Monday, May 25, 2009

နအဖ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) တင်ရေး ဒီမိုက ရေစီအင်အားစုတွေအားလုံး တက်ညီလက်ညီ ကြိုးပမ်းကြပါစို့ ...

နအဖ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) ကို တင်ရေး
ဆရာကြီး ဦးဝင်းတင်၏ သဘောထား

(မဇ္ဈိမအင်တာဗျူးမှ ကောက်နုတ်ဖော်ပြသည်)

“ဒီလူတွေကို အပြစ်ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့်ကိစ္စ။ ကျနော့်ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင်တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။”

မဇ္ဈိမ ။ ။ နအဖထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတရားရုံး ICC ကို တင်ဖို့ ကြိုးစားနေတာ တွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလားခင်ဗျာ။

ဦးဝင်းတင် ။ ။ ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ လည်းဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရား စွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်းများစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။

ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာတွေထဲပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူ တွေဟာ ရှစ်လေးလုံးကာလလို ကာလမျိုးကစပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလို ကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသားများစွာကို ညှင်းဆဲ သတ်ဖြတ်ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်း အားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ် လို့ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့်ကိစ္စ။ ကျနော့်ဘက်ကတော့ ဒီလူတွေဟာ အဲဒီ လို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင်တယ်။ သတ်သတ် မှတ်မှတ် ပြောတယ်။

သို့သော် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗ မာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ဟာတွေ အ ကုန်လုံး တယောက်နဲ့တယောက် လက်စားချေကြမယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘော တူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီရယ် လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်းချေလို့မရဘူး။ ဘာ လို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှုကျူးလွန်မှုဟာ လူသား အပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဲဒီလို ပုံစံအမျိုးမျိုးကျူးလွန်တဲ့ လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမ လား။ နိုင်ငံရေးပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင်တယောက်ကနေ လုပ်ရင် ရမလား။ မရဘူး။ တရားဝင်ဖြစ်ဖို့လိုတယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီးမကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့ မှာတင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာဖြစ်စေ၊ ဒါကတခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆို ရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။

သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျ နော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆို တာ ကျနော်တို့ ဒီမိုကရေစီသမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအထားမှာ မရှိဘူး။ လွှတ်တော် လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင်ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီ လူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော်ယုံကြည်ပါ တယ်။

No comments: