Monday, April 20, 2009

ကြိုက်သလောက်သာခေါ်

မြားကြီး

မြားကြီးတို့ မြန်မာပြည်ကို မျက်နှာပြောင်တိုက် အုပ်ချုပ်နေတဲ့ နအဖစစ်အာဏာရူးတွေဟာ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ပြီး အငတ်ငတ် အပြတ်ပြတ်ထားပေမယ့် သူရို့သူရို့နဲ့ အပေါင်းအပါတွေက တော့ မြန်မာပြည်မှာ ရှိရှိသမျှ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်ပြီး စည်းစိမ်ယစ်နေလေရဲ့။ ဆန် ဆိုလည်း သူရို့၊ ဆီဆိုလည်း သူရို့၊ ဆားဆိုလည်း သူရို့၊ ငရုတ် ကြက်သွန်ဆိုလည်း သူရို့၊ ရေထွက်ပစ္စည်းဆို လည်း သူရို့၊ ကျောက်မျက်ရတနာဆိုလည်း သူရို့၊ ဘီယာဆိုလည်း သူရို့၊ သစ်ဆိုလည်း သူရို့၊ ဟိုတယ်နဲ့ ခ ရီးသွားလုပ်ငန်းဆိုလည်း သူရို့၊ ပုဂ္ဂလိကဆေးရုံဆိုလည်း သူရို့၊ လေကြောင်းလိုင်းဆိုလည်း သူရို့၊ တံတား ဆောက်လည်း သူရို့၊ လမ်းဖောက်လည်း သူရို့နဲ့ … အဲသလို အားလုံးကို မောင်ပိုင်စီးထားမှတော့ ပြည်သူတွေ ခမျာ မငတ်ဘဲခံနိုင်ရိုးလား။ နောင်ကျရင် နိဗ္ဗာန်ယာဉ်နဲ့ အခေါင်းလုပ်ငန်းကိုပါ သူရို့မောင်ပိုင်စီးဦးမလားမသိ။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ သူရို့နှိပ်စက်လို့ သက်တမ်းစေ့မနေရဘဲ အတုံးအရုံးသေနေတဲ့ ပြည်သူ တွေက တနေ့တနေ့ နည်းနည်းနောနောမှ မဟုတ်တာကိုး။ အဲဒီတော့ တပြည်လုံးမှာ အခေါင်းရောင်းပြီး နိဗ္ဗာန် ယာဉ်ဆွဲစားရင် ပွရချည်ရဲ့လို့တွေးပြီး ထပြီးမောင်ပိုင်စီးဦးမလားမသိ။ အဲသလို အာဏာကို ဗန်းပြပြီး အတင်း အဓမ္မ မောင်ပိုင်စီးထားလို့လည်း အာဏာရူးကြီးဗိုလ်သန်းရွှေရဲ့ဖတ်စ်လေဒီ ဒေါ်ကြိုင်ကြိုင့်ထမီနားခိုစားနေတဲ့ သားသမက်ဖြစ်သူ တေဇဆိုတဲ့ ပြိတ္တာလေးဟာ မြန်မာပြည်မှာ အချမ်းသာဆုံးသူကြွယ်လေး ဖြစ်နေတာပေါ့ ခင်ဗျာ။

နအဖ ငတေတွေက အဲသလို အားလုံးကို မောင်ပိုင်စီးထားလို့ သူရို့နဲ့လွတ်ကင်းမလားဆိုပြီး စာနယ်ဇင်းအ လုပ်ကို လုပ်မယ်စိတ်ကူးတော့လည်း ကိုသာဆိုးနဲ့သာ တွေ့ရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာနယ်ဇင်း လောကမှာလည်း မဂ္ဂဇင်း၊ ဂျာနယ်ထုတ်ချင်လို့ ထုတ်ဝေခွင့်မှတ်ပုံတင်လိုချင်ရင် စစ်အာဏာရူးတွေရဲ့ အနွယ် တော်တွေနဲ့ မပတ်သက်လို့မှမရဘဲကိုး။ အဲဒီတော့ သိပ်ကိုလက်ယားပြီး ထုတ်ချင်ပြီဆို စစ်တပ်၊ ထောက်လှမ်း ရေးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲဌာန … စတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ကလူပြု နေတဲ့ ဌာနတွေအတွက် ရန်ပုံငွေဆိုပြီး ချပေးထားတဲ့ ထုတ်ဝေခွင့်မှတ်ပုံတင်တွေကို တနှစ်စာငှားပြီး ထုတ်ရ တာကလား။ တခါတလေ အဲဒီဌာနတွေက ကိုယ်တော်ချောတွေက သူတို့အလကားရထားတဲ့ ပိုက်ဆံတွေနဲ့ ရှယ်ယာဝင်ပါပြီး တတ်ယောင်ကားနဲ့ ဆရာကြီးဝင်လုပ်တာကို ခံရသေးတယ်ခင်ဗျ။

အခုလက်ရှိမှာ Weekly Eleven Journal ဆို ထောက်လှမ်းရေး(၇)၊ မဟာဂျာနယ်ဆို စစ်မဟာဗျူဟာလေ့ လာရေးမှူးရုံး၊ First Eleven Journal ဆို တပ်မတော်ထောက်လှမ်းရေး(လေ)၊ နံနက်ခင်းဂျာနယ်ဆို ထောက်လှမ်းရေး(၁၄)၊ မီးရှုးတိုင်ဂျာနယ်ဆို ထောက်လှမ်းရေး(၆)၊ ကုမုဒြာဂျာနယ်ဆို အထူးစုံးစမ်းစစ်ဆေး ရေးဦးစီးဌာန၊ အချစ်ဂျာနယ်ဆို မောင်ပန်းမွှေး(နအဖဖော်လံဖား)၊ အလင်းတန်းဂျာနယ်ဆို ဟင်္သာတမြင့်ငွေ (နအဖဖော်လံဖား)၊ ပေါ်ပြူလာဂျာနယ်ဆို နအဖပြုတ် ဗိုလ်ချုပ်ဝင်းမြင့်ရဲ့သမီးများ၊ မုခမဂ္ဂဇင်းဆို ဗိုလ်ချုပ်ခင် မောင်သန်းရဲ့ သမီး၊ ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂ္ဂဇင်းဆို ဆိုင်းငံ့ထောင်နန်းစံမင်းသားလေး ဗိုလ်ခင်ညွန့် ရဲ့သား ရဲနိုင်ဝင်း … စသဖြင့် အများကြီး အများကြီးပါပဲခင်ဗျာ။

အဲဒီတော့ စာနယ်ဇင်းတွေအားလုံးနီးနီးဟာ နအဖအနွယ်တော်တွေကို ဆက်ကြေးပေးပြီး သူရို့နဲ့ ဆက်စပ် ပတ်သက်နေရတာပေါ့။ တနည်းအားဖြင့် နအဖအနွယ်တော်တွေနဲ့ ပေါင်းစားနေကြရတာပေါ့။ တချို့အချောင် သမားတွေကတော့ ပေါင်းစားတော့ အရိုးပိုနူးတယ်လို့ စပ်ဖြီးဖြီးနဲ့ အရှက်မရှိ ပြောသေးတယ်ခင်ဗျ။ ဒါကတော့ ကိုယ်သမိုင်းကိုယ်ရေးတယ်လို့ပဲ မြားကြီးမှတ်ယူမိလေရဲ့။

