Monday, April 27, 2009
မြစ်သံလွင်သို့ တမ်းချင်း
မြစ်တွေကို ပြန်လှည့်ခိုင်းနေတဲ့
ခြောက်ညအိပ်မက်ဆိုးထဲမှာ
ငါဟာ မင့်ရဲ့ဝေဒနာကို
တူးဖေါ်တွေ့ရှိလိုက်တယ် … သံလွင်။
တောင်တန်းနဲ့ တောအုပ်တွေကလည်း
အရင်လို စိမ်းမှောင်ထူထပ်ဆဲ …
ကျောက်ဆောင်တွေကလည်း
သူတို့ရဲ့ မရိုးနိုင်တဲ့ အလှကို
နွေခေါင်ခေါင်မှာ လှစ်လှစ်ဟဟ ပြလို့ …။
အိပ်တန်းမပြန်နိုင်သေးတဲ့
ငှက်ငယ်လေးတွေကလည်း
မင့်ခန္ဓာကိုယ်ပေါ်မှာ
အလျားလိုက် ပျံသန်းအစာရှာနေကြရင်း
ဆည်းဆာရီဟာ
လှမလိုလိုနဲ့ အကျည်းတန်နေရှာပေါ့ …။
ဒီနေရာမှာ သူ့ခြေထောက်ကလေး ပြတ်ခဲ့တာ
ဒီနေရာကတော့ သူတို့ ခုခံကျဆုံးခဲ့တာပေါ့
ဒီနေရာလေးမှာ သူတို့ ရန်သူနဲ့ စီးချင်းထိုးခဲ့တာလေ …
သြော် …
စွဲစွဲမြဲမြဲ အမှတ်တရ ရှိနေတတ်သူဟာ
ငါတို့မှ မဟုတ်တာ ….
သံလွင်
မင်းဟာ
အဲဒီမှတ်တမ်းတွေကို မပျောက်မရှအောင် သိမ်းဆည်းရင်းနဲ့
စီးဆင်းရင်း စီးဆင်းနေဆဲကို …။
သံလွင်ရေ ...
မြစ်တွေကို ပြန်လှည့်ခိုင်းနေတဲ့
ခြောက်ည မာယာအိပ်မက်ဆိုးထဲမှာ
ငါတို့ရဲ့ ရှင်သန်နေခွင့်ကို
မင့်အမည်နာမနဲ့
ရေးထိုးစီးဆင်းစေခဲ့တယ် …။ ။
ကမာပုလဲ
(ဧပြီ၊ ၂၀၀၉)
Subscribe to:
Post Comments (Atom)
1 comment:
မြစ်သံလွင်နဲ့ ပါတ်သက်ပြီး ဘယ်တော့မှပြီးဆုံးနိုင်မှာမဟုတ်..၊
မေ့ ပျောက်လို့ မရနိုင်မယ့် ..နာကျင်ကြေကွဲရမှုတွေကို ဖွဲ့ တတ်ပါပေရဲ့..ရှင်..။
Post a Comment