မြန်မာ့ဘောလုံးအဆင့်အတန်း ဘာ့ကြောင့် နိမ့်ဆင်းသွားရသလဲ
ကိုလတ်
ကိုလတ်
၉၉ ခုနှစ်လောက်က မန္တလေးကိုအသွား ရထားပေါ်က စားသောက်တွဲမှာ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဟောင်းတဦးနဲ့ ဆုံဖြစ်ပါတယ်။ သူက သူ့ဘာသာသူ စားပွဲတခုမှာ တယောက်တည်း စားသောက်နေတာပါ။ စာ ရေးသူနဲ့ အတူပါလာတဲ့ မိတ်ဆွေတယောက်က မိတ်ဆက်ပေးတာနဲ့ သူက စာရေးသူတို့ ထိုင်တဲ့ဝိုင်းကို ရွှေ့ လာပြီး စကားလက်ဆုံကျဖြစ်တယ်ဆိုပါတော့။ စာရေးသူကလည်း ကိုယ်တိုင်သာ ဘောလုံးကို ဖြစ်ဖြစ်မြောက် မြောက် မကန်တတ်တာ၊ ပါးစပ်နဲ့ ဘောလုံးကန်ရမယ်ဆိုရင်တော့ ၀ါသနာပါမှပါ အရသာတွေ့မှတွေ့ပေါ့ခင်ဗျာ။ ကြည့်ဖြစ်ခဲ့တဲ့ ပွဲဟောင်းတွေကို စားမြုံ့ပြန်ရင်း ဘယ်ပွဲတုန်းက ဘယ်ဘောလုံးသမားကတော့ ဘယ်လို လှလှ ပပလေး ကစ်လိုက်တာတို့၊ ဘယ်ဘောလုံးသမားရဲ့ အလိမ်အခေါက်ကလေးကတော့ ဘယ်လို၊ ဘယ်ဂိုးသမား က ဘယ်လိုလေး ဒိုက်အုပ်လိုက်တာတို့ စသဖြင့် မင်မိုရီထဲဝင်နေတဲ့ ကစားကွက်တွေကို ရောက်တတ်ရာရာ လေနဲ့ ကန်ဖြစ်ခြင်းမျိုးပေါ့။
အခုလည်း စာရေးသူတို့ဝိုင်းကို နာမည်ကျော် ဘောလုံးသမားတဦး ရောက်လာတယ်။ နောက်ပြီး သူက စာရေး သူအကြိုက်တွေ့ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတဦးလည်း ဖြစ်ခဲ့တာဆိုတော့ သူ့ဆီက မြန်မာဘော လုံးလောကအကြောင်း စပ်စုရင်း သူနဲ့ပါးစပ်ဘောလုံးကန်ဖို့ ဟန်တပြင်ပြင် ဖြစ်နေတော့တာပေါ့။ ဒါပေမယ့် သူ က စာရေးသူမိတ်ဆွေနဲ့ ဘောလုံးအကြောင်းမဟုတ်တဲ့ ပြောဆိုမှုတွေနဲ့ စကားစမပြတ်လေတော့ ဘေးကနေ အချိန်တော်တော်ကြာကြာ ပါးစပ်တပြင်ပြင်နဲ့ စောင့်နေခဲ့ရတယ်။ သူစကားစပြတ်ပြီး စာရေးသူဘက်ကို မျက် နှာမူတဲ့အချိန်ကျမှ စာရေးသူက ...
