Sunday, March 1, 2009

ဘန်ကီမွန်း၊ အန်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြတ်များ

အောင်တင်

လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဗွီအိုအေ ဦးကျော်ဇံသာနဲ့ ဦးအေးသာအောင်၊ ဒေါက်တာဦးသောင်းထွန်းတို့ ဆွေးနွေးခန်းတခုမှာ ကုလအတွင်းရေးမှူး ဘန်ကီမွန်း မြန်မာပြည်ကို သွားသင့်မသင့် ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိက အခြေခံ(Theme)အဖြစ် ဦးကျော်ဇံသာက ဇောင်းပေးသွားတာက တခုခုရမှ၊ အနည်းဆုံး အားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနိုင်မယ်ဆိုမှ ဘန်ကီမွန်းက သွားမယ်လို့ မသွားခင်တောင်းဆိုနေ တာထက် အရင်ရောက်အောင်သွားပြီးမှ တခုခုရအောင် (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသားတွေလွှတ်အောင် ဆွေးနွေးတာ ပိုမဖြစ်သင့်ဘူးလားဆိုတာဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာ စကားအရ ချက်ကျလက်ကျ၊ သဘာဝကျကျ၊ ယုတ္တိကျကျ ပြောနိုင်ပေမယ့် တကယ်အ ကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လိုမှ လက်တွေ့မကျ၊ အံမကျနဲ့ အလုပ်မဖြစ်နိုင်တာတွေရှိတတ်တယ်ဆို ရင် ဦးကျော်ဇံသာရဲ့ အထက်ပါဆွေးနွေးပွဲဟာ အတိအကျ ဥပမာတခုဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကြိုတင်လိုအပ်ချက် (Precondition)တွေ မထားဘဲ အီရန်နဲ့ ဆွေး နွေးမယ်လို့ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို အိုဘားမားက “ကျုပ်က အီရန်သမ္မတနဲ့ လက် ဘက်ရည်ထိုင်သောက်ပြီး အပြင်းပြေ အလ္လာပသလ္လာပ စကားစမည်ပြောဖို့ သွားမှာမဟုတ်ဘူး”လို့ ပြန်ချေပခဲ့ ပါတယ်။

ကမ္ဘာ့ရေးရာကိစ္စတွေမှာ ထူးခြားတဲ့ ၀ိသေသတွေနဲ့အတူ တခုတည်းသော အင်အားအကြီးဆုံး နိုင်ငံပေါင်းစုံအ ဖွဲ့အစည်းကြီးတခုရဲ့ တာဝန်အရှိဆုံး အမှုဆောင်အရာရှိချုပ်တဦးဖြစ်တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်က ဒီလောက်များမြောင်လှတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စအထောင်အသောင်းတွေကို မအားမလပ်ဆောင်ရွက် နေရတဲ့ကြားက မြန်မာပြည်ကို အချိန်ပေးပြီး သွားရောက်ဆွေးနွေးဖို့ကိစ္စကို ကိုဇာနည်တို့၊ ကိုဇော်မင်းဦးတို့ရဲ့ ခရီးစဉ်နဲ့ ရောထွေးပြီး တန်းတူထား မစဉ်းစားသင့်ဘူးလို့ ထင်ပါတယ်။

ဘန်ကီမွန်းလို တာဝန်ကြီးတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တဦးကို တကူးတက အချိန်ပေး မြန်မာပြည်လာပြီး ဗိုလ်သန်း ရွှေကို ရလိုရငြား ပြောကြည့်ပါ။ ငါးမရလည်း ရေချိုးပြန်ပါလို့ တိုက်တွန်းသူတွေက တိုက်တွန်းနိုင်ပေမယ့် သိ သာမြင်သာတဲ့ တိုးတက်မှုတရပ်ဖြစ်ထွန်းဖို့ အလားအလာမရှိဘဲ ဘန်ကီမွန်းလိုအဆင့်ရှိသူက မလာနိုင်ဘူးဆို တာလောက်ကိုတော့ နားလည်ပေးသင့်ကြပါတယ်။ ဒီနေရာမှာ ဘန်ကီမွန်းလာခြင်းကို ကျနော်မကန့်ကွက် သည့်အပြင် လာခြင်းကို အမြဲတမ်း ကြိုဆိုပါတယ်။ ဘန်ကီမွန်းက မြန်မာ့အရေး ဖြေရှင်းလို့ မပြီးမချင်း မြန်မာ ပြည်က မပြနဘဖူးဆိုလျှင် ပိုကြိုက်ပါတယ်။ သို့သော် ဘန်ကီမွန်းအနေနဲ့ သူ့ခရီးစဉ်က သိသာတဲ့ တိုးတက်မှု တစုံတရာကို မမြင်လို့ မလာနိုင်ဘူးဆိုလျှင် နားလည်နိုင်ကြောင်း၊ နားလည်သင့်ကြောင်း ဆွေးနွေးခြင်းသာဖြစ် ပါတယ်။

ဒီလိုအမြင်မျိုးနဲ့ အလွယ်ချဉ်းကပ်ပြီး လက်တွေ့မကျ အတတ(Naive)အကြံပေးမှု ပုံစံတခုကို အင်အယ်လ်ဒီနဲ့ စီးပွားရေး ပိတ်ဆို့မှုကိစ္စကို ပူးတွဲစဉ်းစားတဲ့ ခုနေခါမှာ တွေ့ရှိနေရပါတယ်။ ဟိုဟာဖြစ်ရင် ဟိုလိုလုပ်လိုက်ပါ လား။ ဒီဟာဖြစ်ရင် ဒီလိုလုပ်လိုက်ပါလားဆိုတဲ့ အလွယ်စဉ်းစားတတ်မှု (Simplistic thinking) နဲ့ အကြံပြု တတ်သူတွေဟာ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်တတ်တဲ့၊ တသက်လုံး ကိုယ့်တံတွေး ကိုယ်ပြန်မြို၊ ကိုယ့် နှပ်ချေးဖတ် ကိုယ်ပြန်ကော်စားတတ်တဲ့ စစ်အာဏာရှင်တွေကို လျှော့တွက်ကြဟန်တူပါတယ်။ အန်အယ်လ်ဒီ ကပဲ စီးပွားရေးပိတ်ဆို့မှုကို မတောင်းဆိုကြောင်း၊ ဆန့်ကျင်ကြောင်း ကြေညာချက်လေး တခုထုတ်လိုက်တာနဲ့ ပြသနာတွေကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ထင်နေသူများကို နအဖရဲ့ သဘောသဘာဝကို မေ့လွယ်နေကြ တာလား။ မေ့ချင်ယောင်ဆောင်နေကြတာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။

အချုပ်အနှောင်ခံထားရပြီး သူမရဲ့ပါတီဝင်တွေ၊ သူမရဲ့ပြည်သူတွေ၊ လွတ်လပ်တဲ့သတင်းဌာနတွေနဲ့ အဆက် ဖြတ်ခံထားတဲ့ ခေါင်းဆောင်နဲ့ သူမရဲ့ ခြေဖြတ်လက်ဖြတ်နဲ့ မသေမရှင်အထားခံရတဲ့ပါတီက ကျနော်၊ ကျမတို့ မှားပါတယ်။ တပ်မတော်မှန်ပါတယ်လို့ပြောလိုက်ရုံနဲ့ စစ်အာဏာရူးတွေက စိတ်ကောင်းဝင်ပြီး ဒီမိုကရေစီစနစ် ဆီ ရှောရှောရှူရှူ လျှောက်လှမ်းသွားလိမ့်မယ်ထင်ပြီး ပြဿနာကို အလွယ်ကြည့်တာမျိုး (Simplistic way) ဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို လှည့်စားဖို့ (Media Manipulation)အတွက် စားနေကျ ကြောင်ဖားကြီး စစ်အာ ဏာရှင်တွေချထားတဲ့ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်နိုင်ခြင်းဖြစ်ပါတယ်။

အန်အယ်လ်ဒီက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတပ်ပြီး စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးထောက်လိုက်ရုံနဲ့ ပြ ဿနာတွေကို ဖြေရှင်းသွားမယ်ဆိုရင် ဒီမိုကရေစီရရေးအတွက် လမ်းပွင့်သွားမယ်ဆိုရင် ပြည်သူအတွက် အန် အယ်လ်ဒီက အချိန်မရွေး မတွန့်မရွံ့အစတေးခံနိုင်ပါတယ်။ တိုင်းပြည်သာ တကယ်အကျိုးရှိသွားပါစေ။ ယနေ့ တိုင် အထုခံ၊ အချုပ်ခံ၊ အသေခံပြီး ပြန်တိုက်နေတာ လူထုအတွက်ပါ။ တကိုယ်ရည်ကောင်းစားဖို့ဆိုရင် မောင့် သဘောလို့ တခွန်းပြောလိုက်ရုံနဲ့ နအဖနဲ့ နှစ်ပါးသွားပြီး အန်အယ်လ်ဒီပါတီက အချိန်မရွေး အကောင်လုပ်နိုင် ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအဓိက၊ ငါအဓိကလို့ ဘယ်သောအခါမှ မပြောခဲ့၊ မကျင့်ခဲ့ပါဘူး။ လူထုသာ အမြဲတမ်းအဓိကဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်ကြားချက်၊ ကျနော်တို့ရဲ့ ယုံ ကြည်ချက်ဖြစ်ပါတယ်။

မှတ်မိကြပါသေးလား။ ဗိုလ်ချုပ်စောမောင်က နယ်ချဲ့လက်ဝေခံ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်သူလူထု ကို ဒီမိုကရေစီပေးဖို့ နှောင့်နေးနေရတာပါဆိုပြီး လူသိရှင်ကြားမိန့်ခွန်းချွေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ကျမကြောင့် စစ်ဗိုလ်ချုပ်ကြီးများအနေနဲ့ လူထုကို ဒီမိုကရေစီပေးဖို့ခက်နေပါတယ်ဆိုရင် ကျမမြန်မာပြည် က ထွက်ပေးပါ့မယ်။ ကျမထွက်သွားပြီးရင် လူထုကို ဒီမိုကရေစီ ချက်ချင်းပေးမယ်လို့ ကတိပြုပါဆိုပြီး တောင်း ဆို(Challenge)တော့ ဗိုလ်ချုပ်စောမောင် ပိတ်သွားတယ်လေ။

ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စီးပွားရေးပိတ်ဆို့မှု အပါအ၀င် ပြသနာတွေအားလုံး ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကိုတော့ မလုံလောက်ပါဘူးလို့ ဘယ်လိုဆင်ခြင်တုံတရားကို အခြေခံပြီးဆိုနိုင်ပါသလဲ။ နအဖက ပြဿနာတွေကို မှန်မှန် ကန်ကန် ဖြေရှင်းလိုလျှင် ပြဿနာကို ဖြေရှင်းနိုင်သူနဲ့ ဆွေးနွေးဖို့လိုပါတယ်။ နအဖသာ တကယ်ရိုးသားတယ် ဆိုရင် မိမိရဲ့ ဆွေးနွေးဘက်ကို ချုပ်နှောင်ပိတ်ဆို့ထားပြီး ဓားစာခံထား ပြန်ပေးငွေတောင်းသလို လုပ်နေစရာ မလိုပါဘူး။

အချက်လေးချက်ဖြစ်တဲ့ စီးပွားရေး ပိတ်ဆို့မှု၊ ထိတ်တိုက်ရင်ဆိုင်မှု၊ အလုံးစုံပျက်သုန်းမှု၊ အထီးကျန်ဖြစ်စေမှု တွေကို အန်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ကြေညာရမယ်လို့ အချုပ်သားနဲ့ ထောင်မှူး ဆက်ဆံရေးပုံစံနဲ့ တောင်းဆိုထားတယ်။ ဒီကတည်းက ထောင်မှူးက ပြဿနာရဲ့ အဖြေကို လိုချင်တာမဟုတ်ဘဲ၊ ဒူးထောက်အ ညံ့ခံမှု(Submission)ကိုသာ လိုချင်တာ အထင်အရှားပါ။ အန်အယ်လ်ဒီက ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး ဆွေး နွေးလိုကြောင်း၊ တပ်မတော်နဲ့ ပူးပေါင်းဖြေရှင်းလိုကြောင်း ပြန်ကြားထားတယ်။ လူထုထောက်ခံမှုရရှိနေတဲ့ ပါ တီတရပ်ကို လူထုယုံကြည်မှုကင်းသွားအောင် အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေးသတ်တဲ့သဘောနဲ့ အတင်းဝန်ခံခိုင်းနေတာကို သိသိကြီးနဲ့ အန်အယ်လ်ဒီက ခေါင်းမလျိုနိုင်ပါဘူး။

ကဲ ... အခု မဟာဉာဏ်ကြီးရှင်များ အကြံပြုသလို စီးပွားရေး ပိတ်ဆို့မှုကို အန်အယ်လ်ဒီက ရုပ်သိမ်းပေးပါလို့ စာထုတ်ပေးတယ်ဆိုပါစို့။ နအဖက ကျုပ်တောင်းထားတာ လေးချက်ဖြစ်တယ်။ နောက်သုံးချက်ကိုပါ စွန့်လွှတ် ကြောင်း ထုတ်ပြန်ပေးပါလို့ ထပ်ဆိုလာရင် အဲဒီသုံးချက်အတွက်ပါ အန်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ထုတ် ပြန်ပေးရမယ်လို့ ဆက်လက်အကြံပြုလိုပါသလား။ ဒီလေးချက်ပြီးရင် နောက်ဘယ်နှစ်ချက် ထပ်မလာတော့ဘူး လို့ ဘယ်မဟာဉာဏ်ကြီးရှင်က အာမခံနိုင်ပါသလဲ။ လူသုံးယောက် ဟင်းသုံးတုံးရှိတဲ့ ထမင်းဝိုင်းမှာ လက်နှစ် ဖက်စလုံးနဲ့ ဟင်းတုံးနှစ်တုံးကို ပြိုင်တူကိုင်ပြီး နောက်တတုံးကို မျက်စောင်းထိုးနေတဲ့ စစ်အာဏာရှင်တွေ လို ချင်တိုင်းသာ ဖြည့်ပေးရမယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုဟာ အရင်အတိုင်း မျောက်လောင်းသာ ဖြစ်နေမှာကို ကျနော်တို့က သိထားပြီးဖြစ်ပါတယ်။

ဖြစ်စဉ်တွေကို ပြန်ကြည့်ပါ။ ကိုယ့်ပြည်တွင်း ပြဿနာတွေကို ကိုယ့်ပြည်သူအချင်းချင်းသာ ဖြေရှင်းရမယ်။ နိုင် ငံခြားကို အားမကိုးနဲ့လို့ သူတို့ပဲပြောတယ်။ တခါ သူတို့ကပဲ ကိုယ့်ဆွေးနွေးဘက်တွေနဲ့ ဆွေးနွေးအဖြေ ရှာရ မယ့်အစား ထောင်ချပစ်တယ်။ တကယ်တော့ နအဖသာရိုးသားရင် နအဖနဲ့ အန်အယ်လ်ဒီဆွေးနွေးပွဲမှာ ကုလ ပါဖို့ မလိုပါဘူး။ နအဖက ကလီကမာနဲ့ မဆွေးနွေးလိုလို့သာ ကုလက ကြားဝင်လာရတာပါ။

ဖွဲ့စည်းပုံရေးဆွဲရေးညီလာခံကို ပြန်ကြည့်ပါ။ ဘယ်သူကမှ ကန့်ကွက်လို့မရ ချပြထားတဲ့အတိုင်းသာ ဆွေးနွေးရ တဲ့ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေးကို ဆယ့်သုံးနှစ်ကျော်အောင် ဘာလို့ကြာခဲ့ရသလဲ။ ဘာတွေကို ဘယ်သူတွေက လေးလေးနက်နက် ဆွေးနွေးနေကြလို့လဲ။ ကြာလေကောင်းလေဆိုပြီး အချိန်ဆွဲနေတာ အထင်အရှားပါ။

တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စေတနာမှန်နဲ့ ဖြေရှင်းလိုရိုးမှန်ရင် ဖြေရှင်းနိုင်တဲ့သူနဲ့ ဆွေး နွေးရမှာပါ။ အခုလို အခုတမျိုး တော်တော်ကြာတမျိုး လုပ်ပြနေတာက ပြဿနာတွေကို မဖြေရှင်းလိုလို့ဆိုတာ ကို ဘာ့ကြောင့်မမြင်နိုင်ကြတာလဲ။ တိုင်းပြည်မှာ ပြဿနာကြီးတွေမရှိရင် စစ်အာဏာရှင်လည်း သက်ဆိုးမ ရှည်နိုင်တာမို့ စစ်အာဏာရှင်စနစ်အစဉ်တည်မြဲဖို့က မရှိတဲ့ပြဿနာတွေကို ရှိအောင်လုပ်၊ သေးတဲ့ပြဿနာ ကို ကြီးအောင်လုပ်၊ ရှင်းတဲ့ပြဿနာကို ရှုပ်အောင်လုပ်နဲ့ တခုပြီးတခု စစ်ဗိုလ်ချုပ်တွေက ဓာတ်ပြားဟောင်းကြီး ကို အပ်ကြောင်းထပ်အောင် ဖွင့်သလို လုပ်ပြနေလည်း ကြံဖန်မျက်စေ့လည်ရလောက်အောင် ဒုံးဝေးနေသူများ လည်း ရှိသေးသကိုး။

အန်အယ်လ်ဒီကို လူနှစ်ယောက်တပိုင်းနဲ့ ဖွဲ့ထားတဲ့ပါတီ၊ ငွေနဲ့မျှားထားတဲ့ပါတီ၊ အာဏာနဲ့ ခြိမ်းခြောက်ဖွဲ့စည်း ထားတဲ့ပါတီ၊ ဆိတ်ဝှေးစေ့ပါတီ၊ အချောင်သမား အခွင့်အရေးသမားတွေရဲ့ပါတီ၊ လေလည်ပြရင် အမြီးနှန့် တတ်တဲ့ပါတီလို့ ထင်သူများရှိပါသလား။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က အန်အယ်လ်ဒီဟာ ပြည်သူလူထုနဲ့ကင်း ကွာနေပြီး ချည့်နဲ့နေပြီလို့ ကိုဇာနည်ဆိုခဲ့ပါတယ်။ အခု ဖေဖေါ်ဝါရီ ၂၆၊ ၂၀၀၉ ဧရာဝတီမှာ ဒီအတိုင်းပဲ ဆက် ရေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လူထုနဲ့ကင်းကွာနေတဲ့ ပါတီတရပ်ဟာ အခုတိုင်အောင် စစ်အာဏာရှင်တွေက ဘာ့ကြောင့်အကြောက်ဆုံး ဖြစ်နေရသေးတာလဲဆိုတာကို ဖြေနိုင်ပါသလား။ လူထုမ ထောက်ခံတော့တဲ့ လက်တွေ့နဲ့ ကင်းကွာနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့မလွှတ်ပေးရဲတာ လဲဆိုတာကိုရော ဖြေကြည့်ချင်ပါသလား။

နအဖရဲ့အစာကိုမြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအရုံသွင်း အသုံးချတာခံပြီး ယောင်တီး ယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီထင်ပါသလဲ။ အန်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။

အောင်တင်
ဖေဖေါ်ဝါရီလ ၂၈၊ ၂၀၀၉

မှတ်ချက် ။ ။ တင်မောင်ဆိုသော အမည်နှင့်လည်းကောင်း၊ တင်ထူးဟူသော အမည်ဖြင့်လည်းကောင်း အင် တာနက်တွင် စာဖြန့်နေသူနှင့် ကိုတင်မောင်ထူး (CFOB) လုံးဝမပတ်သက်ကြောင်း ကိုတင်မောင်ထူးက ကျ နော့်အား အခိုင်အမာပြောကြားသည်။ ကျနော်ယုံကြည်သည်။

No comments: