Wednesday, March 18, 2009

စန်းရှင်း (Sanction) လိုအပ်သေးကြောင်း ထပ်မံငြင်းခုံခြင်း

ဇော်မင်း (လူ့ဘောင်သစ်)

မြန်မာပြည်ကို အနောက်နိုင်ငံအစိုးရများမှ စန်းရှင်းလို့ခေါ်တဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတာ ဆယ်စု နှစ်တခုကျော်ခဲ့ပါပြီ။ ဒီဆယ်နှစ်ကျော် ကာလနောက်ပိုင်းမှာ အငြင်းပွားနေကြတာတွေလည်း နေရာအနှံ့မှာ ရှု ထောင့်မျိုးစုံနဲ့ ရှိနေပါတယ်။ စစ်အစိုးရကို အခုလို စီးပွားရေးအရ ပိတ်ဆို့တာနဲ့ ပတ်သက်ပြီး ထောက်ခံသူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိနေပါတယ်။

အသစ်တက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်အစိုးရအနေနဲ့ မြန် မာနိုင်ငံအပေါ်ထားရှိတဲ့ သူတို့ရဲ့ပေါ်လစီများကို ပြန်လည်လေ့လောသုံးသပ်မယ်လို့ တလောတုန်းက ပြောခဲ့ပါ တယ်။ သူတို့အမေရိကန်တွေရဲ့ ပေါ်လစီတွေဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အမှန်တကယ် လက်တွေ့ ကျမကျဆိုတာကို ပြန်လည်သုံးသပ်မယ်လို့ ဆိုလိုက်တာလည်း ဖြစ်ပါတယ်။ သို့သော် ဟီလာရီကလင်တန်က အမေရိကန်တွေအနေနဲ့ စစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့ သူတို့ရဲ့ပေါ်လစီကို ပြောင်းမယ် လို့တော့ အတိအလင်း မပြောသေးပါဘူး။ အဲသလို အသံများထွက်လာတာနဲ့ တပြိုင်တည်းဆိုသလို စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ မြန်မာပြည်အတွက် အလုပ်မဖြစ်ဘူးဆိုတဲ့ လူပုဂ္ဂိုလ်များက အမေရိကန်တွေတော့ မြန် မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ပေါ်လစီကို ပြောင်းတော့မယ်လို့ ၀မ်းသာအားရဖြစ်ကြပါတယ်။

တကယ်တမ်းပြောရရင် အမေရိကန်က မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့ ပေါ်လစီကို ချ မှတ်ခဲ့ပေမယ့် ဒီလိုပိတ်ဆို့ အရေးယူခြင်းဟာ ပြီးပြည့်စုံတဲ့ ပိတ်ဆို့မှု မဟုတ်ခဲ့ပါဘူး။ အခြေခံအားဖြင့်ဆိုရရင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုအသစ်မလုပ်ဖို့ဆိုတဲ့ ဖြစ်စဉ်အောက်မှာပဲ သွားခဲ့တာဖြစ်ပါတယ်။ ရှိထားပြီးသား ရင်း နှီးမြှုပ်နှံမှုတွေအတွက် အကျုံးမ၀င်ပါ။

တရုတ်တို့၊ အိန္ဒိတို့၊ ထိုင်းတို့၊ မလေးရှားတို့၊ စင်္ကာပူတို့နဲ့ စီးပွားရေးအရ အချိတ်အဆက်တွေ ရှိနေတဲ့အတွက် မြန်မာစစ်အစိုးရက ဒီပိတ်ဆို့မှုကို မမှုပါဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် တဘက်မှာ ပြန်တွက် ကြည့်ပြန်တော့လည်း မြန်မာစစ်အစိုးရအတွက်တော့ ဒီလိုစီးပွားရေးအရ ပိတ်ဆို့ခံရခြင်းဟာ အထိနာတာ တော့ အမှန်ပါပဲ။ ဒါကြောင့် ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးတခေါက် လာတော့ မြန်မာဗိုလ်ချုပ်များက သူတို့အပေါ် စီးပွားရေးအရ ပိတ်ဆို့ထားတာတွေ ပြန်ရုတ်သိမ်းဖို့ အနောက် နိုင်ငံတွေကို တိုက်တွန်းပေးပါလို့ပြောခဲ့ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် အမေရိကန်အပါအ၀င် ဥရောပနိုင် ငံများရဲ့ ပိတ်ဆို့မှုဟာ စစ်ဗိုလ်ချုပ်များအဖို့ အထိနာတယ်ဆိုတာကို ပြဆိုနေတဲ့ အထောက်အထားပါ။