“ကို --- အခုရော ဘောလုံးကန်ဖြစ်သေးလား၊ ကျနော်က ကို --- ရဲ့ ပရိသတ်တယောက်ပါ” လို့ စပြီးမေးလိုက် မိတယ်။
သူက “ဟာ ... အကိုရေ ဘောလုံးဆိုရင် ကန်ဖို့မပြောနဲ့၊ ကျနော် ဘာဘောလုံးပွဲမှကို မကြည့်ဖြစ်တာ အတော် ကြာပြီ။ ဘောလုံးကို စိတ်နာလို့ လှည့်ကိုမကြည့်ချင်တော့တာ၊ မြင်ကိုမမြင်ချင်တော့တာဗျာ” ဟု ပြန်ပြော လိုက်တော့ စာရေးသူ အံအားတသင့်ဖြစ်ရပြီး ဘာဆက်မေးရမှန်း မသိတော့ဘဲ ခေတ္တငိုင်တွေသွားမိတယ်။ ဘောလုံးသမားတယောက် ဘာဖြစ်လို့ ဘောလုံးကို ဒီလောက်စိတ်နာနေပါလိမ့်လို့ တွေးနေမိတယ်။
ခဏအကြာမှ စာရေးသူက “ကို --- စင်္ကာပူကလပ်အသင်းမှာ ဘောလုံးသွားကစားခဲ့သေးတယ် မဟုတ်လား။ အဲဒီမှာ ဘယ်လောက်ကြာကြာ ကစားခဲ့လဲဗျ။ ” လို့ သူ့ကို ထပ်မေးလိုက်တော့မှ သူက စင်္ကာပူအကြောင်းက အစချီပြီး မြန်မာ့ဘောလုံးလောကနဲ့ ဘောလုံးအဖွဲ့ချုပ် အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေအကြောင်း၊ ကိုယ့်လူကိုယ့်အမျိုးဝါဒကို ကျင့်သုံးလို့ မြန်မာဘောလုံးအဆင့်အတန်း နိမ့်ကျခဲ့ရပုံတွေအကြောင်း သူ့စိတ်ထဲရှိ သမျှ အစာမကြေတာတွေကို တရစပ် ပြောပြပါတော့တယ်။
စာရေးသူမှတ်မိသလောက် သူက မန္တလေးတိုင်းလက်ရွေးစင်ကနေ မြန်မာ့လက်ရွေးစင်အထိ တက်လှမ်းခဲ့သူ ဖြစ်ပြီး ၀န်ကြီးဌာနတခုမှာ ပင်တိုင်ကစားနေတဲ့ တိုက်စစ်မှူးတဦးပါ။ တိုက်စစ်နေရာအပြင် ကွင်းလယ်တောင် ပံမှာ ကစားရင်လည်း ခြေစွမ်းထက်ထက်နဲ့ လှလှပပ ကစားနိုင်သူပါ။ ကိုယ်လုံးကိုယ်ထည် ခပ်သေးသေးပေ မယ့် သူ့ကစားပုံတွေက ထူးခြားပြီး စွဲမက်ဖွယ်ကောင်းလှပါတယ်။ သူဟာ ၁၉၉၃ ခုနှစ် အရှေ့တောင်အာရှဘော လုံးပြိုင်ပွဲမှာ မြန်မာအသင်း ငွေတံဆိပ်ဆုရခဲ့တုန်းက အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ အဲဒီအ ရှေ့တောင်အာရှပွဲက ပြန်အရောက်မှာ စင်္ကာပူကလပ်အသင်းတွေက မြန်မာဘောလုံးသမားတွေကို သဘော ကျပြီး ကြေးစားအဖြစ် လာရောက်ငှားရမ်းခေါ်ယူရာမှာ သူလည်း ကလပ်အသင်းတခုရဲ့ ခေါ်ယူခြင်းခံရပြီး စင် ကာပူကို ရောက်သွားခဲ့ပါတယ်။
စင်္ကာပူမှာ ကစားလို့ကောင်းနေတဲ့အချိန်မှာပဲ တရက်ကျတော့ မြန်မာဘောလုံးအဖွဲ့ချုပ်က အာဏာပိုင်တွေက ချစ်ကြည်ရေးခြေစမ်းပွဲရှိလို့ ခဏပြန်လာခဲ့ဦးဆိုပြီး သူ့ကိုအကြောင်းကြားပါတယ်။ သူလည်း ကိုယ့်တိုင်းပြည် ကို ချစ်တဲ့စိတ်နဲ့ စင်္ကာပူကလပ်အသင်းကို ခွင့်တောင်းပြီး ပြန်လာကစားပေးခဲ့ပါတယ်။ ကိုယ့်စားရိတ်နဲ့ ကိုယ် ပြန်လာပြီး ကစားပေးရတာပါတဲ့။ ပွဲပြီးလို့ စင်္ကာပူကို ပြန်ဖို့လည်းခွင့်တောင်းရော အာဏာပိုင်တွေက လက်ရွေး စင်အသင်းအတွက် ဆက်ပြီး စခန်းသွင်းလေ့ကျင့်စရာတွေရှိလို့ စင်္ကာပူကို ပြန်သွားခွင့်မပြုတော့ပါဘူးတဲ့။
“အကို စဉ်းစားကြည့်ဗျာ၊ ကျနော်တို့က အရွယ်လေးရှိတုန်း ဘောလုံးကစားပြီးတော့ပဲ အသက်မွေးချင်တာပေါ့။ အဲဒါကို သူတို့က ပြန်မလွှတ်တော့ ဟိုကကလပ်အသင်းနဲ့ ကွိုင်တွေတက်တာပေါ့။ နောက်ဆုံး ခွာပြဲရတဲ့အထိ ဖြစ်ကုန်ရောဆိုပါတော့။ သူတို့လည်း ကျနော်တို့ကို လစာကောင်းကောင်းမပေးနိုင်ဘူးဗျာ၊ ပေးတဲ့နေရာကိုကျ တော့လည်း ပြန်မလွှတ်ဘူး၊ ဘယ်လောက်ယုတ်မာတဲ့လူတွေလဲ အကိုစဉ်းစားကြည့်”
“နောက်ပိုင်း မြန်မာ့လက်ရွေးစင်ရွေးတဲ့အခါမှာလည်း တကယ်ခြေစွမ်းခြေစ ကောင်းတဲ့သူတွေကို ချောင်ထိုး ထားတယ်။ မြန်မာ့လက်ရွေးစင်ဖြစ်ရင် နိုင်ငံခြားခရီးသွားရတယ်ဆိုပြီး ဘောလုံးအဖွဲ့ချုပ်ကလူတွေက သူတို့နဲ့ ဆွေနီးမျိုးစပ်တွေကို မျက်နှာပြောင်ပြောင်နဲ့ ရွေးချယ်တယ်။ အဲဒီတော့ မြန်မာအသင်း နောက်ပိုင်းမှာ အရှုံးပေါ် အရှုံးဆင့်တာလည်း မပြောနဲ့။ စဉ်းစားကြည့်လေ အကို။ ဘယ်လိုလုပ်ကောင်းနိုင်တော့မှာလဲ။ တကယ်အရည် အချင်းရှိတဲ့ ဘောလုံးသမားတွေက နောက်ဆုံး ဆိုက္ကားထွက်နင်းတဲ့သူ နင်းရ၊ ကြုံရကျပန်းအလုပ်တွေ ထွက် လုပ်ရ ဖြစ်ကုန်တာပေါ့။ ဘောလုံးကို စိတ်နာပြီး လုံးဝကို မကစားကြတော့ဘူး။ ကျနော်လည်း အဲလိုဖြစ်တာပဲ။ စိတ်နာလို့ ဘောလုံးကို လှည့်မကြည့်တော့တာ။ ဟိုကပါလာတဲ့ အရင်းအနှီးလေးနဲ့ အပြင်မှာပဲ ကိုယ့်ဘာသာ ကိုယ် စီးပွားရေးပဲ လုပ်တတ်သလောက် လုပ်စားတော့တယ်။ အခုလည်း မန္တလေးသွားတာ စီး ပွားရေးကိစ္စပဲ၊ ဘောလုံးကိစ္စမဟုတ်ဘူး အကို”
သူ့စကားသံတွေကို နားထောင်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။ မြန်မာဘောလုံးအဆင့်အတန်း တစတစ နိမ့်ကျလာရတဲ့ အကြောင်းရင်းတွေကို ဆက်ပြီးတွေးတောနေမိတယ်။
တကယ်တော့ မြန်မာဘောလုံးအဆင့်အတန်းဟာ ၁၉၅၀၊ ၆၀၊ ၇၀ ပြည့်လွန်နှစ်တွေမှာ အရှေ့တောင် အာရှအ ဆင့်တောင်မကဘဲ အာရှအဆင့်အထိပါ ခြေစွာပြီး ပြိုင်ဘက်တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ အသင်း ဖြစ်တယ်။ “ဗမာနိုင်ပြီ၊ ဒို့ဗမာနိုင်ပြီ တိုင်းပြည်က ပေးအပ်တဲ့ တာဝန်တွေကျေပွန်ပြီ” ဆိုတဲ့သီချင်းဟာ စာရေးသူတို့ ငယ်စဉ်ကာလ မြန်မာအသင်းရွှေထီးဆောင်းခဲ့စဉ်အချိန်တုန်းက ရေဒီယိုက အသံလွှင့်တာကို မ ကြာခဏ ကြားနေရလို့ အလွတ်တောင်ရခဲ့တဲ့ သီချင်းတပုဒ်ပါ။ အဲဒီတုန်းက အာရှမှာ မြန်မာအသင်းကို ကြောက်ခဲ့ရတဲ့ တောင်ကိုရီးယားတို့၊ အီရန်တို့ဆိုတာ အခုအချိန်အခါမှာ မြန်မာအသင်းထက် အဆပေါင်းများ စွာ သာလွန်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုတောင် ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့အထိ တိုးတက်တဲ့အသင်းတွေ ဖြစ်ကုန်ပါ ပြီ။
စာရေးသူတို့ မြန်မာလက်ရွေးစင်အသင်းသာ တနေ့တခြား ခြေစွမ်းတွေ နိမ့်ကျသထက် နိမ့်ကျလို့ လာလိုက် တာ အခုဆိုရင် အရင်ရွှေထီးဆောင်းစဉ်ကာလက ပြိုင်ဘက်လို့တောင် မသတ်မှတ်ခဲ့တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မ လေးရှား၊ ဗီယက်နမ်တို့ကို အချည်ကြီး ရှုံးရတဲ့အခြေအနေထိ ဆိုက်ကုန်ပါပြီ။ ဘောလုံးပရိသတ်တွေလည်း ဘောလုံးအပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်း နည်းပါးကုန်ပြီး အားပေးမှုမရှိတော့တာကို ဟိုတလောက နာဂစ် ရန်ပုံငွေပွဲ လာကစားတဲ့ ဘရာဇီးအသင်းရောက်လာချိန်မှာ ပိုပြီးသိလိုက်ရပါတော့တယ်။ ကွင်းထဲမှာ အားပေး မယ့်သူမရှိလို့ လက်မှတ်တွေကို ဈေးတ၀က် လျှော့ရောင်းလိုရောင်း၊ ကြံ့ဖွံ့ စွမ်းအားရှင်တွေကို ဘောလုံးကွင်း ထဲ မောင်းသွင်းလိုသွင်း လုပ်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
အရင်းစစ်တော့ အမြစ်မြေကဆိုသလိုပဲ မြန်မာဘောလုံးအဆင့်အတန်း တစတစ နိမ့်ကျခဲ့ရခြင်းဆိုတဲ့ ပြဿ နာဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်စိုးခဲ့မှုကြောင့် ဖြစ်ပေါ်လာရတဲ့ လက်အောက်ခံ ပြဿနာတွေ ထဲက တခုပါပဲ။ စစ်အာဏာရှင်အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိခြင်း၊ ငါ့ဆွေငါ့အမျိုးကောင်းစားရေးဝါဒနဲ့ ရှေ့ရှုလုပ်ဆောင်ခြင်း စတဲ့ဒဏ်တွေကို မြန်မာ ဘောလုံးလောကလည်း တနွယ်ငင်တစင်ပါဆိုသလို ခံစားရပြီး တဖြည်းဖြည်း အဆင့်အတန်း နိမ့်ကျခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ မြန်မာဘောလုံးလောကကို စနစ်တကျ ပြန်လည်ထူမတ်ဖို့ ကြိုးစားလိုတယ်ဆိုရင် စစ်အာဏာရှင်စနစ်ဆိုတဲ့ ရောဂါဆိုးကြီးကို အရင်ဆုံး အမြတ်ပြတ်အောင် ကုသဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါ ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါတယ်။
ကိုလတ်
ခေတ်ပြိုင်ဂျာနယ် (၂၀၀၉ ခုနှစ် မတ်လထုတ်မှ ...)
No comments:
Post a Comment