Sunday, March 1, 2009

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်
သစ်ကောင်းအိမ်

လောက
အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး … ရေပြင်နက်နက်ဆီ ယူဆောင်သွားဖို့
မိုးမည်းမည်းတွေ
သဲသဲမဲမဲ ရွာစမ်းပါ။

ပြည်သူလက်မဲ့အစိုးရ
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ
ငါမင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား။

အရွယ်သုံးပါးမရွေး မိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့ မိုးတွေ မိ … မိနေတယ်။

လိင်တူအခွင့်အရေးကျွမ်းကျင်သူတွေတောင်
သူတို့မှာ လွတ်လပ်ခွင့်တွေရှိတယ် ... ဆိုလေတော့
ဣတ္ထိယမှော်ဝင်သူရယ်လို့တော့
ငါ့ကို မပြစ်မှားသင့်ဘူးပေါ့ကွာ။

အညှာကပဲ လွယ်တာလား
အသည်းကပဲ ငယ်တာလား
တကယ်က …
လေယာဉ်အချက်ပေးဥသြတွေဆွဲလို့
ဗုံးခိုကျင်းထဲ ခုန်ချမိတာပါ။

ဒီကဗျာနဲ့
ငါ့ကိုယ်ငါ သက်ပျောက်ဆွမ်းသွတ်ခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၂၈၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

No comments: