Tuesday, February 24, 2009

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်(၀ဲ)နှင့် UDP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့်(ယာ)
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

နိုင်ငံရေးပါတီခေါင်းဆောင်တဦးသည် မူးယစ်ဆေးလုပ်ငန်း၊ ငွေမည်းခဝါချသည့်လုပ်ငန်းများနှင့် ဆက်နွယ်နေ ကြောင်း ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်းအသံလွှင့်ဌာနသို့ ပြော လိုက်သည်။

အဆိုပါခေါင်းဆောင်မှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့်ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာ ဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ်ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်းခဝါချသည့်လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကု မ္ပဏီအဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟုဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေစည်းမျဉ်းများ ချိုးဖောက်မှုနှင့် ငွေကြေးမသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ် လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်း တွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက် သွားသည့်အတွက် အမေရိကန်ပြည်ထောင်စုက အဆိုပါကုမ္ပဏီကို တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံ ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပ ဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးလဲလှယ်မှုကြီးကြပ်ရေးကော် မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထား သည်။

“အဆိုပါကုမ္ပဏီတွင် ပိုင်ဆိုင်မှုအနည်းငယ်သာရှိပြီး လုပ်ငန်းလည်ပတ်မှုလည်းမရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက် နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါအခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ် ငန်း၊ ငွေမည်းခဝါချမှုလုပ်ငန်းများနှင့် ဆက်နွယ်မှုမရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ်ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေကြေးခဝါချမှုလုပ်ငန်း များနှင့် မည်သည့်အခါကမျှ ပတ်သက်ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက်စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက်နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများအားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟုဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်းထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့်လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီ တွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက်အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီအဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ ရသည်ဟူသော သတင်းများထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိ ကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်းပါဝင်ခြင်းမရှိကြောင်း ငြင်းဆို ထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့ တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်းချမ်းသာခွင့်များ ပေး လေမလားဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေနှင့် ဆက် သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

1 comment:

Unknown said...

စစ်တပ်ကနေ ကန်ထုတ်လိုက်တဲ့ စစ်ပြေး ဦးအောင်လင်းထွဋ် စကားက မှန်ပါ့မလား။