Tuesday, June 2, 2009

သင့်လွတ်မြောက်ရေး

ညိမ်းမောင်

တိုင်းပြည်မှာ ယနေ့ (နအဖ) စစ်အုပ်စုကို စာဖတ်သူနဲ့အတူ နိုင်ငံသူနိုင်ငံသားတိုင်း ရင်ထဲမှာမကြိုက်ဘူး။ မုန်း တီးတယ်။ သို့သော် ဆန့်ကျင်ဖို့လိုအပ်နေတဲ့ သတ္တိမရှိကြဘူး၊ ရဲရင့်မှုမရှိကြဘူး၊ ဘာဖြစ်လို့လဲဆိုတာ စဉ်းစား ကြည့်တော့ အကြောက်တရားနဲ့ မိမိကိုယ်ကိုမိမိ မယုံကြည်မှုများစွာ ကိန်းအောင်နေကြလို့။ ဒီလိုဖြစ်နေအောင် လည်း စစ်အုပ်စုက နေ့စဉ်ကြိုးပမ်းနေတယ် (ဒါကလည်း စစ်အာဏာရှင်စနစ် ကြီးထွားရှင်သန်နိုင်ဖို့ လုပ်နေ ကြတဲ့ အလုပ်ကြီးပါ။ သိပ်တော့ မထူးဆန်းပါဘူး)။ ဒါကို ကျော်လွှားဖောက်ထွင်း ထွက်နိုင်သူသာ လွတ်မြောက် ပြီး ယုံကြည်မှုရှိသူ ဖြစ်လာတာပါ။

ယခုအချိန်မှာ မိမိယုံကြည်ချက်ကြောင့် နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်မှုနဲ့ ယုံကြည်မှုကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တယ်။ မြန် မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခပြဿနာ၊ ဖိနှိပ်မှု၊ အနိုင်ကျင့်လွှမ်းမိုးမှု၊ မတရားဖမ်းဆီးခံရမှု၊ သတ်ဖြတ် ခံရမှု၊ ဖျက်ဆီးမီးရှို့၊ မုဒိမ်းကျင့်ခံရမှုတွေကနေ လွတ်မြောက်ဖို့ နိုင်ငံသူနိုင်ငံသားတွေနဲ့ စာဖတ်သူတွေမှာ လို အပ်နေတာကတော့ ဒေါ်အောင်ဆန်းစုကြည်လို လွတ်မြောက်ကြဖို့၊ ယုံကြည်ကြဖို့၊ သတ္တိရှိရှိ ရဲရင့်ပြတ်သားကြ ဖို့၊ တာဝန်ယူတတ်ကြဖို့၊ အမှန်နဲ့အမှား ခွဲခြားနိုင်ဖို့၊ မတရားမှုနဲ့ တရားမှုကို နားလည်ကြဖို့၊ မှန်ကန်စွာ အသက် ရှင်သန်ကြဖို့၊ စတာတွေ လိုအပ်နေပါတယ်။

ဘာကိုကြောက်နေကြတာလဲ ပြည့်စုံအောင် စဉ်းစားကြဖို့နဲ့ မိမိကိုယ်ကို ယုံကြည်ချက်ထားပြီး စဉ်းစားဆုံးဖြတ် လုပ်ဆောင်တဲ့အခါ မိမိရည်ရွယ်ချက်ပန်းတိုင်အတွက် မိမိမှာတာဝန်အရှိဆုံးဖြစ်တယ်။ မိမိကိုယ်တိုင် သံန္နိဋ္ဌာန် ချဆုံးဖြတ်လုပ်ဆောင်ဖို့ အချိန်ကျရောက်နေပါပြီ။ မိမိပိုင်ဆိုင်နေတဲ့အရာက ဘာလဲ၊ မိမိရဲ့စိတ်စွမ်းအားပဲဖြစ် တယ်။ မိမိမှာ ပိုင်ဆိုင်ရမယ့် စိတ်စွမ်းအားမရှိတဲ့ လူသားတဦးဟာ လူဖြစ်ပါလျက် တိရစ္ဆာန်လို နေထိုင်ရမှာဖြစ် တယ်။

လက်တွေ့သိမြင်နေတဲ့ အခြေအနေကို ယှဉ်ပြချင်ပါတယ်၊ (နအဖ) စစ်အုပ်စုမှာ နိုင်ငံနှင့် နိုင်ငံသားတို့ပိုင်ဆိုင် တဲ့ ပြည်သူပိုင် တွင်းထွက်သံယံဇာတ၊ တပ်မတော်ကြီးနဲ့ အုပ်ချုပ်ရေးအာဏာ၊ လက်နက်နဲ့ အင်အားစုတွေရှိ နေတယ်။ စစ်အုပ်စုက လုပ်ချင်ရာလုပ်နေနိုင်တယ်။ (နအဖ) စစ်အုပ်စုကို ဘယ်သူမှပြန်လှန်ပြောဆိုခွင့်မရှိ အောင် နည်းမျိုးစုံနဲ့ ဖိနှိပ်နေတယ်။ ဒါပေမယ့် သူတို့လုပ်ချင်ရာလုပ်နေတာကို လက်မခံဘူးလို့ ပြန်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ ဘာတွေရှိလဲ၊ ခိုင်မာပြတ်သားပြီး ယုံကြည်ချက်နဲ့ ရဲ ရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေပဲရှိပါတယ်။

ဂုဏ်သိက္ခာရှိတဲ့ လူသားတဦးလိုနေနိုင်ဖို့ သူတို့တိုက်ပွဲဝင်ရဲတယ်၊ တိုက်ပွဲဝင်တယ်။ ဒါကိုကြောက်ပြီး (နအဖ) စစ်အုပ်စု မတရားယူထားတဲ့ အာဏာ၊ လက်နက်တွေနဲ့ ဖိနှိပ်မှုတွေလုပ်နေဆဲဖြစ်တယ်။ ဖိနှိပ်မှုတွေ လုပ် ဆောင်နေတာနဲ့ တပြိုင်နက်တည်းမှာ (နအဖ) စစ်အုပ်စုခေါင်းဆောင်တွေ စိတ်ထဲ အလွန်ကြောက်ရွံ့နေတာ ဘယ်သူတွေကိုလဲ။ သူတို့ကြောက်ရွံ့နေတာ လက်နက်မဲ့ နှလုံးရည် စိတ်ဓာတ်စွမ်းအားမြင့်မားတဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ကိုပဲ ဖြစ်တယ်။

တွေဆုံပြီးလည်း မဆွေးနွေးရဲဘူး၊ ချုပ်နှောင်မှုပြင်ပမှာထားပြီးလည်း ယှဉ်ပြိုင်မှုမပြုရဲဘူး၊ ဘာကြောင့်လဲ (နအ ဖ) စစ်အုပ်စုခေါင်းဆောင်ကြီးများရဲ့ အတွင်းကြောက်စိတ်ကြောင့်ပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် က “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” ဆိုတဲ့ စာအုပ်ရေးသားချက်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး မြင်သာ ထင်သာ ရပ်တည်ပြနေတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဆီမှာ ဒီလောက်တန်ဖိုးကြီးတဲ့ ခေါင်းဆောင်တွေရှိနေပြီ။ လမ်းပြသူတွေ ရှိနေပြီ။ ကိုယ်တိုင် (ပြည်သူတိုင်း) လျှောက်လှမ်းကြဖို့ပဲ လိုအပ်ပါတယ်။ ယခုပြိုင်တူလျှောက်လှမ်းကြမယ်ဆိုရင် ...

(နအဖ) စစ်အုပ်စုအနေနဲ့ ပြည်သူလုပ်ပိုင်ခွင့်အာဏာ ပြည်သူလူထုထံ ပြန်လည်အပ်နှံမှုမပြုမချင်း နိုင်ငံသူနိုင် ငံသားအပေါင်းတို့ လမ်းပေါ်ထွက် တောင်းဆိုခြင်း၊ အုပ်ချုပ်ရေး ရပ်တန့်ခြင်း၊ ပြည်သူအုပ်ချုပ်ရေးများ ထူ ထောင်ခြင်း စတာတွေကို ယနေ့ကစလို့ တက်ကြွလူငယ် ကျောင်းသားများ၊ ရဟန်းသံဃာတော်များ၊ တပ်မ တော်သားများမှ စတင်ဦးဆောင်တိုက်ပွဲဝင်မယ်ဆိုရင် ပြည်သူလူထုတရပ်လုံးပူးပေါင်းပါဝင်တဲ့ အခြေအနေကို ရက် (၃၀) အတွင်း ရရှိမှာအမှန်ဖြစ်တယ်။

ကတိခံတင်ပြရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားတွေရဲ့ဘ၀ (၃၆၅ ရက်အတွင်း) လွတ်မြောက်ရမယ်၊ လိုလား တောင့်တနေတဲ့ အနာဂတ်အာမခံချက်များ နိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမိဘပြည်သူများနှင့် အတူတကွ ဖန်းတီးခွင့်ရရှိမှာ အမှန်ပင်ဖြစ်တယ်။

ဘာလုပ်ရမလဲ။ စာဖတ်သူစဉ်းစားရမှာက ထောင်ထဲသွားနေရခြင်း၊ မနေရခြင်း မဟုတ်ပါဘူး၊ လွတ်မြောက်မှု ကို ငါတကယ်လိုချင်လား မလိုချင်လား၊ ငါကြောက်နေတာဘာလဲ၊ အဲဒီကြောက်ရွံ့မှုက စစ်မှန်တဲ့ ကြောက်ရွံ့ ခြင်းလား၊ လွဲမှားတဲ့ အယူအဆ အတွေးအခေါ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ ကြောက်ရွံ့မှုလား၊ ဒီဖြစ်ပေါ်နေတဲ့ ကြောက်ရွံ့မှုကို မှန်မှန်ကန်ကန် ဆန်းစစ်လေ့လာကြည်ကြဖို့ လိုပါတယ်။

လူအများစုဆီက ကြားနေရတာတွေ နည်းနည်းတင်ပြချင်ပါတယ်။ ငါ့မှာက ကလေးတွေရှိတယ်၊ စားစရာ တောင် မရှိတာ ဘာမှမစဉ်းစားချင်ပါဘူး၊ ငါတို့က နိုင်ငံရေးမလုပ်တတ်ဘူး၊ ငါဝင်လုပ်လို့လည်း ငါခံရတာပဲဖြစ် မယ်၊ ငါရရှိပိုင်ဆိုင်နေတဲ့ အခြေအနေကို ငါအဆုံးရှုံး မခံချင်ဘူး မခံနိုင်ဘူး၊ လူအများထွက်ရင် ငါထွက်ဖို့အ ဆင်သင့်ပဲ၊ငါဦးဆောင်မှု မလုပ်နိုင်ဘူး၊ မလုပ်တတ်ဘူး၊ မပေးနိုင်ဘူး စသဖြင့် ကြားနေရတာတွေ သေသေချာ ချာ လေ့လာကြည့်တော့ အငြင်းတွေ လွှမ်းမိုးခံထားရတဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်နေတာကို သွားတွေ့မိတယ်။ မိမိကိုယ်ကို ဘာကြောင့်အဲဒီလောက် နှိမ်ချစဉ်းစားတွေးခေါ်နေကြတာလဲ။

ကမ္ဘာပေါ်မှာရှိနေတဲ့၊ ရှိခဲ့တဲ့လူတွေ အဲဒီလိုပဲစဉ်းစားတွေးခေါ်ခဲ့ကြရင် ကျနော်တို့ ဒီကနေ့အထိ ကျောက်ခေတ် လူသားဘ၀ကနေ လွတ်မြောက်ကြမှာ မဟုတ်သလို၊ ရေ၊ မီးကိုးကွယ်တဲ့ ခေတ်ကာလကလည်း ရုန်းထွက်လို့ ရခဲ့ကြမှာမဟုတ်ပါဘူး၊ လူဆိုတဲ့သတ္တ၀ါဟာ အန္တရာယ်ပြုနိုင်တဲ့ ကျားရဲတိရစ္ဆာန်တွေကိုတောင် ဖမ်းဆီးထိန်း သိမ်း ယဉ်ပါးအောင်လုပ်ပြီး တိရစ္ဆာန်ရုံထဲထား ငွေရှာနိုင်ကြတယ်၊ လျှပ်စစ်မီးတွေ တီးထွင်ဖန်တီးနိုင်ခဲကြ တယ်၊ ဒါတွေက ဖောက်ထွက်ဖန်တီး စဉ်းစားတွေးခေါ်သူတွေ ရှိခဲ့လိုပဲ၊ ရှိနေလို့ပဲဖြစ်တယ်။ အဲဒီအချိန်အခြေ အနေမှာလည်း လွယ်ကူစွာနဲ့ ရရှိခဲ့ကြတာမဟုတ်သလို ခက်ခဲရင်ဆိုင်ရချိန်မှာ စိတ်ဓာတ်စွမ်းအားမြင့်မားခဲ့ကြ လို့ ယုံကြည်ချက်ပြင်းထန်ခဲ့ကြလို့ ယနေ့ကမ္ဘာကြီးမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေတာပဲ ဖြစ်တယ်။

ဒီလိုဖြစ်ပေါ်တိုးတက်ခဲ့မှုတွေကို လူတဦးတယောက်ကပဲ စတင်ရပါတယ်၊ ဒီလိုစတင်ခဲ့သူတွေနောက်မှာ (သို့) ယှဉ်တွဲလုပ်ဆောင်သူတွေရှိခဲ့လို့ လူသားများရဲ့ အောင်မြင်မှုပန်းတိုင်တွေ တခုပြီးတခု စိုက်ထူးနိုင်ခဲ့တယ်၊ စိုက်ထူနေကြတယ်၊ စိုက်ထူကြရဦးမယ်ဆိုတာ စာဖတ်သူလက်ခံ စဉ်းစားမိမယ်ဆိုရင် ယနေ့ သင်ရဲ့ လွတ် မြောက်မှုအတွက် ဘယ်သူမှာ တာဝန်ရှိနေတာလဲဆိုတာ စဉ်းစားအဖြေထုတ်ပြီး နိုင်ငံ့လွတ်မြောက်ရေးအ တွက် သင့်ရဲ့မှားယွင်းတဲ့ အကြောက်တရားကနေ ယနေ့ပဲလွတ်မြောက်အောင် ကြိုးစားကြပါလို့ မေတ္တာရပ်ခံ ရင်း …

ညိမ်းမောင်
(၂၀၀၉ ခုနှစ်၊ ဇွန်လ ၁ ရက်၊ ရန်ကုန်မြို့)

No comments: