တဲ့ ဖိအားမျိုးပေးနိုင်မှ နအဖ လည်ပင်းအစ်မှာပါ။ နအဖ မျက်ကလဲဆန်ပြာ ဖြစ်မှာပါ။ အဲဒီ လိုအခြေအနေဆိုက်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့လွှတ်ပေးမှာပါ။

အနှစ်(၂၀)ကျော်အတွင်းမှာ နအဖစစ်အုပ်စုအပေါ် အတိုက်အခံတွေ ပေးနိုင်ခဲ့တဲ့ ဖိအားက စစ်အုပ်စုကို ကမ္ဘာ သိ အရှက်ခွဲတဲ့ ဖိအားလောက်ပဲဖြစ်ပါတယ်။ အဲဒီအဆင့်ထက် မပိုခဲ့ပါဘူး။ အဲဒါကြောင့်မို့လည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်တာပါ (ဖြစ်စဉ်တိုင်းကို ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် အမှန်နဲ့ အနီးစပ်ဆုံး ရှုမြင်သုံးသပ်နိုင်မှ ဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်သင့်လဲ ဆိုတာကို ကြံဆလို့ရမယ် ထင်ပါတယ်။ မဟုတ်ဘဲ နေသာသလို ဖော့တွေးပြီး လုပ်ရိုးလုပ်စဉ်တွေပဲ ဆက်လုပ်နေရင်တော့ ဒီလိုပဲရွာလည် နေကြဦးမှာပါပဲ)။ နအဖစစ်အုပ်စုဆိုတာက အရေထူပြ၊ မျက်နှာပြောင်တိုက်ပြရဲတဲ့ အရှက်မဲ့သိက္ခာမဲ့ စစ်အာ ဏာရှင်တွေဆိုတော့ အရှက်ခွဲတဲ့ ဖိအားလောက်ကို ပျင်းတောင်ပျင်းသေးတယ်ဆိုတဲ့ အုပ်စိုးသူမျိုးဖြစ်ပါတယ်။

ဒါပေမယ့် နအဖစစ်အုပ်စု လည်ပင်းအစ်၊ မျက်ကလဲဆန်ပြာဖြစ်ခဲ့တဲ့ အခြေအနေမျိုး အနှစ်(၂၀)ကျော်အတွင်း မှာ သုံးကြိမ်လောက်တော့ ကြုံကြိုက်ခဲ့ပါတယ်။ သို့ပင်သို့ငြားသော်လည်း အဲဒီလိုမျိုး အခြေအတွေနဲ့ ကြုံကြိုက် ချိန်မှာ ခေါင်းဆောင်မှုအပိုင်းမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေက ထိရောက်တဲ့ ဦးဆောင်မှုနဲ့ အဆုံးမသတ်နိုင်ခဲ့တော့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ ဆက်ပြီးရေစုန်မျောခဲ့ရတာဖြစ်ပါတယ်။

ဘယ်လိုမျိုးအခြေအနေတွေလဲဆိုတာတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ၁၉၉၀ ရွေးကောက်ပွဲပြီးကာစ ဂန္ဓီခန်းမအစည်းအဝေး ကျင်းပနေချိန်မှာ တကြိမ်၊ ရွှေဝါရောင်တော်လှန်ရေးမှာ တကြိမ်၊ နာဂစ်တိုက်ခတ်ပြီး ကာစ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်စစ်သင်္ဘောတွေ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးကို လာကပ်ချိန်မှာ တ ကြိမ်၊ စုစုပေါင်း သုံးကြိမ်လောက် နအဖစစ်အုပ်စုကို လည်ပင်းအစ်၊ မျက်ကလဲဆန်ပြာဖြစ်စေခဲ့ပါတယ်။ ဒါပေ မယ့် အခွင့်အရေးကို ကျနော်တို့အတိုက်အခံတွေ အမိအရ မဖမ်းဆုပ်နိုင်ခဲ့ကြပါဘူး။ အဲဒီအတွက် ကျောကော့ အောင် အခံရဆုံးကတော့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မြန်မာပြည်သူတွေပဲပေါ့။

အဲဒီဖိအားမျိုး သက်ရောက်စေတဲ့ အခြေအနေမျိုးတွေ ဆိုက်ခဲ့တာကလည်း ပထမ (၂) ကြိမ်က ရဟန်းရှင်လူ ပြည်သူလူထုအင်အားကြောင့်ဖြစ်ပြီး တတိယအကြိမ်က မထင်မှတ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီလို လည်ပင်းအစ်၊ မျက်ကလဲဆန်ပြာဖြစ်စေတဲ့ ဖိအားတွေကြောင့် ဂန္ဓီခန်းမအစည်းအဝေး ကျင်းပနေချိန် မှာ ၁/၉၀ ထုတ်ပြီး အစိုးရအဖွဲ့ကြေညာမှာကို ခြောက်လုံးလှန့်လုံးတွေနဲ့ နအဖ ဟန့်တားခဲ့ရတယ်။ ရွှေဝါရောင် ပြီးကာစမှာ ဂမ်ဘာရီကိုအမြန်ခေါ်ပြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး အလျှော့ပေးတော့မယောင် နအဖ ဟန်ရေးပြခဲ့ရတယ်။ နာဂစ်အပြီး သင်္ဘောတွေ ဆိုက် ကပ်ချိန်မှာ ဘန်ကီမွန်းကို အမြန်ပင့်ဖိတ်ပြီး နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်လုပ်ကိုင်နိုင် အောင် နအဖ အလျှော့ပေးခဲ့ရတယ်။ ကျန်တဲ့အချိန်တွေမှာ အတိုက်အခံတွေ ဘာတောင်းတောင်း၊ ဘယ်လို အော်အော်၊ ဘာတွေပဲ ထုတ်ပြန်ထုတ်ပြန် နအဖက လှည့်ကြည့်ဖော်တောင် ရခဲ့တာမဟုတ်ပါဘူး။

အဲဒီတော့ အတိုက်အခံအင်အားစုတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို တ ကယ်လွတ်မြောက်စေချင်တယ်ဆိုရင် အထက်က ဖိအားတွေထက် ပိုပြင်းတဲ့ ဖိအားတွေပေးနိုင်မှ ရမယ်ဆိုတာ ကို သိသာမြင်သာလောက်ပြီထင်ပါတယ် (အမုန်းခံပြီး ပြောတာကို ဆရာလုပ်တယ်ထင်ရင်တော့ ခွင့်လွှတ်ကြ ပါခင်ဗျား)။ နအဖစစ်အုပ်စုကို အရှက်ခွဲတဲ့ ဖိအားမျိုးလောက်နဲ့ အနှစ်(၂၀)ကျော် အချိန်ကုန်ခဲ့တဲ့ ကိစ္စရပ်တွေ ကို ရပ်တန်းက ရပ်ဖို့လိုပြီလို့ပြောလိုပါတယ် (နအဖကို အရှက်ခွဲတဲ့အဆင့်က လိုတာထက်တောင် ပိုလျှံလွန်းနေ ပြီမို့လို့ပါ)။ ဒီထက်ပိုပြီး နအဖစစ်အုပ်စုရဲ့ စားခွက်နဲ့ အသက်ကို ဖိအားပေးနိုင်အောင် ဘယ်လိုအဆင့်မျိုး တက် လှမ်းလုပ်ဆောင်ကြမလဲဆိုတာကို အကြံဉာဏ်ထုတ် တိုက်ပွဲဝင်ကြဖို့ အကြံပြုလိုပါတယ်။

“လိုလျှင်ကြံဆ နည်းလမ်းရ” တဲ့။ နည်းလမ်းရခဲ့ကြလို့လည်း အရင့်အရင်တော်လှန်ရေးတွေ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အဆင့်တက်ပြီး မကြံဆ မအားထုတ်ရင်တော့ မြန်မာပြည်သူလူထု ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစွမ်းအစတွေကို အားကိုးခွင့်မရလိုက်ဘဲ အချုပ်အနှောင်ဘ၀ နဲ့ မီးစာကုန်ဆီခမ်းသွားမယ့်အဖြစ်မျိုးတိုးမှာ စိုးရိမ်ရသလို၊ နိုင်ငံရေးအကျဉ်းသားအားလုံးလည်း ထောင်ထဲမှာ ပဲ အရိုးထုတ်ကုန်ကြလို့ ဒီမိုကရေစီဇာတ်ခေါင်းကွဲပြီး တစ်ကနေ ပြန်စရမယ့်ကိန်းနဲ့ ကြုံတွေ့ရနိုင်ကြောင်း ဒေါ် အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်ပြည်မွေးနေ့အချိန်အခါမှာ အဆိုတော် ခင်မောင်တိုးရဲ့ သီချင်းစာသားလေးနဲ့ သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။

“နွေရယ် မိုးရယ် ဆောင်းဦးရက်များကို xxx ကျော်လွန်ဖြတ်သန်းခဲ့သည်မှာ xxx အကြိမ်ကြိမ်လည်းပဲ ရှိခဲ့ပြီ” “တိမ်ရယ် နှင်းရယ် သစ်ရွက်ခြောက်များကို xxx အလီလီကြုံတွေ့သိနေစဉ် xx
x အရွယ်လွန်ရွေ့လျားသွားခဲ့ပြီ”

ဒေါက်တာလွဏ်းဆွေ

3 comments:

HRmyanmar said...

ဂျပန်နိုင်ငံရှိ U N ရှေ့ အန်တီစုမွေးနေ့ ဆုတောင်းပွဲ အခမ်းအနား

အောင်လွင်ထက် said...

ko lunswe i agree with u
you are right
u can see as really is,
if all myanmar like u
our country is free and
rich ,democracy.and modern country since long time
i want to be your fri pls can u give me your mobile no
my mobil no +66896911507

mg kyi poae said...

သိပ်ကောင်းတဲ့ ဆောင်းပါးပါခင်ဗျာ။ ဆရာလွဏ်းဆွေ စာတွေကို အမြဲစောင့်ဖတ်ပါတယ်။ ဒီလိုဖေါက်ထွက်ချင် တဲ့သူတွေ များများပေါ်လာမှပဲ အလုပ်ဖြစ်တော့မှာပါ