တုတ်ကြီး (ခေတ္တ တာဝတိံသာ)
ယခုရက်ပိုင်း ကျွန်ုပ် စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှုမရှိသည့်အလျောက်၊ အာနာပါနကမ္မဌာန်းလေး စီးဖြန်းလိုက်၊ အလုပ်ကလေး ပြေးလုပ်လိုက်၊ ၀မ်းစာအတွက် တိတ်ဆိတ်အေးဆေးစွာ ချက်ပြုတ်စားသောက်လိုက်ဖြင့် ကျွန်ုပ်၏ ကိုယ်ပိုင်ကမ္ဘာကျဉ်းကျဉ်းကလေးထဲတွင် အေးငြိမ်းရာရှာဖွေရင်း နေစိမ့်သူကြီးတဦးအလား လောက ကြီးနှင့် လောကီဖြစ်စဉ်တို့ကို ဥပေက္ခာပြုနေထိုင်နိုင်ရန် ကြိုးစားမိသော်လည်း အရံသင့်အမြဲဆောင်ထားသော ပယင်းရောင် ယစ်ရွှေရည်ပုလင်းကိုတော့ မျက်စောင်းတထိုးထိုး ဖြစ်နေမိပြန်၏။
နေ၀င်ရီတရော အပုပ်ချိန်တွင် သတင်းများကို ဖတ်မိတော့ ....
နအဖစစ်အာဏာရှင်က ကြောင်တိကြောင်တောင် အဖြူကောင်ကို အင်းလျားကန်ထဲမှ ဆယ်ထုတ် ဖမ်းခေါ် သွားသည်ဆို၏။ အကြောင်းကား ထိုအမေရိကန်ကောင်သည် သူ၏ စာအုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်
နှင့်တွေ့ဆုံရန် တိတ်တဆိတ်ဖြင့် အင်မတိအင်မတန် အစောင့်အကြပ်ထူပြောကာ စက္ကန့်နှင့်အမျှ စောင့်ကြည့် ထိန်းချုပ်ထားသော အိမ်ခြံဝင်းတွင်းသို့ ၀င်ရောက်သွားကာ နှစ်ရက်နေခဲ့သည်ဆိုသော ကိစ္စဖြစ်လာ၏။ ထို့ နောက် ... ကော်တာပဲကွဟူသော အပေါက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီဗဟိုအမျိုးသမီးအဖွဲ့ဝင် သားအမိကိုပါ အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြန်၏။
ထိုအဖြူကောင်နှင့်ပတ်သက်၍လည်း တချို့ဂုရုများဟု မိမိကိုယ်မိမိ အထင်ရှိသူများက “သူဟာ ဒီမိုကရေစီကို ထောက်ခံသူဖြစ်တယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဟိုဒင်းဖြစ်တယ်၊ ဟိုဟာဖြစ်တယ်' ဟု မိန့်မိန့်ကြီးဖြင့် ဖြီး ဖြန်းကြပြန်၏။
ထိုအချိန်တွင် ဘဘသန်းတို့ ကတော့ ... အကြံပိုင်သော ငခွေးပေါ့ ... ဂွင်ပဲပေါ့ ... အီစကိုကွပေါ့ ... ဘာရမလဲ သာဝပဲပေါ့ ...။ အဲသလိုကို အူမြူးသွားလျက် ရေးကြီးသုတ်ပြာ ဆုံးဖြတ်ပစ်လိုက်၏။ နောက်ကွယ်တွင် ပိုမို ကောက်ကျစ်ယုတ်မာ လူမဆန်သော အစီအစဉ်များလည်း ဆက်လက်ရှိနေမည်မှာ ကြိမ်းသေ၏။
ထိုကိစ္စနှင့်ပတ်သက်၍ ဘိလပ်လို ဆောင်းပါးလေးတပုဒ်ရေးအပြီး မိတ်ဆွေဖြစ်သူ၏ ဘလော့ကို ၀င်ကြည့်မိ ပြန်သည်။
ဆုမွန်၏ ဘလော့တွင် တင်ပြထားသော ဒေါ်ခင်ခင်ဝင်းတို့ သားအမိနှင့် ပတ်သက်သော ရေးသားချက်၊ ထို့ နောက် ကာယကံရှင်၏ သမီးဖြစ်သူ၏ ရေးသားချက်များကို ဖတ်မိတော့ တော်တော်စိတ်မကောင်းဖြစ်မိသလို
ပြည်ပရောက် မြန်မာသတင်းထောက်ဆိုသူများ၏ မြန်မာစာနှင့် မြန်မာစကား၊ သတင်းသမားကျင့်ဝတ်နှင့် ရပ် တည်မှု၊ ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှုအပေါ်ထားရှိသော တန်ဘိုးနှင့်ခံယူချက်ကို အတော်ပင်အံ့သြမိသလို အင်မတန်လည်း စိတ်ပျက်မိ၏။
အိမ်ဖော်၊ အစေအပါး၊ အခိုင်းအစေ ဆိုသည့် ဝေါဟာရနှင့် ပါတီဗဟိုအမျိုးသမီးအဖွဲ့ဝင်၊ ခေါင်းဆောင်နှင့်အတူ ဒုက္ခခံကာ မားမားမတ်မတ် အတူတကွ ရပ်တည်ခါးစည်းရင်ဆိုင်သူ၊ ဘယ်နေရာမှာ တူညီမှုရှိပါသနည်း။ ပြီးခဲ့ သောနှစ်ကလည်း ဧရာဝတီသတင်းဌာနက အင်္ဂလိပ်ဘာသာဖြင့် ရေးသားချက်တခုတွင် ကျောင်းသားတပ်မ တော်ကို သောင်းကျန်းသူလို့ သုံးသွားကာ နအဖကို အစိုးရဟု သုံးစွဲရေးသားသွားပြန်၏။
ရေးချင်တိုင်းရေးကာ သူတို့ကိုယ်သူတို့ တင့်တယ်လွန်းလှသည် ထင်နေကြသည့် သူများကတော့ စားဝတ်နေ ရေး အဆင်ပြေ၊ အသောက်အစား လျှံပယ်ကာ၊ ကြွယ်ကြွယ်၀၀နေရလျှင် တခြားဘာကိုများ ဒီလူတွေက လေး လေးနက်နက် ဂရုစိုက်ဦးမည်နည်း။
ဒီနေရာတွင် ဘီအမ်အေဆိုသော ဆရာများဘက်မှလည်း တုံဏှိဘာဝေ ဆိတ်ဆိတ်နေကာ တရားဝင်ဘာသံမှ ထွက်ပေါ်လာခြင်းမရှိ။ ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် ဆရာကြီးဝင်လုပ်ကာ ပဏာယူရမည့် ကိစ္စများဆိုလျှင်တော့ ဒင်း တို့ ရှေ့ဆုံးကဖြစ်၏။
ပုံမှန်လည်ပတ်မှုရှိနေသော အဖွဲ့အစည်းတရပ်မှ ဟုတ်ပါလေစ။ မျက်စိစုံမှိတ်ကာ သတင်းဖြစ်ပြီးရော ရေးသား နေသော ပြည်ပရောက် မြန်မာသတင်းသမားဆိုသူများ၏ တာဝန်မဲ့မှုနှင့်ပတ်သက်ကာ တေမိဇာတ်ခင်းလျက် အမုန်းမခံ ပရောဟိတ်ဟန်များဖြင့် ၀စီပိတ်ကျင့်နေကြ၏။
မြန်မာ့အလင်း၊ ကြေးမုံနှင့် ဒီဘက်က လူများ၏ သတင်းဌာနများသည်လည်း သိပ်တော့မထူးလှပါ။ သူ့နည်းနှင့် သူ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော အကျင့်များဖြင့် သက်ဆိုင်သူများအား စော်ကားပြီးရင်း စော်ကား ရင်းလုပ်ရပ်ကို ရပ်တန်းက မရပ်ကြ။ သူတို့ကိုယ်သူတို့ တိုင်းပြည်၏ ကယ်တင်ရှင်များလိုလို တကယ့်ဆယ် လစ်ဘရစ်တီများလိုလို၊ ဘန်ကီမွန်းထက်ပင် ပိုမိုအလုပ်များကာ ကင်ချီး စိမ်နေကြသလိုလို အချိုးမျိုးဖြင့် က လောင်ဖင်ကြားညှပ်ကာ မိုးမမြင်လေမမြင် ဖြစ်နေကြ၏။
ထို့ပြင် လေလှိုင်းမှ လေလည်နေကြသော ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ၊ ဒီဗွီဘီတို့မှ ဆရာသမားများ သည်လည်း အချိုးက အတူတူပင်ဖြစ်ကြ၏။ ပြည်သူလူထုတရပ်လုံးက သူတို့လောက်မသိ ၊ သူတို့လောက် နား မလည်သလို လေသံများဖြင့် ...။
ဒီတော့ ... ဒီလူတွေလို နိုင်ငံခြားစပွန်ဆာဖြင့် မမောက်မာနိုင်ဘဲ ကိုယ့်ထမင်းကိုယ်စားကာ တိုင်းပြည်နှင့်လူမျိုး အတွက်၊ မိမိခေါင်းဆောင်အတွက် မိမိတို့၏ လွတ်လပ်ခွင့်နှင့်ဘ၀ကို ပေးထားကြသော ထိုသားအမိဘက်မှ နားလည်စာနာမှုဖြင့် ကျွန်ုပ်လည်း မအီမသာ ဤစာအား ရေးလိုက်ရင်း တဆက်တည်းလည်း ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန်ထောင်ထဲ ပို့ထားသည့်ကိစ္စနှင့်ပတ်သက်ကာ ငပွအရေးကျွမ်းကျင်သူများ၊ နအဖဘက်မှ ရှေ့နေလိုက်ကာ တတ်ယောင်ကား လေသံပစ်နေသောသူများ၏ ထင်မြင်ချက်များ ပေါ်မလာသေး၊ ဘာကို ဆက်ပြီး တတ်ယောင်ကားလုပ်ကြဦးမည်နည်းဟု တွေးရင်း ခပ်ကင်းကင်း ခပ်ပြတ်ပြတ် ဆောင်းပါးများ ထပ်မံ ရေးသားမှ ဖြစ်ဦးတော့မည်ဟု စဉ်းစားမိပါ၏။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
Sunday, May 17, 2009
မှားသမှ လွဲ တားမရလဲ နေ ကျပ်ပွားမွှေ
Subscribe to:
Post Comments (Atom)
2 comments:
ဦးတုတ်ကြီးရှင့် ရှင်ကလဲ တာဝတိံသာမှာ နေနိုင်တယ်ဆိုပြီး မောက်မာနေတယ်ပေါ့လေ ဟုတ်စ ရှင်နော်ရှင် ဟင်းဟင်း လုပ်ထည့်လိုက်ရင် နာတော့မယ်။
မောင်တုတ် ။
မင်းကို ကျိန်းနေပြီနော် ။ ကိုယ့်ဇာတ်ကိုယ်နိုင်အောင် က ပါ။
လုပ်လိုက်မှ ဖြင့် မရှင်းမရှင်းပါလား ။
မင်းဒင်
Post a Comment