Monday, June 22, 2009

ဖျာပုံသွား ခံစားမှု (ပေးစာ)

အန်ကယ်ရှင့် ...

သမီး (၁၄-၆-၀၉) နေ့ ဖျာပုံသွားခဲ့တုန်းက သိလာခဲ့ရတဲ့ အကြောင်းအရာတွေကို ပြောပြပါရစေ။ အဲဒီနေ့ က တနင်္ဂနွေနေ့ဆိုတော့ သမီးအလုပ်လည်း ပိတ်တယ်လေ။ သွားမယ့်နေ့ မနက် (၃) နာရီခွဲလောက် အိပ်ရာက ထတယ်။ သမီးနဲ့အတူ သမီးဆရာရယ်၊ ဆရာ့သမီးရယ် ပါတယ်လေ။ ရန်ကုန်ကနေ ကားစထွက်တော့ (၆) နာ ရီလောက်မှ ထွက်ဖြစ်တယ်။ လူက (၂၇) ယောက်ပါတယ်။ လူကြီးတွေ များတယ်။ လူငယ်ဆိုလို့ (၇) ယောက် လောက်ပဲပါမယ်။

ဖျာပုံကို အသွားတုန်းက တွံတေး-ကွမ်းခြံကုန်း-ဒေးဒရဲ လမ်းဘက်က သွားတယ်။ အဲဒီလမ်းက နည်းနည်းဆိုး တယ်။ ကားလမ်းကလည်း ကျဉ်းတယ်။ ကားကြီးတွေဆိုရင် ရှောင်လို့မရနိုင်ဘူး။ ဖျာပုံကိုရောက်တော့ (၁၀) နာရီခွဲပြီ။ ဖျာပုံမြို့ကနေတဆင့် ဟိုဘက်ကို စက်လှေနဲ့ ဆက်သွားရတယ်။ စက်လှေက (၄၅) မိနစ်လောက် စီး ရတယ်။ သမီးအတွက်တော့ ဧရာဝတီတိုင်းဆိုတာ နာဂစ်မတိုင်ခင်ရော၊ နာဂစ်ဖြစ်ပြီးမှာရော တခါမှ မရောက် ဖူးဘူး။ အခုအကြိမ်က ပထမဆုံးပါ။ နေရာတိုင်းမှာ နာဂစ်ကပေးတဲ့ ဒဏ်ရာတွေ ထင်ကျန်နေဆဲပါပဲ။ သမီးတို့ သွားတဲ့ရွာက ကျုံဓမင်းကျေးရွာတဲ့။

သူတို့ရွာက ရေလုပ်ငန်း အဓိကလုပ်ကြတယ်တဲ့။ အိမ်ခြေကတော့ (၂၀၀) ကျော်လောက် (ခန့်မှန်းနော်) ရှိမယ် လို့ထင်ပါတယ်။ သမီးလည်း အဲဒီက ကလေးတွေကို မေးကြည့်သေးတယ်။ သူတို့ကတော့ “မသိဘူး အမကြီး” တဲ့။ လူကြီးတွေတော့ မမေးခဲ့ဘူး။ သမီးတို့က အဲဒီရွာက ဘုန်းကြီးကျောင်းကို အရင်သွားတာ။ အဲဒီရွာကို သွား လှူတာလေ။ ဂျပန်က အဖွဲ့အစည်းတခုက လှူတာ အန်ကယ်။ သမီးတို့က လိုက်သွားတာ။ အခုလောလော ဆယ် လှူခဲ့တာကတော့ အ၀တ်အထည်၊ ဆန်နဲ့ ဆေးဝါးပစ္စည်းတွေပါပဲ။ ဘုန်းကြီးကျောင်းရှေ့မှာ ရေကန်တ ကန်ရှိတယ်။ အဲဒီရေကန်ကိုလည်း ခြံစည်းရိုးခတ်ပေးဖို့လေ။

အဲဒီမှာ ကလေးတွေအများကြီးပဲ။ သမီးက သူတို့နဲ့ စကားသွားပြောနေတာ။ သူတို့ထဲက ညီမလေးတယောက် က သူ့ဘေးနားမှာထိုင်နေတဲ့ ကောင်းမလေးတယောက်ကို လက်ညှိုးထိုးပြပြီး “သူ့အမေကလေ နာဂစ်မှာ အုန်း ပင်ပိလို့ သေတာ။ သူ့အဖေကတော့ မရှိတော့တာ ကြာပြီ” တဲ့။ အဲလိုပြောပြတယ်။ သမီးလည်း တော်တော်တုန် လှုပ်မိတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ် အန်ကယ်။

အဲဒီကလေးရဲ့ မျက်လုံးတွေကို သမီးတသက်မေ့နိုင်မှာ မဟုတ်တော့ဘူး။ တခြားကလေးတွေနဲ့ မတူဘဲ မျက် လုံးလေးတွေက မှိန်ဖျော့နေတာပဲ။ ပြီးတော့ အားငယ် ၀မ်းနည်းမှုတွေပြည့်နေတဲ့ မျက်လုံးတွေ၊ အရာရာကို စိတ်ပျက်ပြီး အရှုံးပေးမယ့် မျက်လုံးတွေ အန်ကယ်။ အခု အဲဒီ ညီမလေးက သူ့အမနဲ့ နေတယ်တဲ့။ အသက်က တော့ (၇) နှစ်လောက်ရှိပြီ ပထမတန်းတက်နေတာ။ အဲဒီ ညီမလေးအတွက် အရမ်းစိတ်မကောင်းဖြစ်မိတာပဲ။ သူခံစားနေရတာတွေကို သမီးကိုယ်ချင်းစာကြည့်လို့ရတယ်။ ဒါပေမယ့် အဲဒါက အပြည့်အ၀တော့ မဟုတ်ပါ ဘူး။ ဘာလို့လဲဆိုတော့ သမီးမှာက ဖေဖေရော မေမေရော ရှိတယ်လေ။ သူ့ခံစားမှုမျိုးကို သမီးလိုက်မီနိုင်မှာ မ ဟုတ်ဘူး။

အဲဒီ ညီမလေးရယ်၊ အဲဒီရွာက ကလေးတွေရယ်ကို သမီးလုပ်ပေးနိုင်ခဲ့တာဆိုလို့ သူတို့တွေ ပျော်ရွှင်အောင် သူ တို့လေးတွေနဲ့ စကားပြောကြည့်တယ်၊ ပြီးတော့ ဓာတ်ပုံတွေ ရိုက်ပေးတယ်။ သူတို့တွေက သမီးရိုက်ပေးတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ပျော်ရွှင်ရယ်မောနေကြတယ်။ အဲဒါကိုကြည့်ပြီး ကျေနပ်မိပါတယ်။ သူတို့လေးတွေရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုလေးတွေ ပေးခဲ့ရတာကို ကျေနပ်မိတယ် အန်ကယ်။ သူတို့အားလုံးကို ပြောကြည့်တယ်။ အမကို ညီမလေးတို့ မောင်လေးတို့ အိမ်တွေကို အလည်ခေါ်မှာလားလို့ မေးတော့ သူတို့တွေအားလုံး ခေါင်း လေးတွေ ငုံ့သွားကြတယ်။ ပြီးတော့ တယောက်က ထပြောတယ်။ အမကို အိမ်ခေါ်ရမှာ အားနာလို့ပါတဲ့ အဲဒါပဲ ပြောတယ်။ သမီးလည်း အဲလိုပြောလိုက်တာ မှားသွားလားလို့ ထင်မိတယ်။ သမီးကတော့ ပိုပြီးရင်းနှီးအောင် ပြောလိုက်တဲ့ သဘောပါ။ ဒါပေမယ့် သူတို့ကတော့ အားငယ်ချင် အားငယ်လိမ့်မယ်လို့ နောက်မှတွေးမိတယ် အန်ကယ်။

သူတို့ပြောပြတဲ့ သူတို့ရဲ့ အကြောင်းလေးတွေကို နားထောင်တယ်။ ပြီးတော့ မချိပြုံးလေးနဲ့ အားမငယ်ပါနဲ့လို့ အားပေးမိတယ်။ သူတို့ရဲ့ ရင်ထဲမှာ နာဂစ်မုန်တိုင်းကြီးဟာ ရှိနေဆဲပါ။ မနေ့ကလိုပဲ ရှိနေတုန်းပဲတဲ့။ သူတို့ရဲ့ ဒဏ်ရာတွေဟာ တော်တော်နဲ့ ပျောက်မှာမဟုတ်ပါဘူး။ အဲဒီရွာက နာဂစ်တုန်းက လူ (၂၆) ဦး အသက်ဆုံးခဲ့ တယ်တဲ့။ ရွာထဲကို ပြီးတော့ လျှောက်ကြည့်တယ်။ အိမ်နဲ့တူတာဆိုလို့ ရေတွက်ကြည့်လို့ရတယ်။ သုံးလေးလုံးပဲ ရှိမယ်။ အားလုံးဟာ တဲသာသာလေးတွေချည်းပဲ။ သမီးကတော့ နောက်တခေါက်သွားဖို့ အခွင့်ကြုံ ဦးမယ်ဆို ရင် အဲဒီရွာက ကလေးတွေအတွက် အသိဉာဏ်၊ ဗဟုသုတရမယ့် စာအုပ်လေးတွေဝယ်ပြီး လက်ဆောင်ပေး ချင်တယ်။ သူတို့လေးတွေက တိုင်းပြည်ရဲ့ အလင်းရောင်လေးတွေနော် အန်ကယ်။

(၂) နာရီခွဲလောက်ကျတော့ သမီးတို့လည်း ဆန်တွေဝေနေတာကို ပြီးအောင် မစောင့်တော့ဘူး ပြန်လာကြ တယ်။ အဲဒီမှာ ကျန်ခဲ့တဲ့သူက ကျန်ခဲ့တယ်။ အပြန် အဲဒီရွာက ထွက်တော့ စက်လှေဆိပ်မှာ သမီးထက် အ သက် (၃) နှစ် (၄) နှစ်လောက်ကြီးမယ်လို့ထင်ရတဲ့ အစ်ကိုကြီးတယောက်ကို တွေ့တယ်။ သူက ချိုင်းထောက် နဲ့လေ။ သူ့ခြေထောက်တဖက်ကတော့ နာဂစ်တုန်းက ဆုံးရှုံးသွားတယ်တဲ့။ သမီးကလေ အဲဒီအစ်ကိုကြီးကို ကြည့်ပြီး အစ်ကိုကြီး ဘာမှ အားမငယ်ပါနဲ့၊ သူများတွေထက်စာရင် တော်ပါသေးတယ်လို့ အားမလျှော့ပါနဲ့လို့ ပြောခဲ့တယ်။ သမီးရဲ့ စကားက သူ့အတွက် အသုံးဝင်နိုင်လား မ၀င်နိုင်လား မသိပေမယ့် သမီး အားပေးတတ် သလောက် အားပေးခဲ့တယ်။ သူက ပြုံးနေတယ်သိလား။ သမီးကို ခေါင်းညိတ်ပြတယ်။

အဲဒီရွာကနေ (၂) နာရီခွဲပြီးလောက်မှာ ဖျာပုံမြို့ပေါ်ကို ပြန်ထွက်လာခဲ့တယ်။ အပြန်လမ်းမှာတော့ သမီးအ တွက် အတွေးတွေနဲ့ပဲ အန်ကယ်။ ကိုယ့်ကိုယ်ကိုလည်း ၀မ်းနည်းမိတယ်။ သူတို့အတွက် သမီး ဘာမှ မလုပ် ပေးနိုင်လို့ပါ။ ဘယ်လိုအနေအထားမျိုးမှာ သူတို့တွေကို ကူညီနိုင်မယ်ဆိုတာကို စဉ်စားလာခဲ့တယ်။ အပြန် လမ်းတလျှောက်လုံးမှာ အဲဒီအတွေးတွေနဲ့ ပင်ပန်းစွာ ပြန်ခဲ့တယ်။ သမီးတို့အဖွဲ့မှာပါတဲ့ လူကြီးတွေက သူတို့ရဲ့ ဘ၀အကြောင်းတွေ၊ အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောပြတယ်။ ဖြစ်ရပ်စုံပဲ အန်ကယ်။ နိုင်ငံရေးရေ၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေး အားလုံးပါတယ်။

ဒီခရီးစဉ်ကတော့ သမီးဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်တော့တဲ့ သမီးအတွက် အသိဉာဏ်တွေ၊ အမှတ်ရစ ရာတွေနဲ့ ပြည့်နေတဲ့ ခရီးစဉ်တခုဆိုရင် မှားမယ်မဟုတ်ဘူး အန်ကယ်။ သမီးတွေ့ခဲ့၊ သိခဲ့ရတာတွေက ပြောပ လောက်ချင်မှ ပြောပလောက်မှာပါ။ ဒီထက်ဆိုးတဲ့ ဒေသတွေ အများကြီးရှိသေးတယ်ဆိုတာ သမီးနားလည်ပါ တယ်။

သမီးတို့ အပြန်မှာ အလာတုန်းက လာခဲ့တဲ့ ကွမ်းခြံကုန်း-ဒေးဒရဲဘက်က မပြန်ဘဲနဲ့ မအူပင်-ဆားမလောက် လမ်းဘက်က ပြန်ခဲ့တယ်။ အဲဒီလမ်းက အလာတုန်းက လမ်းထက် ပိုကောင်းတယ် အန်ကယ်။ မိုင်အားဖြင့် တော့ ဒီလမ်းက မိုင်ပိုများတယ်။ မိုင် (၈၀) ကျော်လောက်ရှိမယ်။ ဒါပေမယ့် လမ်းကလည်း ကျယ်တယ်။ အပြန် မှာ သမီးဆရာက အားလုံးရဲ့ရှေ့မှာ ကျနော့်တပည့်ကလေးက ဒီကိုလိုက်လာဖြစ်တဲ့ အကြောင်းကို ပြောပါလိမ့် မယ်တဲ့။ ပြီးတော့ မိုက်ကို သမီးကိုပေးတယ်။ ဘာမပြော၊ ညာမပြောနဲ့ အဲလိုကြီးလာပြောတာ။ ကားပေါ်မှာက လူကြီးတွေချည်းပဲ။ စီးပွားရေးတက္ကသိုလ်က ဆရာကြီးတွေ၊ ဆရာမကြီးတွေရောပါတယ်။ သမီးလည်း ခပ် တည်တည်နဲ့ ပြောရတာပေါ့။ စိတ်ထဲကတော့ ကြောက်နေတာ။ သမီးဆရာကတော့ ပြောတယ်။ သမီးပြောတာ ကောင်းတယ်တဲ့။ သမီးက ဘာတွေပြောမိမှန်းတောင် သေချာမသိလိုက်ဘူး။ စိတ်ထဲရှိနေတာတွေ အကုန် ပြောမိတာနေမှာ။

(၁၄-၆-၀၉) တနင်္ဂနွေနေ့ ရုံးပိတ်ရက်လေးကတော့ သမီးအတွက် အမှတ်တရနေ့လေးပါပဲ။

ယုန်ကလေး (ရန်ကုန်မြို့)

No comments: