Sunday, March 15, 2009

ကျူရှင်ဆရာ နာ (၄) နာ

ကျော်သိင်္ခ
(www.komoethee.blogspot.com မှ ကူးယူဖော်ပြသည်)

မနေ့က အင်တာနက်သတင်းတပုဒ်တွင် “တက္ကသိုလ်ဝင်စာမေးပွဲများ လာမည့် မတ်လ ၁၁ ရက်နေ့တွင် ဖြေရ တော့မည်” ဟူသည့် သတင်းကို ဖတ်လိုက်ရတော့ ယခုအချိန်တွင် အလုပ်များနေကြမည့် ကျောင်းသားများ သာမက ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၏ ပုံရိပ်များကို ပြန်လည်မြင်ယောင်ကာ ယခု ဆောင်းပါးကို ရေးဖြစ်ခဲ့ပါသည်။

ကျနော်သည် ရန်ကုန်မြို့၌ အင်္ဂလိပ်စာသင် ကျူရှင်ဆရာဘ၀နှင့် စာသင်ခဲ့ရသည့်နှစ်များတွင် ၂၀၀၅ ခုနှစ် စာ သင်နှစ်သည် ကျူရှင်ဆရာဘ၀တွင် တသက်စာ မေ့မရနိုင်သော နှစ်တစ်နှစ်ဟု ဆိုရပေမည်။ ထို့ပြင် ကျူရှင်ဆ ရာဘ၀ကို "နာလေးနာ" နှင့် ကျောခိုင်းခဲ့ရသော နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ် စာသင်နှစ်က ကျ နော်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတခုကို ပြန်လည်မျှဝေချင်ပါသည်။

ကျနော်သည် ရန်ကုန်မြို့တွင် ၁၀ တန်းကျောင်းသားများကို အင်္ဂလိပ်စာသင်ပေးသည့် ကျူရှင်ဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ နှစ်စဉ် ပုံမှန်စာသင်ဝိုင်းများနှင့် လက်မလည်အောင်တော့ သင်ရသည်။ ကျ နော်နှင့် အကျိုးပေးသောအလုပ်ဟု ဆိုရမည်။ သို့သော် ရန်ကုန်မြို့ရှိ နာမည်ကြီး ကျူရှင်ဆရာ စာရင်းဝင်တော့ မဟုတ်ပါ။ စာသင်ခြင်းသည် ကျနော် အမြတ်နိုးဆုံး၊ ၀ါသနာအပါဆုံး အလုပ်လည်းဖြစ်သည်။

၂၀၀၅ ခုနှစ် ကျနော်စာသင်သည့် ကျောင်းသားဝိုင်းတ၀ိုင်းတွင် စစ်တပ်အသိုင်းအ၀ိုင်းမှ ဗိုလ်မှူးချုပ်တဦး၏ သားလည်းပါသည်။ တရက်တွင် အဆိုပါကျောင်းသားတက်သော ၀ိုင်းသို့ ၄င်း၏ မိခင်(ဗိုလ်မှူးချုပ်ကတော်)က သူသားတက်နေသည့် စာသင်ဝိုင်းကို လေ့လာချင်သည်ဟုဆိုကာ ကျနော်စာသင်ချိန် ပြီးဆုံးသည့်အထိ နား ထောင်ပါသည်။ စာသင်ချိန်ပြီးဆုံးသွားသောအခါ မိခင်ဖြစ်သူက နောက်စာသင်ချိန်မတိုင်မီ အချိန်ရပါက ကော် ဖီဆိုင်တစ်ဆိုင်သို့ လိုက်ခဲ့ရန်ဖိတ်ပါသည်။ ကျနော်လက်ခံလိုက်ပါသည်။ ကော်ဖီဆိုင်ရောက်သောအခါ အဆိုပါ အရာရှိကတော်က သူ့ယောက်ျားမှာ ဗိုလ်မှူးချုပ်မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သို့ အလုပ်လုပ်ကိုင်ရကြောင်း ပြောပြကာ၊ ယခု သူ့သားတက်နေသည့် စာသင်ဝိုင်းမှ ကလေးများမှာ စာတော်ကြကြောင်း၊ ထိုအထဲတွင် သူ့ သား စာမလိုက်နိုင်မည်စိုး၍ အိမ်တွင် သီးသန့်တယောက်တည်း သင်ပေးစေလိုကြောင်း၊ ဉာဏ်ပူဇော်ခကို အ ဆင်ပြေသလို တောင်းနိုင်ကြောင်း ပြောပါသည်။ သူသားမှာ အတန်းထဲတွင် စာအညံ့ဆုံးဟုဆိုက မမှားပါ။ ထို့ ကြောင့်လည်း တယောက်တည်း သီးသန့်သင်ပေးလျှင် ပိုပြီးသင့်လျှော်မည်ဟုဆိုကာ ကျနော်လည်း ထိုကမ်း လှမ်းချက်ကို လက်ခံလိုက်ပါသည်။ ကျူရှင်လခကိုတော့ အခြားဝိုင်းများနည်းတူပင် တောင်းပါသည်။

သို့နှင့် ၄င်းတို့ စစ်တပ်ဝင်းအတွင်းသို့ တပတ်သုံးရက်တော့ စာသင်ရင်းရောက်ဖြစ်သည်။ အိမ်ထဲသို့ မ၀င်မီ ခြံ အ၀င်အ၀ဂိတ်တွင်တော့ ဂိတ်စောင့်စစ်သား (RP) များက ကျနော့်လက်ဆွဲအိတ်ကို အ၀င်၊ အထွက် စစ်ဆေး သည်။ ထိုဗိုလ်မှူးချုပ်သားအား စာသင်ပေးရသည့်အချိန်မှာ မနက်ပိုင်းဖြစ်၍ မနက် ၇ နာရီထိုးလျှင် ကျနော် သူတို့အိမ်သို့ ရောက်နှင့်နေပြီ။ အိမ်ရှိအိမ်သားများနှင့် မိဘများကလည်း ကျောင်းသားကို မနက်ခင်း စောစော ထစေချင်သည့်အတွက်ကြောင့် စာသင်ချိန်ကို မနက်ခင်းစီစဉ်ပေးရသည်။ သို့သော် ကျနော်စာသင်ရန်ရောက် နှင့်နေသည့် အချိန်တွင် ကျောင်းသားက အိပ်ယာက မထသေးသည်က များသည်။ ကြိုကြိုတင်တင် နှိုးပေး မည့်သူလည်းမရှိ။ ကျနော့်မှာ ဧည့်ခန်းတွင် နာရီဝက်ခန့် ထိုင်းစောင့်ရသည်က များပါသည်။ ကျောင်းသား အိပ် ရာက နိုးလာလျှင်လည်း မျက်နှာသစ်၊ သွားတိုက်သည်က နာရီဝက်ခန့်ကြာသဖြင့် စာသင်ချိန်ထဲမှ တနာရီ အ လဟဿ ဖြစ်သွားတော့သည်။ စာသင်ချိန်မှာ နှစ်နာရီယူထားသဖြင့် နောက်ထပ် တနာရီတိုးပြီး သင်ပေးရ သော် ၄င်းအချိန်ပြီးလျှင်၊ သွားသင်ရမည့် နောက်တ၀ိုင်းသို့ တနာရီနောက်ကျမှ ရောက်ရသည်။ သို့နှင့် တနေ့ လုံးသင်ရသည့် ၀ိုင်းများပါ တနာရီစီနောက်ကျကုန်သည်။

ထိုအိမ်တွင် တလခန့်စာသင်ပြီးသော် ကျနော် စိတ်ပျက်ရသည်။ ကျောင်းသားက ပေးထားသောအိမ်စာများကို မလုပ်။ စာမေးလျှင်လည်းမရ။ အိမ်ရှိ မိဘ၊ ညီအစ်ကိုမောင်နှမများကလည်း ကြပ်မတ်ပေးခြင်းမရှိ။ တရက်တွင် တပည့်ဖြစ်သူက သူ့အမေအား ကျနော်နှင့် တပတ်တရက် အပြင်ထွက်ပြီး လက်ဘက်ရည်ဆိုင် ထိုင်ခွင့်ရရန် ပူ ဆာပါတော့သည်။ ကျနော့်တွင် အားလပ်ချိန်ဆိုလို့ အင်္ဂါနေ့တရက်သာရှိပါသည်။ ထိုနေ့တွင်ပင် တပတ်လုံး စာ မေးပွဲစစ်ထားသည့် ၀ိုင်းများမှ အဖြေလွှာများကို စစ်ရသဖြင့် အားချိန်မရှိပါ။ တပည့်လုပ်သူက ပူဆာလွန်းသ ဖြင့် အမေလုပ်သူက ကျောင်းသားသည် ဆရာအပေါ်သံယောဇဉ်ရှိ၍သာ ထိုကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း၊ အခြားဆရာများကိုမူ ထိုသို့မတောင်းဆိုကြောင်း၊ ကျနော့်အနေနှင့် လိုက်လျောသင့်ကြောင်း မကြာခဏ နားပူ နားဆာ (နပူနဆာ) လုပ်သဖြင့် ကျနော် စိတ်ပျက်ပျက်နှင့်ပင် စာသင်ချိန်မရှိသည့် အင်္ဂါနေ့ညနေပိုင်းတွင် တ ပည့်ဖြစ်သူနှင့် လက်ဘက်ရည်ဆိုင်ထိုင်ရန် သဘောတူလိုက်ရပါသည်။

တနေ့တွင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း တပည့်ဖြစ်သူကို ကျနော်က ၄င်း၏ ဘ၀ရည်မှန်းချက်နှင့် ပက်သက်ပြီး မေးခွန်းထုတ်ပါသည်။ ၄င်းက သူ့အဖေကဲ့သို့ စစ်ဗိုလ်ကြီးလုပ်ချင်ကြောင်း၊ ထို့ကြောင့် ဗိုလ်လောင်းသင်တန်း တက်ခွင့်ရရန် ၁၀ တန်းတွင် အပြင်းအထန်ကြိုးစားဖို့ မလိုကြောင်း၊ အမှတ်ကောင်းဖို့ မလိုကြောင်း၊ ထို့ကြောင့် စာကို အပြင်းအထန် ကြိုးစားဖို့ မလိုကြောင်းပြောပါသည်။

ကျနော်က ရှင်းပြပါသည်။ စစ်ဗိုလ်လုပ်ချင်သောသူ များသည် ၁၀ တန်းတွင် ဖြစ်နိုင်လျှင် ဂုဏ်ထူးကို ဘာသာစုံ ထွက်သင့်သည့်အပြင်၊ အမှတ်လည်း ကောင်းဖို့လိုကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် စစ်ဗိုလ် များသည် ဆရာဝန်၊ အင်ဂျင်နီယာများကိုပင် လက်ညှိုးထိုး စေခိုင်းနေကြကြောင်း၊ ဆရာဝန်တယောက်၊ အင် ဂျင်နီယာတယောက်ဖြစ်ရန် ၁၀ တန်းကို အမှတ်ကောင်းကောင်းနှင့် ဂုဏ်ထူးများစွာထွက်အောင် ကြိုးစားကြရ ကြောင်း၊ ထို့ကြောင့် ဆရာဝန်၊ အင်ဂျင်နီယာများကို လက်ညှိုးထိုးခိုင်းစေမည့် စစ်ဗိုလ်တယောက်လုပ်မည့် သူ သည် ထိုသူများထက် ပိုတော်သင့်ကြောင်း၊ ပိုတတ်သင့်ကြောင်း ကျနော် ရှင်းပြပါသည်။ သို့သော် တပည့်ဖြစ် သူက "ဖေကြီး ၁၀ တန်းတုန်းက ဘာဂုဏ်ထူးမှ မပါဘူးလို့ ပြောတယ်၊ ရိုးရိုးပဲအောင်ပြီးတော့ ဗိုလ်ဖြစ်တာပဲ၊ အခုလည်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကို ခိုင်းနေတာပဲ" ဟု စောဒက တက်ပါသည်။ ကျနော်လည်း မင်း တနေ့တော့ နားလည်လာမှာပါဟုပဲပြောပြီး ထိုနေ့စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။

သည်လိုနှင့် စာမေးပွဲကြီးကလည်း တလထက်တလ နီးသထက် နီးလာသည်။ ထိုဗိုလ်မှူးချုပ်သားမှာ ပေးထား သော လေ့ကျင့်ခန်းများကိုလည်း ကောင်းကောင်းမလုပ်၊ ကျောင်းမှ ပုံမှန်စစ်ဆေးသည့် လပတ်စာမေးပွဲများ တွင်လည်း မအောင်။ ကျနော်လည်း စာသင်ရသည်မှာ မမော။ စာလုပ်ဖို့ ပြောနေရသည်သာ မောသည်။ ထိုနှစ် စာသင်နှစ် မြန်မြန်ကုန်ပါစေဟုသာ ဆုတောင်းနေမိသည်။

ဒီဇင်ဘာလရောက်သောအခါ ဗိုလ်မှူးချုပ်ကတော်က ၄င်းသားအား ကျနော်ကဲ့သို့ အိမ်တိုင်ယာရောက် လာ သင်ပေးနေသည့် အခြားဘာသာရပ်ဆိုင်ရာ ဆရာမများနှင့်တိုင်ပင်ကာ သားဖြစ်သူကို ၄င်းတက်နေသည့် ရန် ကုန်ကျောင်းမှ နှုတ်ပြီး လှည်းကူးရှိ အထက ကျောင်းတကျောင်းတွင် စာရင်းသွင်းပြီး စာမေးပွဲဖြေခွင့် ပုံစံကို လည်း ထိုကျောင်းမှပင် တင်သည်ဟုသိရသည်။ သို့သော် သားဖြစ်သူမှာ ထိုလှည်းကူးရှိကျောင်းတွင် သွား တက်စရာမလို။ စာမေးပွဲဖြေမှသာ သွားဖြေမည်ဟုပြောပါသည်။ မိဘများက ၄င်းတို့၏သားကို ကျောင်းပြောင်း စာရင်းသွင်းပြီးသည့်အချိန်တွင် သားဖြစ်သူမှာ ဆရာများ စာလာသင်သည့်အချိန်တွင်ပင် ကောင်းစွာသင်ယူ ခြင်း မရှိတော့။ တရက်တွင် ၄င်းနှင့် လက်ဖက်ရည်ဆိုင်ထိုင်တော့ ဖြစ်ကြောင်းကုန်စင်ကို တပည့်လုပ်သူက ကျ နော့်အား ပြောပြပါတော့သည်။

၎င်း၏ပြောပြချက်အရ ၄င်း၏ မိခင်ဖြစ်သူက လှည်းကူး အထက (၄င်းစာမေးပွဲဖြေမည့် စာစစ်ဌာန) မှ ကျောင်း အုပ်ဆရာတဦးနှင့် ပေါင်းကာ စာမေးပွဲဖြေမည့် ၆ ရက်လုံးအတွက် ၄င်းတို့လိုချင်သည့် အခန်းစောင့်ဆရာမ ၁၂ ယောက်ကို တွေ့ဆုံပြီးဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာကြီးမှနေ၍ အဆိုပါ ဆရာမ ၁၂ ယောက်အနက် နှစ် ယောက်စီကို ဗိုလ်မှူးချုပ်သားဖြေမည့် စာမေးပွဲခန်းထဲတွင် အခန်းစောင့်ဆရာများအဖြစ် တာဝန်ပေးမည်ဖြစ် ကြောင်း၊ ခိုးချရန် ချုံ့၍ မိတ္တူကူးထားသည့် ဘာသာရပ်ဆိုင်ရာ စာရွက်စာတမ်း (Micro) များကို တဘာသာ လျှင် သုံးစုံကျ ၀ယ်ထားပြီးဖြစ်ကြောင်း၊ တစုံကို သေးငယ်သော အခေါက်ကလေးများ (၄င်းတို့အခေါ် - ဘာ ဂျာခေါက်) လုပ်ကာ ကျောင်းသား၏ အတွင်းခံ ဘောင်းဘီအတွင်းတွင်ထည့်၍ စာမေးပွဲခန်းတွင်းသို့ ယူသွား မည်ဖြစ်ကြောင်း၊ ကျန်နှစ်စုံကိုတော့ အခန်းစောင့် ဆရာမနှစ်ယောက်ကို ထိုဘာသာရပ် ဖြေရမည့်ရက်မတိုင် ခင် တရက်ကြိုတင်၍ ပေးထားမည်ဖြစ်ကြောင်း၊ အခန်းစောင့်မည့် ဆရာမနှစ်ဦးက ၄င်းတို့၏ စလင်းဘတ်ထဲ တွင် ဗိုလ်မှူးချုပ်သား ခိုးချရန် အဆိုပါစာရွက်စာတမ်းများကို ဆောင်းထားမည်ဖြစ်ကြောင်း၊ အကယ်၍ အခန်း ပြင်ပမှ တာဝန်ကျဆရာတဦးဦးက အခန်းတွင်းသို့ဝင်ပြီး ကျောင်းသားထံမှ ခိုးချသည့် စာရွက်စာတမ်းများကို တွေ့ရှိ သိမ်းဆည်းသွားပါက၊ ထိုဆရာထွက်သွားလျှင် အခန်းစောင့်ဆရာမ နှစ်ယောက်မှ ၄င်းတို့ စလင်းဘတ် အိတ်ထဲတွင် အသင့်ဆောင်ထားသည့် စာရွက်များကို ကျောင်းသားအား ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျနော့် အား တပည့်ဖြစ်သူက အသေးစိတ်ရှင်းပြပါသည်။

ထိုကဲ့သို့ ၄င်း၏မိဘများက စီစဉ်ထားသည့်အတွက်ကြောင့်လည်း ကျ နော့်အနေနှင့် သူစာမကျက်သည်ကို ပူ ပန်ဖို့မလိုကြောင်း ဆင်ခြေပေးပါသည်။ ကျနော့်စိတ်ထဲတွင်တော့ တပည့်ဖြစ်သူထံမှ ထိုစကားများကို ကြား လိုက်ရပြီးသည့်နောက် ၄င်းအား စာပင် ဆက်သင်ချင်စိတ်မရှိတော့ပါ။ ထိုနေ့မှစ၍ တပည့်ဖြစ်သူကိုလည်း စာ ကြိုးစားရန်သော်လည်းကောင်း၊ စာမေးပွဲနှင့်ပက်သက်သည့် မေးခွန်းပရိယာယ်၊ ဖြေပုံဖြေနည်းတို့ကိုသော် လည်းကောင်း ပြောပြ၊ ရှင်းပြချင်စိတ်ပင် မရှိတော့ပါ။

ဤသို့နှင့် စာမေးပွဲဖြေရန် တပတ်အလိုတွင် ကျနော့်ကျောင်းသား အဖေဖြစ်သူ ဗိုလ်မှူးချုပ်က ကျနော့်အား သူ့ သားစာမေးပွဲဖြေနေစဉ်ရက်များအတွင်း မြန်မာစာနှင့် အင်္ဂလိပ်စာဖြေသည့် ရက်များအတွင်း လှည်းကူးတွင် လိုက်နေရမည်ဟု အမိန့်ပေးသလို လေသံနှင့်ပြောပါသည်။ ထိုအချိန်တွင် ကျနော်စာသင်ပေးနေသည့် အခြား ၀ိုင်းမှတပည့်များအတွက် ပူပန်စိတ်ဝင်လာသည်။ တနှစ်ပတ်လုံး ကိုယ်စာသင်ပေးထားသည့် ကျောင်းသားများ စာမေးပွဲနီးကပ်နေချိန်တွင် သူတို့အနားတွင် ကျနော်ရှိနေရမည် ဖြစ်ပါသည်။ စာမေးပွဲနှင့်ပက်သက်သည့် မေး ခွန်းပရိယာယ်၊ ဖြေပုံဖြေနည်း၊ သတိထားရမည့်အရာများကို ထပ်ကာထပ်ကာ မှာကြားချင်သည်။ လှည်းကူးသို့ ကျနော်လိုက်နေရပါက အခြားတပည့်များကို ထိုကဲ့သို့ သတိပေးစကား၊ အမှာစကားများ၊ အားပေးစကားများ ပြောနိုင်တော့မည် မဟုတ်တော့။ ကျနော် အတော်ကို ခံစားရသည်။

နောက်တနေ့မနက်တွင် အခြားဝိုင်းများမှ ကျောင်းသားမိဘများကို အိမ်တအိမ်တွင်စုခေါ်ကာ ကျနော့်အနေနှင့် စာမေးပွဲရက်အတွင်း အဆိုပါ ဗိုလ်မှူးချုပ်သားနှင့် လှည်းကူးသို့ လိုက်သွားရမည်ဖြစ်ကြောင်း၊ ငြင်းဆန်လို့ မရ နိုင်ကြောင်းပြောရာ ကျနော့်ကျောင်းသားများနှင့် ကျောင်းသားမိဘများက ကျနော့်အခြေအနေအပေါ် အပြည့် အ၀ နားလည်ပေးခဲ့ကြပါသည်။

မြန်မာစာမဖြေခင် တရက်အလိုတွင် တပည့်ဖြစ်သူနှင့် သူ့ အစ်ကို၊ အစ်မဖြစ်သူတို့နှင့် ကျနော် လှည်းကူးသို့ ရောက်ခဲ့သည်။ ကျနော့်ကို တည်းခိုခန်းတခုတွင် တပည့်ဖြစ်သူနှင့်အတူထားသည်။ မြန်မာစာဖြေသည့်နေ့တွင် ကျနော့်ကျောင်းသား စာမေးပွဲဖြေရာ လှည်းကူးအထက (-) သို့ လိုက်သွားသည်။ အဆိုပါကျောင်းမှာ ရန်ကုန်ရှိ အထကကျောင်းများကဲ့သို့ ခမ်းခမ်းနားနားမရှိလှပါ။ ကျနော့်ကျောင်းသား၏ အစ်ကိုဖြစ်သူက ကျောင်းရှေ့တွင် မောင်းလာသော Land Cruiser ကားကို ရပ်ပါသည်။ ကျောင်းရှေ့တွင်လည်း တွဲဖက်အထကများမှ လာ ရောက်ဖြေဆိုကြသော ကျောင်းသားများ၏ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများ၊ ဆရာ၊ ဆရာမများမှာ ဖိနပ်က လေးများ ဖင်ခုထိုင်ကာ ကျောင်းတွင်းသို့ တမျှော်မျှော်၊ ရင်တစ်မမနှင့် ငေးကြည့်နေကြသည်။ အချို့ကလည်း အခုလို ၁၀ တန်းစာမေးပွဲကြီးရောက်သည်အထိ မိမိတို့သားသမီးများကို ငွေကြေးမည်ရွေ့မည်မျှ အကုန်အကျ ခံကာ ပံ့ပိုးပေးကြရကြောင်း၊ တနှစ်ပတ်လုံး အခက်အခဲများကြားမှ ကျောင်းထားကြရကြောင်း၊ ယခုအခါ ထိုအ ခက်အခဲများကြားက ကျွတ်တော့မည်ဖြစ်ကြောင်း ပြောနေကြသည်ကိုကြားရသည်။ ကျနော့်ကျောင်းသား၏ အစ်ကိုဖြစ်သူမှာ ကားထဲတွင် အဲယားကွန်းကိုဖွင့်ကာ သီချင်းနားထောင်နေလေသည်။ ကျောင်းရှေ့တွင် သူ့ ကားတစီးတည်း ရပ်ထားသည်မဟုတ်။ ရန်ကုန်မှ အခြားစစ်ဗိုလ်များ၊ အရာရှိသားသမီးများလည်း ထိုကဲ့သို့ ခိုး ချရလွယ်ကူသည့် အထကကျောင်းသို့ လာဖြေကြသည်။ ထို့ကြောင့် ထိုကျောင်းအရှေ့တွင် လူကုံထံ အသိုင်း အ၀ိုင်းမှ ကားများက ပိတ်ရပ်ထားကြသည်။

ခဏကြာသောအခါ ကားတစီး ကျောင်းရှေ့တွင် ထိုးရပ်လိုက်သည်။ လှည်းကူးမြို့နယ် ပညာရေးမှူးကားဟု သိရသည်။ ပညာရေးမှူးက ကျောင်းအပေါ်ထပ်အောက်ထပ် စာမေးပွဲဖြေနေကြသည့် ကျောင်းသားများကို တ ခန်းဝင်တခန်းထွက် လိုက်လံကြည့်ရှုနေသည်ကို ကျနော် အပြင်မှမြင်နေရသည်။ နာရီဝက်ခန့်ကြာသောအခါ ပညာရေးမှူးမှာ ကားမောင်းပြီးထွက်သွားတော့သည်။ ထိုနေ့ မြန်မာစာဖြေပြီးသောအခါ တပည့်ဖြစ်သူကို "ကူး နိုင်လား" ဟု ကျနော်မေးတော့ ၄င်း၏ အစ်ကိုဖြစ်သူက ကျနော့်ကို မကြည်ကြည့်ဖြင့် ကြည့်ပါသည်။

တရက်တော့ အေးသွားပြီ။ နောက်တရက်သည် ကျနော်သင်သည့်ဘာသာ အင်္ဂလိပ်ဘာသာ ဖြေရမည့်နေ့ဖြစ် သဖြင့် ရန်ကုန်က တပည့်များကို သတိရသည်။ ထိုအချိန်တွင် ရန်ကုန်က တပည့်များအနားမှာ ကျနော်ရှိနေ လျှင် သူတို့ ဘယ်လောက်များ အားရှိလိုက်လေမလဲဟု တွေးမိသည်။ ထိုနေ့ညက တည်းခိုခန်းတွင် တပည့်ဖြစ် သူအား အင်္ဂလိပ်စာ သင်ရိုးစာအုပ် (Text book) ကို အနည်းဆုံး တစ်ခေါက်လောက်တော့ အစအဆုံး အသံ ထွက်ပြီး ဖတ်ခိုင်းသည်။ သို့သော် ပြောစကား နားမထောင်၊ ခိုးချရန်ပြင်ဆင်ထားသည့် ဘာဂျာခေါက်များနှင့် သာ အလုပ်များနေသည်။ ကျနော်လည်း ဆက်ပြောမနေတော့။

နောက်တနေ့မနက် စာမေးပွဲဖြေချိန် ခေါင်းလောင်းထိုးသည်နှင့် ကျောင်းသားများ အလျှိအလျှို စာမေးပွဲခန်းထဲ ၀င်သွားကြသည်။ ကျနော်လည်း ပြီးခဲ့သည့်ညက အတွေးတို့ဖြင့် တညလုံး အိပ်မပျော်ခဲ့သဖြင့် ခေါင်းအနည်း ငယ်ကိုက်လာသည်။ သို့နှင့် ကျောင်းသားအစ်ကိုဖြစ်သူက ကျနော့်ကို တည်းခိုခန်းသို့ ပြန်ပို့ပေးသည်။ တည်းခို ခန်းသို့ရောက်သည်နှင့် ခဏအတွင်း ကျနော် အိပ်ပျော်သွားသည်။

ကျနော် မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ။ ရုတ်တရက် အခန်းတခါးကို တဒုန်းဒုန်း ထုရိုက်သံကြောင့် ကျနော် လန့်နိုးသွားသည်။ တံခါးဖွင့်လိုက်တော့ ကျောင်းသားအစ်ကိုဖြစ်သူက "ဆရာ ... လာ" ဟုဆိုကာ ကျ နော့်လက်ကိုဆွဲကာ ကားပေါ်တင်ပြီး ကျောင်းဘက်သို့ ကားကို အရှိန်မြှင့်ကာ မောင်းပါတော့သည်။ ကျနော်က အကျိုးအကြောင်းမေးရာ ၄င်းက စာမေးပွဲဖြေချိန်စပြီး နာရီဝက်အကြာတွင် ပညာရေးမှူးရောက်လာကြောင်း၊ ကျနော့်ကျောင်းသားဖြေနေသည့် အခန်းထဲတွင်ထိုင်နေပြီး၊ စာမေးပွဲဖြေချိန်မပြီးမီ ၁၅ မိနစ်အလိုတွင်မှ ထွက် သွားကြောင်း၊ ထို့ကြောင့် ၄င်း၏ ညီဖြစ်သူမှာ အောင်မှတ်ရအောင်တောင် မကူးချနိုင်ခဲ့ကြောင်း၊ အခန်းစောင့် ဆရာမနှစ်ယောက်လည်း ဘာမှမလုပ်နိုင်ကြောင်း၊ ကျနော့်အနေနှင့် အခြေအနေကောင်းလျှင် ကျောင်းတွင်း သို့ ၀င်ကာ ၄င်းညီကိုယ်စား စာမေးပွဲဖြေပေးရမည်ဖြစ်ကြောင်းပြောရာ ကျနော် အတော်ကို တုန်လှုပ်သွားမိ သည်။ စာမေးပွဲတစ်ခုကို ကိုယ်စားဖြေပေးဖို့ မဆိုထားနှင့် စားခိုးချသည် ဆိုခြင်းကပင် စာမေးပွဲစည်းမျဉ်း၊ စည်း ကမ်းကို ချိုးဖောက်၊ ကျူးလွန်ရာရောက်နေပြီ။

ကားကို မည်သို့မောင်းလိုက်သည်မသိ ကျောင်းနောက်ဘက် ခြံစည်းရိုးဘက်သို့ ၁၅ မိနစ်အတွင်း ရောက်သွား သည်။ ကျောင်းသားအစ်ကိုဖြစ်သူက ကျနော့်လက်ကိုဆွဲကာ ကျောင်းနောက်ဘက် မလွယ်ပေါက်မှဝင်ပြီး ကျောင်းထဲရှိ အခန်းတခန်းထဲသို့ခေါ်သွားသည်။ စာမေးပွဲပြီးသည်မှာ နာရီဝက်ကျော်ကျော်ရှိပြီမို့ ကျောင်းတွင်း တွင် ဆရာအချို့မှလွဲ၍ မည်သူမှမရှိတော့။ အဖြေလွှာများကို ညနေ ၄ နာရီ ရန်ကုန်စာစစ်ဌာနသို့ အရောက်ပို့ ရမည်ဟုဆိုသည်။ ကျနော့်ကို ကျောင်းအုပ်ဆရာကြီးဆိုသူက ထိုနေ့တွင်စစ်ဆေးသော မေးခွန်းတစုံနှင့် အဖြေ လွှာ၊ ဘော့ပင်န်တချောင်းကို ပေးသည်။ ကျနော့်ဘေးနားတွင် တပည့်ဖြစ်သူ၊ ၄င်း၏ အစ်ကို၊ ဆရာမနှစ် ယောက်နှင့် ကျောင်းအုပ်တို့က ဇောချွေးပြန်နေသော မျက်နှာများဖြင့် မတ်တပ်ရပ်လျက်ကြည့်နေကြသည်။

ထိုအချိန်တွင် ကျနော့်လုံခြုံရေးအတွက် ကျနော်ထည့်စဉ်းစားရတော့မည်။ မချစ်သော်လည်း အောင့်ကာနမ်းရ တော့မည်။ ကျနော့်လက်က ဘော့ပင်န်နှင့်အတူ အဖြေလွှာစာရွက်ပေါ်သို့ ရောက်သွားသည်။ မေးခွန်းနံပါတ် ၁ မှ စဖြေကာ မေးခွန်းနံပါတ် ၉ အထိ (မေးခွန်းအားလုံး) ဖြေပေးလိုက်သည်။ သို့သော် စာသင်သက်အတွေ့အ ကြုံ ကောင်းကောင်းရှိထားသည့်အလျောက် အမှတ်ပေးစည်းမျဉ်းကိုတော့ ကောင်းကောင်းနားလည်သည်။ အင်္ဂလိပ်စာသည် အခြားဘာသာများကဲ့သို့မဟုတ်၊ ယခုခေတ်အမှတ်ပေးစည်းမျဉ်းများအရ ကာလ (Tense) မှားပြီးဖြေလျှင် တမှတ်မှမရ၊ အဖြေမှားလျှင် အမှတ်မရ၊ Letter နှင့် Essay တို့တွင် မည်မျှကောင်းအောင်ရေး ထားပါစေ။ ပစ္စုပ္ပန်ကာလနှင့်ရေးရမည့်နေရာတွင် အတိတ်ကာလနှင့်ရေးပါက မည်မျှပင်အရေးအသားကောင်း ပါစေ၊ အမှတ်ပေး၍မရ။ သို့သော် မေးခွန်းအားလုံးကို ဖြေလိုက်သဖြင့် အဖြေလွှာကိုကြည့်ရသည်မှာ အမြင် အားဖြင့်တော့ စိတ်ချမ်းသာစရာကောင်းပါသည်။

ညနေခင်းရောက်သောအခါ ရန်ကုန်မှ မိခင်ဖြစ်သူက ထိုနေ့က သူ့သားကြုံလိုက်ရသော အတွေ့အကြုံကြောင့် စိုးရိမ်ကာ လိုက်ချလာပါသည်။ အလာတွင်လည်း သချာင်္ဆရာကို ခေါ်လာပြီး၊ ကျနော့်နည်းတူ တည်းခိုခန်းတွင် ထားပါသည်။ ကျနော့်ကိုတော့ ထိုနေ့ညတွင်ပင် ရန်ကုန်သို့ပြန်ပို့ပါသည်။ ရန်ကုန်သို့ရောက်မှ တပည့်ဖြစ်သူ များထံ ဖုန်းဆက်ကာ အားလုံးဖြေနိုင်ရဲ့လားဟု မေးရသည်။ ဖြေနိုင်ကြသဖြင့် ကျနော် ဒီနှစ်အတွက် စိတ်အေး ရပြီ။

သို့သော် ရန်ကုန်ကျူရှင်လောက သဘာဝအရ နွေစာသင်ဝိုင်းတွေ ဖွင့်လျှင်ရသည်။ သို့သော်ကျနော်မဖွင့်ဖြစ်။ ရင်ထဲမှာ မွန်းကြပ်နေသည်။ စာသင်ရသည်ကို စိတ်မကုန်သော်လည်း ကျူရှင်ဆရာဘ၀ကို စိတ်ကုန်လာသည်။ သို့နှင့် မေလဆန်းပိုင်းလောက်တွင် အဆိုပါ ဗိုလ်မှူးချုပ်အိမ်သို့ ဖုန်းဆက်ပြီး ၄င်း၏သား စာမေးပွဲအောင်မ အောင်ကို မေးပါသည်။ ၁၀ တန်းအောင်စာရင်းမှာ ဇွန်လကုန်၊ ဇူလိုင်လဆန်းတွင် ထွက်သော်လည်း၊ ၄င်းတို့ အသိုင်းအ၀ိုင်းအနေဖြင့် ကြိုပြီးသိခွင့်ရကြသည်ကို ကျနော်သိပါသည်။ ဗိုလ်မှူးချုပ်ကတော်က ဖုန်းကိုင်ပါ သည်။ တလက်စတည်း ဤကဲ့သို့ အပြစ်တင်ဝေဖန်သံပါကြားရသည် "အမလေး ... ဆရာရယ်၊ ဘယ်လိုလုပ် လိုက်တာလဲ၊ သား အင်္ဂလိပ်စာ အမှတ် ၄၀ ပဲရတယ်" ဟုလည်းကောင်း၊ ကလေးအဖေ ဗိုလ်မှူးချုပ်ဖြစ်သူက "ဆရာကိုယ်တိုင် ဖြေတဲ့စာမေးပွဲက ၄၀ ပဲရတယ်ဆိုတော့၊ မင်းရန်ကုန်မှာ စာမသင်သင့်တော့ဘူး၊ မင်းနေတဲ့ နယ်မှာ စာသွားပြန်သင်" ဟုဆိုကာ ဖုန်းချသွားပါသည်။

ထိုဗိုလ်မှူးချုပ်ပြောဆိုသည်ကို ကျနော် မည်သို့မှ မခံစားရပါ။ စားမေးပွဲကို တပည့်ကိုယ်စား ဖြေပေးလိုက်ရ သည်ဆိုကတည်းက ဆရာတယောက်၏ ကျင့်ဝတ်သိက္ခာ ဆုံးရူံးသွားခဲ့မှန်း ကျနော်သိပါသည်။ ကျနော် အား လုံးအဖြေမှန် ဖြေမပေးခဲ့ပါ။ ထိုအချိန်တွင် ကျနော်ကြုံတွေ့လိုက်ရသည့်အခြေအနေမှာ ကျနော့်လုံခြုံရေးဖြစ် သောကြောင့် "ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းဆွဲသာ" လုပ်ပေးခဲ့သည်သာဖြစ်သည်။

ကျောင်းဆရာဘ၀ကို စိတ်မနာသော်လည်း၊ ကျူရှင်ဆရာဘ၀ကိုတော့ စိတ်နာပါသည်။ စေတနာ၊ ၀ါသနာ၊ အ နစ်နာတို့ဖြင့်စခဲ့သော ကျူရှင်ဆရာတယောက်ဘ၀ကို နောက်ထပ် နာ တနာ ထပ်တိုးကာ စိတ်နာနာဖြင့် ကျော ခိုင်းခဲ့ပါသည်။ သို့သော် ကျနော်မြတ်နိုးသော၊ ၀ါသနာပါသော စာသင်ကြားခြင်းအလုပ်ကို ဂုဏ်သိက္ခာရှိသော ကျောင်းဆရာတယောက်ဘ၀နှင့်သာ ဆက်လက်ရပ်တည်သွားရန် ဆုံးဖြတ်ချက်ချခဲ့ပြီ ဖြစ်ပါသည်။

ကျော်သိင်္ခ

စာကြွင်း ။ ။ ရန်ကုန်တိုင်းအတွင်းရှိ အထကကျောင်းများအနက် ဒလ အထကနှင့် လှည်းကူး အထကတို့ သည် အခြားမြို့များမှ လာရောက်ခိုးချဖြေဆိုမည့် ကျောင်းသားများကို အဓိကလက်ခံရာ စာစစ်ဌာနများ ဖြစ်ခဲ့ ပါသည်။ တောင်ကြီးမြို့ရှိ အထကကျောင်းတကျောင်းတွင် ၁၀ တန်းစာမေးပွဲကို သုံးနှစ်ဖြေဆိုပြီး ကျရှုံးခဲ့သော ကျနော့်သူငယ်ချင်းဖြစ်သူ၏ ညီမှာ ဒလမြို့အထကတွင် လာရောက်စာရင်းပေးသွင်းဖြေဆိုပြီး ၁၀ တန်းစာမေး ပွဲကို ရမှတ် ၃၅၀ နှင့် အောင်ခဲ့ပါသည်။

No comments: