Thursday, May 28, 2009

မြင်ကွင်းအချို့မှသည် လျှပ်တစ်ပြက် အတွေးစများဆီသို့ ...

ပြည်တွင်းစစ်များအကြောင်း ပြောကြတဲ့အခါမှာ သက်တမ်းရှည်လျားလှတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး ကလည်း ချန်ထားရစ်ခဲ့လို့ မရပါချေ။ ဆယ်စုနှစ်သုံးခုနီးပါး ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်အတွင်းမှာ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြရပါတယ်။ သီးခြားလွတ်လပ်တဲ့ တမီးနိုင်ငံတခု တည်ထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အစိုးရစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရင်း သူတို့လိုချင်တဲ့ ပစ်မှတ်ကို အထူးသဖြင့် အစိုးရအဖွဲ့တွင် ပါဝင်သူများအပေါ် အသေခံဗုံးခွဲခြင်း စတာတွေကို ပြုလုပ်လာခဲ့ကြပါတယ်။

တိုင်းပြည်နှင့် လူမျိုးတခု လွတ်မြောက်ရေးအတွက် တမီး LTTE သူပုန်နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ခိုက် နေမှုတွေအပေါ် ပြည်သူများအနေဖြင့် အတိုင်းအတာတခုအထိ နားလည်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းကာလ များမှာ အပြစ်မဲ့တဲ့ ကျောင်းသားသူငယ်များအပါအ၀င် အရပ်သားပြည်သူများကို ပစ်မှတ်အဖြစ်ထားကာ တိုက် ခိုက်လာချိန်မှာတော့ ပြည်သူတွေအတွင်းမှာ မကျေနပ်မှုတွေ၊ လူမျိုးရေးအရ မုန်းတီးမှုတွေ၊ အာဃာတတရား တွေ ကြီးထွားလာခဲ့ပါတော့တယ်။

နှစ်ပေါင်းများစွာ တဘက်နဲ့ တဘက် အပြန်အလှန် တိုက်ခိုက်လာခဲ့ကြရင်းက LTTE သူပုန်တွေရဲ့ အတင့်ရဲစွာ လုပ်ဆောင်လာမှုများကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုများလာချိန်မှာတော့ အစိုးရဘက်က စစ် တပ်အလုံးအရင်းနဲ့ သူပုန်ချေမှုန်းရေးစစ်ပွဲကြီးကို အပြင်းအထန် ဆင်နွှဲခဲ့ပါတော့တယ်။ ယခုလိုစစ်ပွဲကြီးကို အ ကြီးအကျယ် ဆင်နွှဲလာခဲ့ရခြင်းကလည်း ပြည်သူအများစုကြီးက LTTE သူပုန်တွေအပေါ် မကျေနပ် မှုခံစား ချက်တွေကို အခြေခံပြီး အစိုးရအပေါ် ဖိအားပေးမှု၊ သူပုန်ချေမုန်းရေးကို ထောက်ခံအားပေးမှုတွေကြောင့် လည်းဖြစ်ပါတယ်။ ထိခိုက်နစ်နာမှုတွေ၊ ဖိနှိပ်မှုတွေ များလာတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝပဲဖြစ်ပါ တယ်။

တကယ်တော့ သူတပါးအပေါ် သနားကြင်နာခြင်း၊ စာနာထောက်ထားခြင်း၊ ကရုဏာနဲ့ ပြုမူဆောင်ရွက်ခြင်း အ မူအရာတွေက တဘက်သားရဲ့ ချစ်ခြင်းမေတ္တာနဲ့ တုန့်ပြန်လာမှု အမိန့်နာခံမှုတွေကို ဖိတ်ခေါ်သလို ဖြစ်စေပေ မယ့် ဖိနှိပ်မှုများစွာနဲ့ ထိခိုက်နာကျင်အောင် လုပ်ဆောင်တဲ့ အပြုအမူတွေကတော့ တဘက်သားကို တန်ပြန်ခု ခံမှုတွေ၊ တင်းမာမှုတွေဖြစ်ပွားအောင် တွန်းပို့ပေးသလို့သာဖြစ်နေစေပါတယ်။ အားမတန်လို့ မာန်လျှော့ပြီး ပြုံး ပြလိုက်ရတဲ့ အပြုံးတချက်က ပျံလေတေဲ့ငှက်ခါး နားမှသိကြသေးတာပေါ့ ဆိုတာလို တနေ့တွေ့ကြသေးတာ ပေါ့ဆိုတဲ့ ရန်ငြိုးရဲ့ သင်္ကေတလို့ဆိုရင် မှားမယ်မထင်ပါဘူး။

ဘယ်လိုပင် လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ နိုင်ငံတွေ ကွဲပြားနေပါစေ နာရေးလို့ ဆိုလိုက်လျှင် လူအများက သနား ကရုဏာသက်ကြ၊ စိတ်ထဲမှာ တကယ်မခံစားရသည့်တိုင် လူမှုထုံးစံအရ ၀မ်းနည်းသည့် အမူအရာကို ပြကြ စ သည်ဖြင့် တူညီတဲ့ အယူအဆတခုဟာ လူယဉ်ကျေးမှုတရပ်လိုပင် ဖြစ်လာခဲ့တာပါ။ သို့သော်လည်း ၄င်းယဉ် ကျေးမှုက လူတိုင်းအတွက်တော့ ဖြစ်မလာခဲ့ပါချေ။ အထူးသဖြင့် လူတယောက်ဖြစ်ပါလျက် လူစိတ်ကင်းမဲ့တဲ့ ရက်စက်ယုတ်မာသူများအတွက် ဖြစ်ပါတယ်။

တချိန်က ဗာရာဏသီပြည်ကြီးကို အုပ်ချုပ်မင်းလုပ်နေတဲ့ ဗြဟ္မဒတ်မင်းကြီးဟာ တိုင်သူပြည်သားတွေအပေါ်မှာ ရက်စက်လွန်းသူတယောက်ဖြစ်လို့ တိုင်းသူပြည်သားများခမျာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေ့ပေါင်း နှစ်ပေါင်း များစွာ နေထိုင်ခဲ့ကြရပါတယ်။ ထိုမင်းကြီးဟာ မိမိနဲ့ ဝေးတဲ့နေရာမှာ ရှိနေသူများအပေါ်မှာ နှိပ်စက်ရုံသာမက ဘဲ အနီးနေဖြစ်တဲ့ မိမိရဲ့ တံခါးစောင့်အပေါ်မှာပင် သနားငဲ့ညှာမှုကို ပေးခဲ့သူမဟုတ်ပါချေ။ တနေ့တနေ့ ၄င်းတံ ခါးပေါက်က ထွက်တိုင်းဝင်တိုင်းမှာ တံခါးစောင့်ရဲ့ခေါင်းကို အချက်ပေါင်းများစွာခေါက်ပြီးမှ ၀င်ထွက်လေ့ရှိ တယ်လို့ ဆိုပါတယ်။ တံခါးစောင့်လည်း နေ့စဉ်နဲ့အမျှ ဘုရင်ကြီးရဲ့ ခေါင်းခေါက်ခြင်းကို ခံနေရသော်လည်းပြန် မပြောဝံ့ရှာလေတော့ ကြိတ်မှိတ်ပြီးသာ ခံစားလို့နေခဲ့ရရှာပါတယ်။

ဒီလိုနဲ့ ဘုရင်ကြီး ကံတော်ကုန်လို့ နတ်ရွာစံတဲ့အခါ ( အစဉ်အလာအရ ၄င်းအသုံးအနှုန်းကို သုံးလိုက်ရခြင်းမျှ သာ) တတိုင်းပြည်လုံးက ပြည်သူအများက ၀မ်းသာလွန်းလို့ လမ်းမပေါ်ထွက်ပြီး ကခုန်ပျော်မြူးနေကြပါတယ်။ သို့သော်လည်း အများနည်းတူ မပျော်ရွှင်နိုင်ဘဲ တံခါးပေါင်ကိုကွယ်ပြီး ငိုရှိုက်နေသူတယောက်တော့ရှိပါတယ်။ ထိုသူကား အခြားသူတော့မဟုတ်ပါချေ။ နေ့စဉ်နေ့တိုင်း ခေါင်းခေါက်ခြင်းကိုခံခဲ့ရတဲ့ တံခါးစောင့်ပဲဖြစ်ပါတယ်။ အဲဒီအချင်းအရာကိုမြင်တဲ့ ပြည်သူတယောက်က ငိုနေရခြင်းအကြောင်းကိုမေးတဲ့အခါ ပြန်ပြောတာက ဒီလိုပါ။

“ဒီဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေအပေါ်မှာ ဆိုးသွမ်းယုတ်မာပြီး အကြင်အနာကင်းမဲ့တယ်ဆိုတာကို ခင် ဗျားလိုပဲ အကျွန်ုပ်လည်း ဒူးတွေ့ နဖူးတွေ့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသူဖြစ်လို့ အသိဆုံးပါ။ အခုချိန်မှာ သူများ တွေ ပျော်ကြ လွမ်းကြလို့ လမ်းမတွေပေါ်ကို ထွက်ပြီး မြူးတူးကခုန်နေကြသလို ကျွန်တော်မျိုး မပျော်နိုင်ရခြင်း ကတော့ ဒီဘုရင်ကြီးဟာ သက်ရှိထင်ရှားရှိစဉ်က ရက်စက်ကြမ်းကြုတ်သူဆိုတော့ ငရဲပြည်ကို သွားရမှာက တော့မြေကြီးလက်ခတ်မလွဲပါ။ ဒါပေမယ့် ဒီဘုရင်ကြီးကို လက်ခံလိုက်ရင် ငရဲပြည်ကြီးတခုလုံး ပျက်စီးသွားနိုင် တယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့ ယမမင်းကြီးလည်း ငရဲပြည်မှာ လက်ခံရဲမှာမဟုတ်ပါဘူး။ အဲဒီအခါ မှာ ဒီဘုရင်ကြီးဟာ လူပြည်မှာ လူပြန်ဖြစ်လာပြီး နဂိုကထက်ပိုလို့ ရက်စက်ကြမ်းကြုတ်မှာကို တွေးပူမိလို့ ငိုနေ ရခြင်းဖြစ်ပါတယ်” လို့ ပြောဆိုပါတော့သတဲ့။ ဒီတော့လည်း မြင်ကွင်းနှစ်ခုက ခြားနားနေသယောင်ထင်ရပေ မယ့် အများပြည်သူတွေကို ရက်စက်သူတွေအပေါ်ထားရှိတဲ့ ခံစားချက်နဲ့ မကျေနပ်ချက်တွေကတော့ အတူတူ ပဲ ဖြစ်ပါတော့တယ်။

ယခုလည်း သီရိလင်္ကာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ဖြစ်နေကြပုံကို ကြည့်ပါ။ အထက်မှာပြောပြခဲ့သလို ဗြဟ္မဒတ် မင်း နတ်ရွာစံတဲ့နေ့က မြင်ကွင်းနဲ့ကတော့ တထပ်တည်းမကျခဲ့ရင်တောင် ခံစားချက် ရည်ရွယ်ချက်ချင်းတွေက တော့ တူကြပါလိမ့်မယ်။ LTTE တွေ ကျဆုံးသွားပြီ၊ ၄င်းတို့ရဲ့ ခေါင်းဆောင်ကြီး ကျဆုံးသွားပြီဆိုတဲ့သတင်းကို ကြားသိလိုက်ရတာနဲ့ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ကောင်းချီးပေးကြတဲ့ ဗြောက်အိုးဖောက်သံတွေ ငါတို့တိုင်း ပြည် အကြမ်းဖက်သမား LTTE တို့ရန်က လွတ်ပြီဆိုတဲ့ အသံတွေဟာ ဆူညံလို့သာ နေပါတော့တယ်။

အိမ်တိုင်းရဲ့ ခြံစည်းရိုးတံခါးပေါက်တွေမှာ နိုင်ငံတော်အလံတွေကို လွှင့်တင်ထားတာတွေကိုလည်း တွေ့မြင်ကြ ရသလို မော်တော်ယဉ်တွေ၊ ဆိုင်ကယ်တွေမှာလည်း နိုင်ငံတော်အလံတွေကို ချိတ်ဆွဲပြီး အုပ်စုအလိုက် လမ်းမ တွေအပေါ်မှာ အောင်ပွဲခံနေကြသူတွေနဲ့ စည်ကားလို့သာ နေပါတော့တယ်။ တကယ်တော့ ဒီနေရာမှာ တိုင်း ပြည်အတွက် အကျိုးပြုသူတယောက်သာဖြစ်ခဲ့ပါရင် အဆိုပါမြင်ကွင်း ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစား ဆင်ခြင်ဉာဏ်ရှိသူတိုင်း သိနိုင်ပါတယ်။

ဒီနေရာမှာလည်း တခုသောမြင်ကွင်းလေးက စာရေးသူအတွက် လျှပ်တစ်ပြက် အတွေးစလေးတခုကို ဖြစ်စေ ခဲ့ပါတယ်။ ဖြစ်ပုံလေးကတော့ ဒီလိုပါ။ စာရေးသူဟာ ကိစ္စတခုနဲ့ မြို့ထဲကိုသွားရင်း လမ်းမှာအောင်ပွဲခံနေကြတဲ့ အုပ်စုတခုနဲ့တွေ့လို့ ငေးကြည့်နေမိပါတယ်။ အဲဒီအချိန်မှာပဲ လမ်းဘေးမှာ လုံခြုံရေးအတွက် နေရယူထားတဲ့ လက်နက်ကိုင်စစ်သားတယောက်ကို အောင်ပွဲခံနေတဲ့ လူအုပ်ထဲက အချို့လူငယ်တွေဟာ အဆိုပါလုံခြုံရေး တာဝန်ကျ စစ်သားရဲ့အနားကိုသွားပြီး လက်ဆွဲနှုတ်ဆက်တာပါပဲ။ သူတို့ရဲ့ မျက်နှာတွေမှာလည်း ကြည်နူးမှု အပြုံးတွေ ကိုယ်စီနဲ့ပါ။ ဒါလေးများ အထူးအဆန်းလုပ်လို့ လို့ ဆိုချင်သပဆိုလည်း ဆိုကြပါစေ။ စာရေးသူတို့လို မြန်မာနိုင်ငံသားတယောက်အနေနဲ့ကတော့ ယနေ့လက်ရှိအခြေအနေမှာဆိုရင် ၄င်းမြင်ကွင်းက ထူးဆန်းတဲ့ မြင်ကွင်းတခုဖြစ်နေလို့ပါ။

ဒါကြောင့် စာရေးသူအတွက် ၄င်းမြင်ကွင်းလေးက လျှပ်တစ်ပြက်ဖြစ်သွားခဲ့ပေမယ့် ငါတို့နိုင်ငံမှာ ရဟန်းသံ ဃာ၊ ကျောင်းသား၊ ပြည်သူနဲ့ စစ်မှန်တဲ့ ပြည်သူ့စစ်သားတွေအကြား တဦးနှင့်တဦး တဘက်နဲ့တဘက် အပြန် အလှန် လေးစားမှု၊ ယုံကြည်မှု၊ တာဝန်သိမှု၊ တာဝန်ယူမှု စတာတွေကို အခြေခံပြီး ကြည်နူးဖွယ်အပြုံးလေးတွေ နဲ့ လက်ဆွဲနှုတ်ဆက်ရင်း နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် လက်တွဲဆောင်ရွက်နိုင်ကြပါလျှင် ဆိုတဲ့ အတွေးစလေး များစွာဖြင့် ...

အရှင်ဥက္ကဋ္ဌ (MSMA)

No comments: