Thursday, February 5, 2009
Charlotte မှာ စပရင်းရာသီ
အတ္တလန္တိတ်ကမ်းစပ်က
Charlotte ဆိုတဲ့အရပ်မှာ
လက်ခမောင်းပဲခတ်ရမလား
လက်မောင်းပဲပြတ်ထွက်မလား။
သနားတယ်
JFK နိုင်ငံတကာလေဆိပ်မှာ
ရေဆာလို့ အိမ်သာရေသောက်ဖူးလား
သနားတယ်။
သနားတယ်
နယူးယော့ခ်မော်တယ်လ်တခုရဲ့
ဇိမ်ခံမွေ့ယာနှစ်ထပ်ပေါ်မှာ
ထမင်းအထပ်ထပ်ငတ်ဖူးလား
သနားတယ်။
သနားတယ်
IOM အိတ်ကြီးတကိုင်ကိုင်
လူသွားစင်္ကြန်မှာ
သူတောင်းစားတယောက်လိုထိုင်ရင်း
ဖြတ်သွားဖြတ်လာ
ပေါင်တံရောင်စုံတွေဂွကြားကနေ
ကမ္ဘာကျော်စာအုပ်ဆိုင်ကြီးတဆိုင်ကို
ချောင်းကြည့်ဖူးရဲ့လား
သနားတယ်။
ယမ်းထုတ်ထားတဲ့ ကျည်ဆံခွံတခွံ
အနုပညာထုတ်ထားတဲ့ လူခွံတယောက်
လူ့အဖြစ်လေး မဖြစ်စလောက်မှာ
ကိုယ့်ရင်သွေးကိုတောင်
လောကကို အပေါင်ပေးထားရတဲ့ ကျားနာတကောင်။
ကော်လံပြာဝတ်စုံတစုံအတွက်
ကျောပိုးအိတ်ထဲ
အမေ့ဓာတ်ပုံနဲ့
အမိမြေရဲ့ သဲတဆုပ်ကိုထည့်
အမေရိကားတိုက်ကို ခုန်အုပ်ခဲ့။
သြော် … ဒါနဲ့
ငါလား …
အရှေ့တောင်အာရှတနေရာက
ဖဲရှုံးလာတဲ့
အသည်းကွဲသမား ခရစ္စတိုဖာကိုလန်ဘတ်စ်ပေါ့
ကျွန်လေယာဉ်ပျံကြီးစီးပြီး
မဟာသမုဒ္ဒရာကြီးတွေဖြတ်ခဲ့တယ် ။ ။
သစ်ကောင်းအိမ်
( ၃၁. မေလ. ၂၀၀၈)
Charlotte = မြောက်ကယ်ရိုလိုင်းနားပြည်နယ်မြို့တော်
IOM = International Organization For Migration
Subscribe to:
Post Comments (Atom)
1 comment:
ကျနော် သစ်ကောင်းအိမ် ရဲ့ကဗျာတွေကိုမြင်တိုင်း အမြဲဖတ်မိပါတယ်။တနေရာရာမှာ ကဗျာရေးသူနဲ့ကျနော်
ဆုံခဲ့ဘူးမယ် ဒါမှမဟုတ် တနေရာရာမှာ ကဗျာရေးသူနဲ့ကျနော် ဆုံလိမ့်မယ်လို့ ထင်ပါတယ်။
Post a Comment