Friday, March 20, 2009

ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ၏ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်

သောကြာနေ့၊ မတ်လ ၂၀ - ၂၀၀၉၊ ၂၁း၅၆ - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင် တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စရောက်သွားသည်။ သည်းခြေပြွန်လမ်း ကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သော ကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

သူမ အသည်းအသန် နာမကျန်းဖြစ်နေသော်လည်း မြစ်ကြီးနားအကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်း မှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။ “ကိုဇာဂနာသိရင်တော့ အရမ်းဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင် အာဏာပိုင်တွေကနေတဆင့် သူ့ဆီရောက်အောင် အကြောင်းကြားခိုင်းလိုက်ပြီ”ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမသို့ ပြောသည်။

ဘီလင်းမြို့ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး “မေ့ရက်တဲ့ မောင်”၊ “ ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ “အလောင်းတော်ကဿပသွား တောလား”၊ “ဗုဒ္ဓဂယာ ၂၁ ရက် ခရီး စဉ်”၊ “ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ၁၉၈၈ ခုနှစ် ရှစ်လေး လုံးလူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှု ခံခဲ့ရဖူးသည်။

ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး “သား(ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံး သွားတာဟု” သားဖြစ်သူ ကိုတေဇက ပြောသည်။ ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့ သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော်လုံခြုံရေးနှင့် ဗွီဒီယိုအက်ဥပဒေများဖြင့် ထောင် ဒဏ် ၃၅ နှစ် ကျခံနေရသည်။ နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချ ခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်းမီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူဖြစ်သည်။

ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သင်္ဂြိုဟ်မည်ဟု မိသားစုဝင်များက ပြော သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇနှင့် ကိုဇာဂနာတို့ ကျန်ရစ်သည်။

No comments: