ကျုပ်အရပ်နဲ့ ကျုပ်ဇာတ်
(နာဂစ် တနှစ်ပြည့် အောက်မေ့ဖွယ်)
ရဲရင့်အောင် (နယူးဒေလီ)
(နာဂစ် တနှစ်ပြည့် အောက်မေ့ဖွယ်)
ရဲရင့်အောင် (နယူးဒေလီ)
အရှေ့အိမ်ဆီက ဆူညံပူညံအသံတွေ ထွက်လာတယ်။ မကြားတချက် ကြားတချက်။ တခါတလေ ဗလုံးဗထွေး၊ တခါတလေ အော်ကြီးဟစ်ကျယ်မို့ သဲသဲကွဲကွဲ။ အဲဒီ ကပ်အိမ်ထဲမှာ မြန်မာပြည်သား ရက်ကန်းသမားတွေ နေ တာ။ သူတို့အချင်းချင်းက ဆွေမျိုးတွေချည်းပဲ။ ကျနော်တို့နေတဲ့ သွပ်အိမ်နဲ့က ၁ဝ ပေလောက်ပဲ ဝေးတာ။ ကျ နော်တို့အိမ်က ၈၈ ကျောင်းသားရုံးလုပ်ထားတဲ့ အိမ်။ လူပျိုလူလွတ်ကျောင်းသားတွေနေတဲ့ အိမ်ဆိုလည်း မ မှားဘူး။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲ့ တောင်ပေါ်မြို့တော် အိုက်ဇောထဲက စီပွီးရပ်ကွက်မှာ။ ညပိုင်းဖြစ်နေ လို့ မြန်မာလို အသံဗလံတွေ ကျယ်ကျယ်နဲ့ ကြာကြာထွက်နေရင် မသင့်တော်လှ။ ဒါကြောင့် အပေါ်လမ်းတက်၊ အဲဒီဘက် ထွက်သွားလိုက်တယ်။
နေ့လယ်ကမှ မင်္ဂလာဆောင်ခဲ့တဲ့ ကောင်လေးက မင်္ဂလာဦးညမှာ သူ့အဖေဆီ သွားကန်တော့ချင်တာတဲ့။ သူ့ အမေနဲ့ ဆွေမျိုးတသိုက်က တားတာပေါ့။ တယောက်တပေါက် အော်ကြဟစ်ကြ ဖြစ်ကုန်ရော။ ကောင်လေးက မျက်ရည်နဲ့ မျက်ခွက်၊ ကောင်မလေးက ခြေမကိုင်မိ လက်မကိုင်မိ၊ ယောင်တိယောင်ချာ မျက်နှာပျက်ရှာတာ ပေါ့။ ကောင်လေးရဲ့ အဖေနဲ့ အမေက ကွဲနေတာ။ သူတို့တွေနဲ့ ကျနော်က မြန်မာပြည်မှာ တမြို့နယ်ထဲသား တွေ။ လက်ထပ်မယ့်ကိစ္စမှာလည်း ဝင်ပါခဲ့တဲ့ ကျနော်က ကောင်လေးလက်ကိုဆွဲပြီး သွားကြမယ်လို့ ပြော တယ်။ ကောင်မလေးကို လိုက်ခဲ့၊ တာဝန်ယူတယ်၊ ပြဿနာ မဖြစ်စေရဘူးပေါ့။ ဒီလိုနဲ့ပဲ ထွက်လာလိုက်ကြ တယ်။
ညဟာ ငွေမှုန်နံ့သာ လူးလိမ်းခြယ်သနေတဲ့ လမင်းကြီးကြောင့် ပိုပြီး ပနံရနေတယ်။ တောင်ခါးပန်းကို ကွေ့ပတ် နေတဲ့ ကတ္တရာလမ်းဟာ အရောင်တလက်လက် တက်နေတယ်။ ပင်ကြီးပင်ငယ်တွေက လရောင်ကို နို့သက်ခံ စို့ရင်း မိခင်မျက်နှာကို မော်ကြည့်လို့။ သစ်ခက်သစ်ရွက်လေးတွေက အမှောင်ကို မကြောက်ဘဲ မိခင်ပင်မကြီးနဲ့ အတူ သူ့ဘွားအေကို ထိုးထိုးထောင်ထောင် ပြူကြည့်လို့။ ဖြူဖွေးကြည်လင်နေတာနဲ့အမျှ ညဟာ ဆွတ်ပျံ့ ကြည်နူးစရာ ကောင်းသလားမမေးနဲ့။ နောက်ကျိနေတဲ့ စိတ်ကို မေ့လျော့အောင် ဖြစ်စေသေးတော့တယ်။ ဒါ ပေမယ့် လာလတ္တံ့ အခြေအနေအတွက် စိုးရိမ်စိတ်လေးက တချက်တချက် ဝင်ဝင်လာတယ်။
လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က မင်္ဂလာပွဲအရေး ဆွေးနွေးတယ်။ အားလုံးအဆင်ပြေပေမယ့် ဖိတ်စာကိစ္စက ပြ ဿနာ။ ဖခင်နာမည် ထည့်ရေး၊ မထည့်ရေး။ ကောင်လေးရဲ့ အဖေက နာမည်မထည့်ဖို့ လာပြောထားသတဲ့။ ရှိစေတော့၊ မိဘနှစ်ပါး ကွဲမှသာကွဲရော့။ သားဟာ သား၊ အဖေဟာ အဖေပဲ။ ထည့်ကြမယ်ဆိုပြီး ဖိပြောခဲ့တယ်။ ဖိတ်စာကို ကျောင်းသားရုံးက လက်ရေးလက်သား၊ စာသားနဲ့ ဒီဇိုင်း တာဝန်ယူတယ်။
ဖိတ်စာဝေပြီး နောက်ရက် အဖေက ရုံးခန်းထဲ ပေါက်ချလာတယ်။ လက်ထဲမှာ ဓားမြောင်တလက်၊ အနှောင့်အ ယှက် မကင်းတဲ့ မျက်နှာနဲ့။ ပထမ ဒေါနဲ့ မောနဲ့၊ စားပွဲထုလိုက် ဓားကိုင်လိုက်နဲ့။ အဘက်ဘက်ကို မေတ္တာရှေ့ ထားပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တာ ရှင်းပြတယ်။ အထူးသဖြင့် အဖေကို ချစ်ရှာတဲ့ သားရဲ့ဆန္ဒ။ အဆုံးမှာ အဖေရင်း ခေါက်ခေါက် သူဟာ မအီမသာနဲ့ ပြန်သွားလေရဲ့။ ဒီအဖြစ်က ပူပူနွေးနွေးလေး ရှိသေးတာ။
နောက်ခံကို အဲဒီလို စဉ်းစားမိတော့ ရင်လေးစရာ။ သူ့လက်ထဲက ဓား၊ ဒေါသစကားနဲ့ မျက်နှာထားတွေက ရိပ် ကနဲ ရိပ်ကနဲ ပေါ်ပေါ်လာတယ်။ ညကလည်း ည၊ သောက်ထားမှဖြင့် ကိုယ့်မှာ ခုခံစရာ၊ ယှဉ်စရာ မရှိ။ သားရဲ့ နောက်ထပ် တဆန္ဒနဲ့ပဲ စိတ်ကို ရဲတင်းပြီး ထွက်လာတာ။ ဖြစ်ကာမှ ဖြစ်ရော့ပဲ။ သူ့ဘက်က ဆင်ခြေဆင်လက် တွေက ကုန်ခဲ့ပြီ။ ကိုယ့်ဘက်က ဘယ်အထိ ခုခံချေပဦးမှာလဲ။ ကောင်လေးကိုတော့ မိဘမေတ္တာအကြောင်း ဟိုရောက်ဒီရောက် ပြောရင်း အဖေနေတဲ့ အိမ်ဆီ တိုးမြဲအတိုင်း တိုးလာကြတယ်။
အိမ်ကိုရောက်တော့ သူက မရှိ၊ အတူနေသူတွေက သူ ဘယ်ထွက်သွားမှန်း မသိကြ။ ၁၄-၅ မိနစ်လောက် ထိုင် စောင့်တယ်။ မလာရေးချ မလာ။ ဒါကြောင့် သုံးယောက်စလုံး ပြန်ထွက်လာတယ်။ သားလေးရဲ့ မျက်နှာပေါ်မှာ ပူလောင်သောက အရေးအကြောင်းက လရောင်အောက်မှာ ရှင်းလင်းလှ။ ရင်ဆိုင်လိုက်ရတဲ့ အဆုံးအရှုံးကြီး တခုကို အားမတန် ကြိတ်ခံနေရပုံ။
စကားတပြောပြောနဲ့ ဖြေသိမ့်တွေးတွေးရင်း လာရာလမ်းအတိုင်း ပြန်ကြတယ်။ ကောင်လေးက ငိုလိုက်ရယ် လိုက်၊ ကောင်မလေးက နှပ်တရှုပ်ရှုပ်။ ညအလှကတော့ မပြောင်းလဲ၊ ထွန်းလင်းတောက်ပဆဲ။ တသက်မှာ တ ခါပဲ ရလေ့ရှိတဲ့ မင်္ဂလာပွဲည၊ မင်္ဂလာဦးည။ ကောင်လေးမှာ ကြိတ်မနိုင်ခဲမရ စကားလုံးတွေက ပါးစပ်ဖျားက ဆို့ နင့်စွာနဲ့ ပျို့အန်ထွက်ကျကား ထွက်ကျရဲ့၊ ဖခင်ကို မှန်းဆတမ်းတရင်း ငိုကြွေးသံကို ပြုကား ပြုရဲ့၊ အဓိပ္ပာယ်မ ရှိလို့ဆိုကာ မင်္ဂလာပွဲကို သရော်ကား သရော်ရဲ့၊ နိမိတ်ဖတ်ကား ဖတ်ရဲ့။ ကောင်မလေးရဲ့ ပခုံးကို ကိုင်လိုက်၊ ခြေဆောင့်လိုက်၊ အော်ဟစ်ပြောဆို ငိုကြွေးလိုက်။ တားစရာ မလိုတော့၊ သူ့ရင်ဘတ်ကို သူ့ဘာသာ ဖတ်သင့်ပါ တယ်။
ဒီအနေအထားနဲ့ လျှောက်လာရင်း ရုတ်တရက်ဆိုသလို အသံတသံ ပေါ်လာတယ်။ ညာဘက် တောင်ပေါ်တက် လှေခါးဆီက။ တုတ်မီး(လက်နှိပ်မီး)ရောင်နဲ့အတူ လူတယောက် တရွေ့ရွေ့ ဆင်းချလာတယ်။ သားရဲ့နာမည် ကို ရွတ်လာတယ်။ သူ့အဖေမှ သူ့အဖေ။ ကျနော်ဖြင့် ပျော်လိုက်တဲ့ဖြစ်ခြင်း၊ ကြောက်စိတ်က လုံးဝကင်းနေလေ ရဲ့။ လာသာ လာ၊ သားအဖနှစ်ယောက် ဟောဒီညမှာကို တွေ့ရဖို့ လိုတာ။ အားလုံး ဝမ်းသာလုံးဆို့ဖို့က အဓိက၊ ကောင်လေးအတွက် အဖြူထည်နဲ့ အိပ်သင့်တဲ့ည၊ ရှုပ်ထွေး မနေစေရ၊ နောက်ဆံမတင်းဖို့ ဒီညဟာ အရေးကြီး လှ။
ကတ္တရာလမ်းပေါ် အဖေ ခြေချလိုက်စဉ် သားနဲ့ချွေးမက ပြိုင်တူထိုင်ကန်တော့တယ်။ သားနဲ့သမီးကို အိုအောင် မင်းအောင်ပေါင်းဖို့ အပါအဝင် ဆုကောင်းတွေ တောင်းပေးတယ်။ ဒီဆုတွေကို တောင့်တောင့်ကြီး ရပ်နေရင်း၊ ဟိုးအဝေးကို ငေးကြည့်နေရင်း ချပေးလိုက်တာ။ တဆက်ထဲမှာပဲ (အတိအကျ ဆိုပါ့မယ်) အဖေက “သားဖြစ် သူက မင်္ဂလာဆောင်တဲ့နေ့မှာ၊ အဖေဖြစ်သူက သင်္ချိုင်းကုန်းကို သွားပြီး” လို့ တုန်ယင်လှိုက်မောတဲ့ အသံနဲ့ ပြောရင်း ရပ်သွားတယ်။ သားက ငိုပါလေရော။ ကျနော် ရှိနေတာကို သူတို့အားလုံး မေ့သွားပြီ။ ကျနော်က ပရိ သတ်၊ ဒီဇာတ်ကို ကသူတွေက သူတို့သာ။ သူတို့သာလျှင် ဇာတ်လမ်းတပုဒ်လုံးမှာ ဇာတ်ကောင်ဇာတ်လိုက် တွေ။
ကြည်နူးကျေနပ်မှုအပြီး လမ်းခွဲချိန်မှာ ဖခင်က ကျေးဇူးစကား ဆိုလာတယ်။ ကျနော်က ဝမ်းသာကြောင်း ပြော တယ်။ နှစ်ယောက်ကို အိမ်ပို့ပြီး ရုံးကိုပြန်၊ အိပ်ရာဝင်တယ်။ ရင်ထဲမှာ ရှင်းလင်းပေါ့ပါးနေသလောက်၊ ခေါင်းထဲ မှာ နောက်ကျိလေးနက်နေတယ်။ ဖခင်က ဘာကြောင့်များ သင်္ချိုင်းကုန်းကို သွားပါလိမ့်၊ သွားဖို့ လိုလို့လား၊ သွားလို့ရှိရင် သက်ရောက်မှုတွေက ဘယ်လိုရှိလာမှာမို့လဲ။ ဒီမေးခွန်းတွေနဲ့ နှစ်ပါးသွားရပါတော့တယ်။
ကိုယ့်နှလုံးအိမ်ကို နှိမ့်ချရုံသာမက ချိုးနှိမ်ချိုးဖဲ့တဲ့ အဖြစ်မျိုးတွေ မကြာခဏ မြင်ရပါတယ်။ ရိုးရိုးသားသား ခုံမင် တဲ့ အလေ့အထလို ဖြစ်မှန်းမသိ ဖြစ်နေတာမျိုးပါ။ တဖက်သားကို ထိခိုက်နာကျင်စေလိုတဲ့ စိတ်မျိုးတော့ အ လျဉ်းမရှိကြ။ အယူလွဲတဲ့ အသိ၊ စိတ်အခံနဲ့ လုပ်ရပ်မျိုးလားလို့ အတွေးရောက်ရတယ်။ အတိအကျတော့ ကျ နော် မဝေခွဲနိုင်။
အမှန်ဆို ဒီနေ့ဒီရက်မျိုးမှာ တယောက်ထဲ ကြိတ်ဆွေးမယ်ဆို၊ ရုပ်ပျက်ဆင်းပျက် လုပ်ရပ်မျိုးမပါဘဲ ဆွေးနိုင်မှာ ပါ။ သွားသင့်တဲ့ နေရာတွေ၊ ရင်ဖွင့်လို့ ရသူတွေ တပုံတပင်ကြီးပါ။ ဒါပေမယ့် သားရဲ့ မင်္ဂလာပွဲနေ့မှာမှ သင်္ချိုင်း ကုန်းကို သွားပါတယ်။ တချိန်မှာ သားအပါအဝင် အများတကာကို ဒီအကြောင်း ရင်ဖွင့်လိုက်ရင် သူ့ဖြစ်အင်၊ သူ့ ဖီလင်ကို ပါးစပ်နဲ့ ပုံဖော်စရာမလို၊ အကုန်အစင် ပြောနှင့်ပြီး ဖြစ်ချင်ဟန်တူပါရဲ့။ ဒါပေမယ့် ဘာကြောင့်များ ဇာတ်ကို နာအောင်လုပ်ရပါလိမ့်၊ ဘာကြောင့်များ လွန်ကဲစွာ ရေးဖွဲ့တဲ့ ဇာတ်လမ်းမျိုး ဆင်ရပါလိမ့်။ အတွေးစ တွေက အစာမကြေ။ ကျင်လည်ခဲ့တဲ့ ဒေသတွေဆီ အပြေးနှင်ပါတော့တယ်။ အမျိုးသမီးကြီး တယောက်အ ကြောင်းလည်း ပါလာတာပေါ့။
သားက တခြားမြို့မှာ ကျောင်းသွားတက်တာ။ သား ဆိုးတယ်ကြားတော့ သူက လိုက်စောင့်ရှောက်တယ်။ နေ တာက ခင်ပွန်းသည်ဘက်က ဆွေမျိုးအိမ်မှာ။ အားလုံးက ဖူးဖူးမှုတ်ပြီး သူ့ကို အမကြီးအရာ ထားတယ်။ အိမ် မှာအိမ်ဖော်၊ အလုပ်သမားတွေ ရှိပေမယ့် သူက မနေတတ်။ အောက်ခြေသိမ်းကအစ ဝင်ကူ၊ မိုးထဲလေထဲ အ ရက်ထွက်ဝယ်ပေး၊ ကြက်ခြေထောက်ပဲ လှိမ့်စား။ ကျောင်းကနေ ကိုယ့်အရပ် ပြန်ရောက်တော့ သားအတွက် ဘယ်လောက်ဒုက္ခခံခဲ့ကြောင်း မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ဆိုပါတော့တယ်။ သားကို သိပ်ချစ်ရှာတဲ့ အ မေက သားက သူ့အပေါ် အချစ်တွေတိုးပြီး သူ့စကားကို မြေဝယ်မကျ နားထောင်စေချင်လို့ နေမှာ။ ဒါပေမယ့် အဲဒီလုပ် ရပ်အထိ မသွားသင့်ပေမယ့်၊ သူကိုယ်တိုင် ဒုက္ခခံရမယ့် ဇာတ်ညွှန်းကို သူကိုယ်တိုင်ပဲ ရေးခဲ့တာ။ အ ကျိုးဆက်က မကောင်းလှ။ သားဖြစ်သူက ငါ့အမေကို ဒီလိုမျိုးခိုင်းရ၊ ကျွေးရကောင်းလားဆိုပြီး တဘက်ဆွေ မျိုးတွေအပေါ် နာပါတော့တယ်။ ကောင်းကြပါလေရော။
ဒီလိုပုံဖော်ချက်တွေ မကြာမကြာ တွေ့ရပါတယ်။ အထူ-အပါး၊ အနည်း-အများ၊ လူကြားသူကြားနဲ့ တယောက် ထဲ ထီးထီးကြီးနေတာပဲကွာပါတယ်။ လူမှုရေးသာမက နိုင်ငံရေး၊ လူမျိုးရေးနယ်ပယ်တွေမှာကိုရှိတာ။ ကိုယ် တိုင်က ပွဲကြိုက်မောင်ဖြစ်လို့ ဒီလိုအဖြစ်တွေမြင်တိုင်း ဇာတ်ပွဲကြည့်ရသလိုလို၊ ဇာတ်နာအောင် လှည့်ပတ်ရိုက် တတ်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေ ကြည့်ရသလိုလို ဖြစ်ရပါတယ်။
အိမ်မှာအတူနေတဲ့ ဦးလေးဝမ်းကွဲဆို အငြိမ့်၊ ဇာတ်၊ ဆိုင်းဝိုင်း၊ ကျေးလက်အကြိုက် သီချင်းနဲ့ ဇာတ်လမ်းခွေ တွေ ကြိုက်လိုက်တာ လွန်ရော။ မြို့နဲ့ ၁ဝ မိုင်လောက်ဝေးတဲ့ ရွာတွေဆီ ခြေကျင်လျှောက်ပြီးကို ပွဲကြည့်သွား တယ်။ ကားခတောင်းရင် မလွှတ်မှာစိုးလို့။ အပြန်မှာ အိပ်ငိုက်ရင်း လှည်းလမ်းကြောင်းက ပြန်လာတယ်ဆိုပဲ။ နေ့ဘက် ကုလားထိုင်မှာ ထိုင်အိပ်အိပ်လို့ သွားနှိုးရင် ယောင်ယမ်းပြီး ပါးစပ်ဆိုင်းတီးရင်း ထကတယ်။ ညက ဇာတ်လမ်း တွေ ဟန်နဲ့ပန်နဲ့၊ အာဘောင်အာရင်း သန်သန်နဲ့ပြောတယ်။ ဗိုလ်အောင်ဒင်ဇာတ်လမ်းတွဲက ဇာတ် ကောင်တွေ အတိုင်း တထေရာတည်းလိုက်ပြောတယ်။ လေယူလေသိမ်း အကျအနနဲ့ တွံတေးသိန်းတန်သီချင်း ဆိုနိုင်တယ်။
သူ့အထာနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကျနော့်ကို အတော်ချစ်ပါတယ်။ တခြားသူတွေနဲ့ဆို ကောက်လား ကောက်ရဲ့၊ ဒေါသူပုန်ထလား ထရဲ့၊ ထမင်းမစား ဟင်းမစား နေလား နေရဲ့။ သူ့ဟန်ပန်က ပြဇာတ်မင်းသား ဟန်၊ ပါးစပ်က ဆိုင်းဝိုင်း၊ လေသံက ကက်ဆက်ဇာတ်လမ်း အသံ။ ရွာသားကြီး စစ်စစ်ပါ။ နူးညံ့သိမ်မွေ့တဲ့ သူ့ စိတ်ထားကို ချစ်လို့ မဝခဲ့ပါဘူး။ အခုတော့ ဆုံးပါးခဲ့ပြီးပါပြီ။
ကြည့်တော့ ဒါမျိုးက အများသား။ အငြိမ့်ဇာတ်ပွဲတွေကို ကြည့်ရင်း၊ လက်တွေ့ဘဝမှာကို သရုပ်သကန်ဆောင် ရင်း ဝင်စားနေသလိုလို။ ကျေးလက်အရပ် အများအပြားက ပွဲလမ်းသဘင် ကြိုက်လွန်းလှရဲ့။ ရွာလည်း ရွာမို့၊ မြို့လည်း မြို့မို့၊ သူ့နည်းနဲ့ သူ့ဟန်။ ဒါပေမယ့် ရွာတွေကတော့ ဝမ်းတွင်းမှာ တလှပ်လှပ် ပိုဖြစ်သလားလို့ပါ။
နာဂစ်တနှစ်ပြည့် သတင်းနဲ့ ဆောင်းပါးတွေ ဖတ်ဖြစ်ရပြန်တယ်။ စိတ်အနာရွတ်တွေအကြောင်းဖတ်တော့ စိတ် မှာ ဒဏ်ရာတွေက ဆောင့်ဆောင့် တက်လာရတယ်။ ဇာတ်ပွဲတွေ နှစ်သက်ခုံမင်တဲ့ ဒီရွာသား တောင်သူလယ် သမား၊ ရေလုပ်သားကြီးတွေအဖို့ လက်တွေ့ကြုံလိုက်ရတဲ့ မုန်တိုင်းသင့် ဖြစ်ရပ်ဆိုးကြီးကို မခွဲနိုင်မခွာနိုင်၊ တဝဲ လည်လည်နဲ့ နစ်မွန်းနေရပါလားလို့ တွေ့ရတုန်းပါ။ ကျုပ်အရပ်မှာ မျက်ဝါးထင်ထင် စင်စစ်ဒုက္ခ ကဇာတ်ဆိုး ကြီး ဆက်လက် ကပြအသုံးတော်ခံနေတုန်းပါ။ သူတို့တွေနဲ့အတူ မခွဲနိုင်မခွာရက် ဝဲဂယက်ထဲမှာ ခရီးဆက်ရ ပြန်ပြီ။ မကျွတ်နိုင်၊ မလွတ်နိုင်သေး။
ကိုယ်တိုင်က ပရိသတ်ဖြစ်လိုက်၊ ဇာတ်ဝင်ကလိုက်ပေါ့။ တကယ်ဆိုတော့လည်း ကျုပ်အရပ်နဲ့ ကျုပ်ဇာတ်ပဲကိုး။
ရဲရင့်အောင် (နယူးဒေလီ)
No comments:
Post a Comment