ကနေ့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံထက် အလွန့်အလွန်သာလွန်ပြီး စီးပွားရေးကောင်းနေတဲ့ နိုင်ငံများ၊ အရှေ့အာရှမှာ တရုတ်အပါအ၀င် စီးပွားရေး သိပ်တိုးတက် သိပ်ကောင်းနေတဲ့ နိုင်ငံများရှိနေကြပါတယ်။ အဆို ပါနိုင်ငံများဟာ အိမ်နီးချင်းကုန်သွယ်ရေးလောက်နဲ့ အခုလို တိုးတက်လာနေတာမဟုတ်ပါ။ တကမ္ဘာလုံးနဲ့ ကုန် သွယ်နေလို့သာဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်ဈေးကွက်နဲ့ ဥရောပနိုင်ငံများဈေးကွက်များမှာ မဖြစ်မနေ ကူးသန်းပြီး ရောင်းဝယ်ဖောက်ကားနေရပါတယ်။

ဆိုလိုချင်တာကတော့ ရိုးရိုးပါပဲ။ နဂိုထက်ပိုပြီး ချမ်းသာတိုးတက်ချင်ရင် ကိုယ့်ထက်ချမ်းသာတဲ့ သူများနဲ့ ဆက် ဆံရောင်းဝယ်ဖောက်ကားဖို့လိုပါတယ်။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေလို့ကတော့ ဒုံရင်းပဲ ရှိမှာပါ။ ကြိုက်သည်ဖြစ် စေ မကြိုက်သည်ဖြစ်စေ ပြောဖို့တခုရှိပါတယ်။ ချမ်းသာချင်ရင် မိမိထက် ချမ်းသာတိုးတက်ပြီးသား မိမိထက် အခြေခိုင်တဲ့ အရင်းရှင်နိုင်ငံများနဲ့ အဆင်ပြေဖို့လိုပါတယ်။ တရုတ်အစိုးရသည်ပင်လျှင် အထက်ကပြောခဲ့တဲ့ ဈေးကွက်များနဲ့ ကင်းနိုင်ခြင်းမရှိပါဘူး။ ပြန်ကောက်ရမယ်ဆိုရင် မြန်မာစစ်အစိုးရရယ်၊ စစ်အစိုးရနဲ့ အလွမ်း သင့်တဲ့ လူတွေရယ် ပြောနေသလို အိမ်နီးချင်းနိုင်ငံများနဲ့ စီးပွားရေးအရ ကုန်သွယ်ခြင်းဖြင့် အမေရိကန်အပါအ ၀င် အနောက်နိုင်ငံအစိုးများကို ဂရုစိုက်စရာမလိုဘူးဆိုတာ တကယ်တော့ မဟုတ်ပါ။ နိုင်ငံရေးအရ ကစားတဲ့ နေရာမှာ (သို့) နိုင်ငံတကာအစည်းအဝေးများနဲ့ ကွန်ဖရင့်တွေမှာ နိုင်ငံရေးလက်နက်တခုအနေနဲ့ ထည့်သွင်း အသုံးချခြင်းထက် မပိုပါ။

ကောင်းပါပြီ။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့တာကို ရုတ်သိမ်းလိုက်ပြီ ဆိုပါစို့။ အဲ သည့်အတွက် မြန်မာပြည်မှာ နိုင်ငံခြားကုမ္ပဏီတွေ လှိမ့်ဝင်လာပြီ ဆိုပါစို့။ မြန်မာပြည်သူပြည်သားတွေ ထီ ပေါက်သလို အဆင်ပြေလာမယ်လို့ ဘယ်သူတွေက အာမခံမှာလဲ။ နိုင်ငံခြားကုမ္ပဏီတွေ အများအပြား ရောက် လာကြလို့ နှစ်အနည်းငယ်အတွင်း စီးပွားရေးဦးမော့လာမယ်လို့ ဘယ်လိုပြောနိုင်မလဲ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုများလာလို့ ပိုပြီးစီးပွားရေးကောင်းလာမှာထက် လက်ရှိတည်ရှိနေတဲ့ မြန်မာပြည် ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေရေး ယဉ်ကျေးမှုတွေအပေါ်ကနေ တွက်ထုတ်လိုက်ရင် ပိုတောင်ဆိုးလာဦး မယ်လို့ ရဲရဲကြီးပြောလိုက်ပါ့မယ်။

ရှင်းပါအံ့။ မြန်မာပြည်မှာ အုပ်ချုပ်ရေးအဆင့်အတန်း အလွန်နိမ့်ပါတယ်။ စစ်တပ်ကပဲ နေရာတိုင်းမှာ အုပ်ချုပ် နေပါတယ်။ ဒါကြောင့် ဘာလုပ်လုပ် အုပ်ချုပ်သူလူတိုင်းကို ကြောက်နေရသလို လာဘ်ပေးလာဘ်ယူ များက လည်း ကြောက်ခမန်းလိလိ ကြီးမားလွန်းပါတယ်။ ဥပဒေရေးရာကို ကြည့်ပြန်တော့လည်း ဥပဒေစိုးမိုးမှု လုံးလုံး မရှိပါ။ ကိုယ်နဲ့ မတဲ့သူမှန်သမျှ ပြိုင်ဖက်မှန်သမျှကို အပြုတ်တိုက်ဖို့ ဥပဒေလက်လွတ် ဖြိုခွင်းတဲ့နည်းကို သုံးပါ တယ်။ ဒေါ်ဝင်းဝင်းနုရဲ့ မန္တလေးဘီယာစက်ရုံကို စစ်တပ်နဲ့ ၀င်သိမ်းခဲ့တာကို ပြန်ကြည့်နိုင်ပါတယ်။ ကိုယ်ရဲ့ စီး ပွားဖက်များကျတော့ လိုသလို အခွင့်ထူးတွေကိုပေးထားပြီး ကြိုက်တဲ့စီးပွားရေးကို ကြိုက်သလို လုပ်ခွင့်ပေးပါ တယ်။ နောက်အရေးကြီးတဲ့ အချက်တခုကတော့ နိုင်ငံတခုမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံတကာအဆင့်မီ အပေါ် ထပ်အဆောက်အဦ (လမ်း၊ တံတား၊ လေဆိပ်၊ ရေဆိပ်၊ လျှပ်စစ်စွမ်းအင် အစရှိဖြင့်) မရှိပါဘူး။ နောက်အဆိုး ဆုံးအချက်ကတော့ တည်ငြိမ်တဲ့ ငွေကြေးစနစ် မရှိတဲ့ကိစ္စပါ။ အခုအထိ အမေရိကန် ၁ ဒေါ်လာရဲ့ ပေါက်ဈေး ဟာ ခြောက်ကျပ်ဝန်းကျင်မှာပဲ ရှိနေပါသေးတယ်။

အခုလက်ရှိအခြေအနေမှာ အုပ်ချုပ်ရေးနှင့် ဥပဒေရေးတို့ ဖြစ်ချင်သလို ဖြစ်နေတော့ ဗိုလ်ချုပ်များနဲ့ အလွမ်း သင့်တဲ့ စီးပွားရေးကုမ္ပဏီတွေက လုပ်ချင်သလိုလုပ်ပါတယ်။ အရှည်ကို မကြည့်ပါ။ ဥပမာတခုအနေနဲ့ တင်ပြရ ရင် တေဇရဲ့ သစ်ကုမ္ပဏီကို ရှမ်းပြည်အတွင်း သစ်တန်တသိန်း ခုတ်ခွင့်ပေးလိုက်ခြင်းပါပဲ။ သဘာဝအရင်းအ မြစ်တွေကို စနစ်တကျ ဘယ်လို ထုတ်ယူသုံးစွဲရမလဲဆိုတာကို ဂရုစိုက်ခြင်းမရှိပါ။ မိမိနဲ့ အဆင်ပြေတဲ့ ဗိုလ်ချုပ် များ အုပ်ချုပ်နေစဉ်၊ အာဏာရှိနေစဉ်မှာ ရသလောက် ညှစ်ယူထားဖို့က စီးပွားရေးသမားများရဲ့ အမြင်ပါ။ သူ တို့ဘက်ကကြည့်ရင်လည်း ဗိုလ်ချုပ်တွေအချင်းချင်း အာဏာလုလို့ သူတို့ဘက်က ဗိုလ်ချုပ်တွေ ရှုံးနိမ့်ခဲ့ရင် အ ရင်လက်ထက်မှာတုန်းက ရထားတဲ့အခွင့်အရေးတွေ ပိတ်သွားနိုင်ပါတယ်။ အဲသည်တော့ မိုးရွာတုန်းရေခံကြ ဟေ့ ဆိုတဲ့မူကို လက်ကိုင်ထားပြီး စီးပွားရေးသမားများကလည်း လုပ်ကြပါတယ်။

အဲသည်တော့ အခုလိုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သူတို့ရဲ့စီးပွားရေးပိတ်ဆို့မှု ပေါ်လစီတွေ ကို ပြန်လည်ရုတ်သိမ်းပြီး သူတို့ရဲ့ကုမ္ပဏီများ မြန်မာပြည်ကို သွားစေလုပ်စေဆိုပြီး ခွင့်ပြုလိုက်တယ်ဆိုပါစို့။

အရင်ဆုံး အမြတ်မရဘဲ နစ်နာမှာက မြန်မာပြည်သားတွေသာဖြစ်ပါတယ်။ လာသမျှ နိုင်ငံခြားကုမ္ပဏီတွေ အ ရည်ညှစ်သွားတာကို တိုင်းပြည်က ခံရမှာပါ။ ဒါဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေရေးတို့ ဖြစ်ချင်သလိုဖြစ်နေတဲ့ အခြေ အနေကြောင့်ပါ။ စနစ်ပျက်နေတဲ့ တိုင်းပြည်မှာ ဘယ်လိုနိုင်ငံခြားရင်းနှီးမြုတ်နှံ့မှုတွေ လာလာ လူတစုကလွဲလို့ တိုင်းသူပြည်သားများ အကျိုးခံစားရမှာ မဟုတ်ပါ။ ပြောရရင် လေးငါးနှစ်လောက်အတွင်းမှာ မြန်မာပြည်ရဲ့ သ ဘာဝရင်းမြစ်တွေ ကုန်ခန်းသွားပါလိမ့်မယ်။ ရတုန်းယူထားစို့ ဆိုတဲ့ခေတ်ကြီးမှာ လုပ်ရတဲ့ စီးပွားရေးမို့ ဘယ်စီး ပွားရေးသမားကမှ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းပြီး စနစ်တကျလုပ်မယ်လို့ မထင်လိုက်ပါနဲ့။ စီးပွား ရေးသမားဆိုတာ ဗမာဖြစ်ဖြစ် နိုင်ငံခြားသားဖြစ်ဖြစ် အတူတူပါပဲ။ လူတစုအတွက် ကောင်းပေမယ့် လူများစုအ ဖို့ အကျိုးထိခိုက်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက နိုင်ငံရေးမဟုတ်ပါ။ အတိုက်အခံ ဒီမိုကရေစီအုပ်စုများကို ထောက်ခံလို့ သူတို့ပေါ်လ စီကိုကြိုက်လို့ စီးပွားရေးပိတ်ဆို့ခြင်းကို ထောက်ခံနေခြင်းမဟုတ်ပါ။ ကိုယ့်ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမလဲ။ အကောင်းထက် အပျက်က ပိုများလာနိုင်သလား (သို့) အပျက်ထက် အကောင်းတွေဘဲ ပေါ်လာ မလားဆိုတာကို ကြိုတင်တွက်ချက်ဖို့လိုတာမို့ တင်ပြခြင်းသာဖြစ်ပါတယ်။

ထပ်မံဖြည့်စွက်လိုတဲ့ အခြားအချက်များလည်း ရှိပါသေးတယ်။ ဒါကတော့ ဥပမာအားဖြင့် တေဇကုမ္ပဏီဟာ မြန်မာကုမ္ပဏီဖြစ်ပါတယ်။ မြန်မာကုမ္ပဏီတခုက ရှမ်းပြည်အတွင်းက ရှမ်းလူထုတွေ နှစ်အတီအတေ ကတည်း က ပိုင်ဆိုင်လာတဲ့ သစ်တောတွေကို ၀င်ပြီးခုတ်ချင်သလို ခုတ်သွားတာ မတရားပါဘူး။ ကိုယ်ကျင့်သိက္ခာအရ မှားယွင်းပါတယ်။ ရှမ်းလူထုရဲ့ သဘာဝအရင်းအမြစ်ကို ရှမ်းလူထုကသာ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အုပ်ချုပ်ရေးနဲ့ ဥပဒေရေးတွေ ဖြစ်ချင်သလို ဖြစ်နေတဲ့အချိန်မှာ ရှမ်းလူထုဟာ လက်မှိုင်ချပြီး ထိုင်ကြည့်နေရတာကလွဲလို့ ဘာများတတ်နိုင်ပါ့မလဲ။ ဥပမာတခုအနေနဲ့ ရှမ်းကုမ္ပဏီတခုက နိုင်ငံခြားမှာ ရောင်းရင် ၀င်ငွေကောင်းလို့ဆိုပြီး မြန်မာပြည်အလယ်ပိုင်းက ကုက္ကိုပင်တွေကို အလုံးအရင်းနဲ့ ခုတ်ချင်သလို လာခုတ်မယ်ဆိုရင် မြန်မာတွေ ဘယ်လိုခံစားရမလဲ။ ကိုယ်ချင်းစာတတ်ဖို့ လိုပါတယ်။ အဲသလိုပါပဲ ကျန်နေတဲ့ တိုင်းရင်းသားပြည်နယ်များက အရင်းအမြစ်တွေကို ထုတ်ယူ၊ သုံးစွဲ၊ ရောင်းချမယ်ဆိုရင် အဆိုပါ တိုင်းရင်း သားလူထုရဲ့ အဆုံးအဖြတ်နဲ့သာ ပြုလုပ်ခြင်းက ရေရှည်အနာဂတ် ပြည်ထောင်စုအတွက် ပိုကောင်းပါလိမ့် မယ်။

နောက်တချက်ကတော့ စွမ်းအင်ကိစ္စပါ။ အခုရနေတဲ့သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားအကုန်ထုတ်ပြီး ရောင်းတာ ထက် နိုင်ငံသားတွေ အလုပ်လုပ်ဖို့ ကုန်ထုတ်လုပ်ဖို့ သုံးစွဲခွင့်ပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် ငါးလုပ်ငန်းက နိုင်ငံခြားကို ငါးတွေတင်ပို့မယ် ဆိုပါစို့။ မတင်ပို့ခင်စပ်ကြား ငါးတွေပုတ်မကုန်အောင် အအေးခန်းကြီးတွေနဲ့ ထားရပါတယ်။ သို့သော် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင်ကို လုံလောက်အောင် မစီမံပေးနိုင်လို့ ဒီဇယ်အင်ဂျင် ကြီးများနဲ့ အဲသည့်အအေးခန်းများကို လည်ပတ်ရပါတယ်။ ဒီဇယ်ဖိုး ထပ်ကုန်တဲ့အတွက် ထိုငါးများပုဇွန်များကို နိုင်ငံခြားပို့တဲ့အခါမှာ မြတ်သင့်သလောက် အမြတ်မကျန်တော့ပါ။ ဒီကြားထဲမှာလည်း အုပ်ချုပ်စီမံခန့်ခွဲရေး ပျက်စီးယိုယွင်းနေတဲ့အတွက် ငါးတွေ နိုင်ငံခြားမပို့ခင်မှာ ဟိုပေးသည်ကမ်း လုပ်ရတဲ့အတွက် ကုန်ကျစရိတ် ထပ်တက်လာပါတယ်။

အခုနေအခါမှာ စီးပွားရေးပိတ်ဆို့မှုတွေ မရှိတော့ဘူးဆိုပါစို့။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေလည်း တပြုံကြီးဝင် လာကြပြီဆိုပါစို့။ သူတို့အရင်လုပ်မှာက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုး ဖြစ်မယ်ထင်ပါသလဲ။ ခေတ်မီစက်ရုံ တွေထောင်ပြီး လုပ်မယ်လို့ထင်ပါသလား။ မထင်ပါခင်ဗျားလို့သာ ပြန်ပြောရမှာပါ။ မြန်မာပြည်ဟာ ဘာမှအ ဆင်သင့် မဖြစ်သေးတဲ့ နိုင်ငံဖြစ်တာမို့ စက်မှုလုပ်ငန်းထွေထက် သဘာဝအရင်းအမြစ်တွေကို တိုက်ရိုက်ထုတ် ယူရောင်းစားလိုတဲ့ ကုမ္ပဏီတွေကသာ အများစု ဖြစ်ပါလိမ့်မယ်။ အဲတာက အရင်းနည်းပြီး အချိန်တိုတိုအတွင်း မှာ အမြတ်များလို့ပဲ ဖြစ်ပါတယ်။ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ သစ်တောများကို ခုတ်ယူခြင်း ရောင်းချခြင်း၊ ရေနံနဲ့သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူခြင်း၊ ငါးများအလွန်အကျွံဖမ်းခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ သတ္ထုမိုင်းလုပ်ငန်းများ တိုင်းပြည်အနှံ့ပေါ်လာခြင်း၊ မြစ်တွေကိုပိတ်ပြီး ဆည်ဆောက်ခြင်း၊ သစ်တောများကို ဧ ကပေါင်း သိန်းနဲ့ချီပြီး ခုတ်ထွင်၍ ငွေအဖြစ်မြန်တဲ့ ရော်ဘာလို ဆီအုန်းလို အပင်များစိုက်ပျိုးခြင်း စတာတွေအ ပြင် မြောက်များလှတဲ့ ငွေရလွယ်တဲ့ လုပ်ငန်းများကိုသာ လုပ်ကြမှာပါ။

စက်မှုလုပ်ငန်းမှာ လာရောက်မြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေလည်း အနည်းအကျဉ်း ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ဘယ်လိုစက်မှုလုပ်ငန်းများကို ထူထောင်မှာလည်းဆိုတာ ဒီနေရာမှာ မေးစရာရှိပါတယ်။ ဥပမာအား ဖြင့် ၁၉၉၀ ခုနှစ်များတုန်းက ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ နိုင်ငံခြားအထည်ချုပ်စက်ရုံတွေ မှိုလိုပေါက်ခဲ့ပါတယ်။ အ ကျိုးဆက်အားဖြင့်လည်း ဘင်္ဂလားအောက်ခြေ ပြည်သူတွေ အလုပ်များရခဲ့ပါတယ်။

သို့သော် ၁၉၉၄ နောက်ပိုင်းမှာ ကမ္ဘာ့အထည်ဈေးကွက် အပြောင်းအလဲများလှိုင်းများက နိုင်ငံတကာ အထည် ချုပ်လုပ်ငန်းကို ကောင်းကောင်းကြီး ဒုက္ခပေးပါတယ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံကိုလည်း ချန်မထားခဲ့ပါဘူး။ (ဘင်္ဂ လားဒက်ရှ် အတိုက်ခံများကြောင့်မဟုတ်ပါ) ဘင်္ဂလားဒက်ရှ်မှာလည်း အထည်ချုပ်စက်ရုံတွေ တရုံပြီးတရုံ ပိတ် ကုန်ပါတယ်။ အဲသည်တော့ အလုပ်လက်မဲ့တွေ မြို့ပေါ်မှာ သောင်တင်ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ အ ထည်ချုပ်စက်ရုံ ရင်းနှီးမြှုပ်နှံမှုက ဘင်္ဂလားဒက်ရှ်နိုင်ငံအတွက် ဘာနည်းပညာမှ ချန်မထားခဲ့နိုင်ပါဘူး။ သူ လည်းထွက်ရော ကိုယ်လည်း လက်မဲ့ကျန်ဆိုတာမျိုး ဖြစ်ခဲ့ရပါတယ်။ နောက်တချက် သတိထားဖို့ကလည်း အ ထည်ချုပ်လုပ်ငန်းဆိုတာ ဆင်းရဲတဲ့ နိုင်ငံများမှာ ချမ်းသာတဲ့ နိုင်ငံတွေက လာထောင်စားတဲ့လုပ်ငန်း ဖြစ်ပါ တယ်။ အလုပ်ရှင်ငွေရှင် ပြန်ထွက်သွားတဲ့အခါမှာ ဆင်းရဲသားဟာ လက်ချည်းပဲ ကျန်ရစ်ပါတယ်။ အနည်းဆုံး တူတူတန်တန် နည်းပညာလေးလောက်တော့ ကျန်ရစ်ခဲ့သင့်တာပေါ့။ အ၀တ်အထည်ပဲ ချုပ်တတ်တဲ့ နည်းပ ညာလောက်သာ ကျန်ရစ်ခဲ့တာတော့ ရင်နာစရာပါ။ အခုလည်း တရုတ်ပြည်မှာ အထည်ချုပ်လုပ်ငန်းတွေ၊ အ ရုပ်စက်ရုံတွေပိတ်ရတော့ တရုတ်လုပ်သား သန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်တာကို ရင်ဆိုင်နေရပါတယ်။

လက်ရှိ စီးပွားရေးပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာတောင် သဘာဝအရင်းအမြစ်တွေကို လုပ်ချင်သလို လုပ် နေကြတာ စီးပွားရေးပိတ်ဆို့မှုမရှိလို့ကတော့ အချိန်တိုတိုအတွင်း ကုန်ပါပေါ့လားဆိုတဲ့ ဘ၀ကိုရင်ဆိုင်ရမှာပါ။ နိဂုံးချုပ်ရရင်တော့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေရေး ပျက်ပြားနေတဲ့ မြန်မာနိုင်ငံတနည်းဆိုရရင် ခြောက်လုံး ပြူးသေနတ်ကို ခါးထိုးပြီး အရက်မူးနေတဲ့ ကောင်းဘွိုင်တွေ ဗိုလ်ကျအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို အခုနေအခါ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့တာကို ပြန်ဖွင့်လိုက်ရင် ကောင်းကျိုးထက်ဆိုးကျိုးသာ ပိုမိုများပြားလာ လိမ့်ဆိုတာ အတပ်ပြောရဲပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၈ ရက် မတ်လ ၂၀၀၉ ခုနှစ်

4 comments:

nw said...

idiot

Unknown said...

Ko Zaw Min point of view is fantastic,totally right but some idiot think as a idiot.

Unknown said...

Ko Zaw Min point of view is fantastic,totally right but some idiot think as a idiot.

Unknown said...

Ko Zaw Min point of view is fantastic,totally right but some idiot think as a idiot.