အဲဒီလို သူရို့သူရို့နဲ့ မလွတ်ကင်းနိုင်သူ မိတ်ဆွေတဦးပြောပြတဲ့ ပြုံးချင်စရာ အကြောင်းအရာလေးကို မြားကြီး ဖောက်သည်ချချင်ပါသေးတယ်။ စစ်တပ်အနွယ်တော်တဦးရဲ့ သူသိသူတတ် ဆရာကြီးလုပ်ချင်တဲ့ အကြောင်း လေးပေါ့ခင်ဗျာ။ ဂျာနယ်ထုတ်ဝေခွင့်တွေ စချပေးခါစက မြားကြီးမိတ်ဆွေက တပ်မတော်ထောက်လှမ်းရေး(၇) ရန်ပုံငွေအတွက်ထုတ်ဝေတဲ့ အင်တာဗျူးဂျာနယ်မှာ အယ်ဒီတာဝင်လုပ်သတဲ့။ သူဝင်မလုပ်ခင်မှာ ဂျာနယ်က ပထမနှစ်စောင် ထွက်ပြီးနေပြီတဲ့။ တရက်မှာ အုပ်ချုပ်ရေးမှူး အရာခံဗိုလ်စံလှရွှေနဲ့ သူတို့အယ်ဒီတာ အဖွဲ့ဝင် နှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဂျာနယ်ရဲ့ရှေ့ရေးအတွက် တိုင်ပင်ဆွေးနွေးကြသတဲ့။ စာပေ၊ ရုပ်ရှင်၊ ဂီတ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင်ရေးနိုင်မယ့် ပေါ့ပ်ဂျာနယ်လစ်တယောက် ခေါ်မယ်၊ သတင်းဓာတ်ပုံ ကောင်းကောင်းရိုက်တတ်တဲ့ ဓာတ်ပုံဆရာတယောက်ခေါ်မယ်၊ စာရင်းကိုင်နေရာအတွက် ကောင်မလေးချော ချော တယောက်ခန့်မယ် … ဘာညာနဲ့ ဟိုဟိုဒီဒီ ဆွေးနွေးကြသတဲ့။ အဲဒီလိုဆွေးနွေးနေရင်း မြားကြီးမိတ်ဆွေ အယ်ဒီတာက “ဗိုလ်ကြီး ထွက်ပြီးတဲ့ ဂျာနယ်နှစ်စောင်က ဒီဇိုင်းအပြင်ဆင် သိပ်မမိုက်ဘူး။ အဲဒီလေးအောက် (Lay-out) အတိုင်းသွားရင် အကုန်လုံး ဂိုးကုန်လိမ့်မယ်”လို့ သူ့ရဲ့အမြင်ကို တင်ပြသတဲ့။

အဲဒီမှာတင် အုပ်ချုပ်ရေးမှူး အရာခံဗိုလ်စံလှရွှေ တက်တက်ကြွကြွ မိန့်ကြားလိုက်တဲ့ စကားကြောင့် အယ်ဒီ တာအဖွဲ့ဝင်နှစ်ဦးခမျာ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ပြီး ရှေ့မှာရှိတဲ့ လက်ဖက်ရည်ခွက်တွေကိုသာ တစွပ်စွပ် မော့သောက်နေခဲ့ရသတဲ့။ အရာခံဗိုလ်စံလှရွှေ မိန့်ကြားလိုက်တဲ့ စကားကတော့ “ဟာ … ဆရာတို့ကလည်း၊ ဒါ ထောက်လှမ်းရေးကထုတ်တဲ့ ဂျာနယ်လေ၊ ကြိုက်သလောက်သာခေါ်၊ လေးယောက်မကဘူး၊ ငါးယောက် ခြောက်ယောက်လည်း ခေါ်လို့ရတယ်၊ ချသာချပါ” တဲ့။ သြော် … ၀ယ်သာ (Weather)မကောင်းရင် ပြင်လိုက် ပေါ့လို့ပြောတဲ့ ဗိုလ်ချုပ်မျိုးညွန့်ထက် ပိုဆိုးနေပါပေါ့လားလို့တွေးပြီး မြားကြီးလည်း ပြုံးစိစိဖြစ်မိရဲ့။ တော်တော် တော်တဲ့ စစ်ဗိုလ်တွေနော်။

မြားကြီး
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: