Monday, February 9, 2009

အရေးကြီးကာလကို ရောက်တော့မယ်

ဗသြ

မစ္စတာဂမ်ဘာရီ ဒီတခါလာတော့ နအဖအစိုးရက ပါတီဝင် ၄၄ ယောက် (ဒီအထဲမှာ ၁၄ ယောက်က ဗဟိုဦးစီး အဖွဲ့ဝင်)ရှိတဲ့ “၈၈ မျိုးဆက်လူငယ်ကျောင်းသားများ”လို၊ သခင်စိုးဝါဒီ “အမျိုးသားပြန်လည်စည်းလုံးညီညွတ် ရေးသုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သားစု”လို့ သူတို့ရဲ့ အုတ်ကြားမြက်ပေါက်၊ ဗြုတ်စဗြင်း တောင်းအဖွဲ့တွေကို ပွဲထုတ်လိုက်တယ်။ အဓိပ္ပါယ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက လူထုထောက်ခံမှု ၈၀% ကျော်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းတွေကို တတန်းတည်း ထားပြလိုက်တာဖြစ် တယ်။ နောက်ပြီး သူတို့ရွေးကောက်ပွဲကိုလည်း ပွဲထုတ်လိုက်တာပဲဖြစ်တယ်။

အမှန်ပဲ။ ဒီနှစ်ဟာ နအဖစစ်အုပ်စုအတွက် ရွေးကောက်ပွဲပြင်ဆင်ရေးကာလဖြစ်တယ်။ ဒါပေမယ့် ဒါဟာ ပန်း ခင်းလမ်းမဟုတ်တာ သေချာတယ်။ အတက်လမ်းပဲ။ နအဖအဖို့ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ရွေးကောက်ပွဲမှာ သူ့လူတွေ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊ တိုင်းပြည်အာဏာကို သပိတ်ဝင် အိတ်ဝင် ရထားတယ်ဆိုတာတော့ မှန်တယ်။

အခုအခါ နအဖစစ်အစိုးရရဲ့ ၀န်ကြီးအဖွဲ့အတွင်း ရှန်တိန်လုပ်နေတာတွေ စပြီးတွေ့နေရပြီ။ နောက်အစိုးရမှာ ၀န်ကြီးလုပ်မယ့်လူတွေ၊ ရွေးကောက်ပွဲမှာ အရွေးခံမယ့်လူတွေ စသဖြင့် သူတို့တွင်းစီစဉ်တာ ပြင်ဆင်တာတွေ ကို မြင်နေရပြီ။ ကြံ့ဖွတ်၊ တစည စသူတွေလည်း အလုပ်ရှုပ်နေကြပြီး စီးပွားရေးသမားတွေ၊ စစ်အုပ်စုအဆက် အနွယ်ဟောင်းတွေလည်း ပျားပန်းခတ် ခြေပုန်းခုတ်နေကြတယ်။ ဒါ့အပြင် နိုင်ငံရေးသမားဟောင်းကြီး တချို့ လည်း ပြန်ထွက်လာတာဟာ စိတ်ဝင်စားစရာပဲ။ ပြည်ပမှာတောင်မှ နအဖရဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင် နေတာ၊ စည်းရုံးနေတာတွေ တွေ့နေ၊ ကြားနေရတာဟာ အံ့သြကုန်နိုင်ဖွယ်လို့ဆိုရမှာပဲ။

အခုလို ရာထူးတွေ၊ အာဏာတွေ၊ အခွင့်အရေးတွေ ခွဲဝေပေးမယ့် ရွေးကောက်ပွဲမှာ နအဖအနေနဲ့ သူ့လူတွေ သူ ထိန်းချုပ်နိုင်ပါ့မလား။ တခြားလူတွေ၊ တခြားအင်အားစုတွေကို ဘယ်လောက်စုမိလို့ ဘယ်လောက်အား တောင့်တဲ့ အနေအထားအထိ သည်းညည်းခံနိုင်မလဲ။ တကယ်လို့များ သူတို့ကို ဆန့်ကျင်သူတွေက လွှတ် တော်ထဲမှာ အများစုဖြစ်လာရင် နအဖက ဘယ်လို သဘောထားမလဲ။ ဒါတွေကလည်း စိတ်ဝင်စားစရာပဲ။

ဒါပေမယ့် သေချာတာတခုက နအဖက မျက်မှောင်ကုတ်ကြည့်နေတဲ့ နအဖရဲ့ ၂၀၁၀ ဒီမိုကရေစီဟာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကိုမင်းကိုနိုင်တို့လို ရှစ်လေးလုံးမျိုးဆက်တွေအတွက် မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ဖမ်းထားတဲ့လူတွေကို ရွေးကောက်ပွဲရဲ့ အချက်အခြာဒေသတွေနဲ့ ဝေးသထက်ဝေးတဲ့ ထောင်တွေကို ပို့နေတာ ကြည့်ရင် ရည်ရွယ်ချက်က ရှင်းနေတယ်။ အဖွဲ့ချုပ်ကိုလည်း အင်ပလိုးရှင်း(implosion)ခေါ် သူ့ဖာသာ အတွင်း ပိုင်း လှိုက်ပြီးပြိုကျသွားတာ၊ ဒါမှမဟုတ် သူ့အလိုလို ပြိုကွဲပျက်စီးသွားတာမျိုးတွေ ဖြစ်အောင်၊ လက်သည်မ ပေါ်ဘဲ သတ်ပစ်နိုင်အောင် နအဖက ကောက်ကောက်ကျစ်ကျစ် လုပ်ကြံနေ၊ အာဘော်လွှင့်နေတာတွေ အမျိုး မျိုးတွေ့နေရတယ်။

ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို တရားခံဖြစ်အောင် အခုကတည်းက စနစ်တကျ အာဘော်ဖန်တီးနေတယ်။ နအဖအဖို့ သူတို့ရဲ့ လမ်းပြမြေပုံ အဆုံးပိုင်းနားကို ရောက်လာပြီဖြစ်တဲ့အတွက် လက်နက်ကုန် ထုတ်သုံးတော့ မယ်ဆိုတာကို သံသယဖြစ်စရာမလိုဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့အတွက် ပြည်သူတွေက ဒါကို ကြောက်လန့်ဖို့ မဟုတ်ဘူး။ ပြည်သူတွေဖက်ကလည်း လက်နက်ကုန် ထုတ်မသုံးရသေးဘူးဆိုတာ မမေ့သင့်ဘူး။ နအဖ အ ကြောက်ဆုံးဖြစ်တဲ့ ညူကလီယာလက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကြီးတခုဖြစ်တဲ့ ပြည်သူ့အင်အား ဖော်ပြမှုဆိုတဲ့ လက်နက်ကြီးကို မသုံးစွဲရသေးဘူး။ အခုမှ လူထုတွေဟာ ဒီလက်နက်ကြီးကို တည်ဆောက်ဆဲ ရှိသေးတယ်လို့ မြင်ရမယ်။ ဒါ့အပြင် ဒီလက်နက်မှာ ကျည်ဆံကုန်တယ်လို့ မရှိဘူးဆိုတာလည်း မှတ်သားထား သင့်တယ်။

နောက်မျဉ်းသားပြသင့်တဲ့ အကြောင်းအရာတခုက နအဖမှာ တခြားအခက်အခဲတွေလည်း ရှိနေသေးတယ်ဆို တာပဲ။ သူတို့အဖို့ မီးဝိုင်းနေတဲ့ အခြေအနေလို့ မဆိုနိုင်ပေမယ့် မီးခဲကို ဖင်ခုထိုင်နေရတဲ့ အခြေအနေမျိုးလို့ တော့ဆိုနိုင်တယ်။ အဲဒီအထဲက တခုက အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေကိစ္စပဲဖြစ်တယ်။ ဒီအဖွဲ့တွေ မှာ သဘောထားတမျိုးထဲရှိကြတာမဟုတ်သလို စဉ်းစားနည်းတွေလည်း အမျိုးမျိုးကွဲကြတာပဲ။ ဒါပေမယ့် တူ ညီတာတခုက သူတို့အားလုံးဟာ နအဖစစ်အစိုးရကို အကုန်ပုံပြီး မယုံသေးဘူးဆိုတဲ့အချက်ပဲ။ အားလုံးဟာ ‘စောင့်ကြည့်’ ပေါ်လစီကိုကိုင်ပြီး အကဲခတ်နေကြတာဖြစ်တယ်။ ကိုယ့်ကြမ္မာကို နအဖရဲ့ ကံကြမ္မာနဲ့ တထပ် ထဲထားလိုက်ရင် ကိုယ့်ဘ၀ရော၊ ဂုဏ်သိက္ခာရော ပစ္စလက္ခတ်ဖြစ်သွားမယ်ဆိုတာ သူတို့သိကြတယ်။ သူတို့ လည်း သမိုင်းတရားခံဖြစ်မှာကိုတော့ ကြောက်တာပဲ။ ဒီလိုအနေအထားတွေ ရှိနေလို့လည်း နအဖတိုင်းမှူးတွေ ဟာ အဲဒီအဖွဲ့အစည်းတွေဆီကို ဥဒဟို ချောင်းပေါက်မတတ်သွားနေ၊ “နားချ”နေကြတာဖြစ်တယ်။

ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး ပေါ်ပေါက်ခဲ့တဲ့နောက် ဗမာပြည်သူတွေအကြားမှာ လက်နက်ကိုင်ချင်စိတ် တွေ ပိုပြင်းပြလာတာကြောင့်လည်း နအဖဗိုလ်ချုပ်တွေအနေနဲ့ ဒီအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို တင်းတင်း မာမာမဆက်ဆံမိအောင် ပိုသတိထားနေရတာဖြစ်တယ်။

တလောက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နအဖကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတယ်ဆိုတာမျိုးဟာလည်း နအဖအတွက် ရင်ဆိုင်ရ၊ ကျော်လွှားရခက်တဲ့ နိုင်ငံ တကာဆက်ဆံရေးအခြေအနေဖြစ်တယ်။ စစ်အစိုးရအဖို့ပြောရရင် ၈၈ ခုနှစ်ကတည်းက တွေ့ကြံနေရတဲ့ ပြည် ပဆက်ဆံရေးမှာ ခံစစ်ပဲဖြစ်နေတာကို အခုအထိ ပြောင်းမပစ်နိုင်သေးဘူး။ တလှမ်းတိုးတိုင်း မစင်ပုံနင်းမိနေ တာချည်းဖြစ်နေတုန်းပဲ။

နောက်တခုက ကမ္ဘာ့စီးပွားရေးအကြပ်အတည်း။ ဒါဟာလည်း နအဖအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတာ ဖြစ်တယ်။ ပိုဆိုးတာက ဒီနေ့လိုစစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ငွေအများကြီးသုံးစွဲရမယ့် ကာလမှာ ကျမှ ဒီစီးပွားရေးကပ်က လာဆိုက်နေတာ။ နောက်ပြီး ဒီဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ သူတို့အနေနဲ့ ဘာမှလည်းမတတ်နိုင်ဘူး။ လက်မှိုင်ချပြီး ကံသာအမိ ကံသာအဖဆိုသလို မြန်မြန်ကုန်လွန်သွားပါစေလို့ ပရိတ် ရွတ်ဆုတောင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။

ဒါကြောင့် ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့နှစ်တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေး အင်အားစုတွေအကြားမှာ ခွဲထွက်မှုတွေ ပေါင်းစည်းမှုတွေ ပေါ်လာနိုင်တယ်။ ထောင်ထဲရောက်မယ့်လူတွေ လည်း မနည်းဘဲရှိနိုင်တယ်။ ဒါပေမယ့် နအဖ ဘာမှမတတ်နိုင်တဲ့ အနေအထားတွေလည်း ပေါ်ပေါက်လာနိုင် တယ်ဆိုတာ မျှော်မှန်းထားသင့်တယ်။ ဒီအတွက် ပြင်ဆင်တာ၊ စည်းရုံးတာတွေ ဘယ်လောက် လုပ်ကိုင်ပြီးကြ ပြီလဲ။

ဗသြ

1 comment:

Unknown said...

ကို ဗသြတို့လဲ ဆောင်းပါး ရာချီ ရေးခဲ့ပြီးပြီ အစိုးရ ပဲ မနက်ဖြန် သဘက် ပြုတ်ကျသွားမဲ့ ပုံစဲနဲ့ ရေးလာတာ နှစ် ၂၀ ရှိပြီ။ ခင်ဗျားက တစ်ကယ် အဖြစ် အပျက်ကို မရေးဘဲ ခံစားမှု ကို ဦးစားပေးပြီးရေးတော့ လက်တွေ့ ဘ၀ နဲ့ ကွာပါလေရော။ စာဖတ်သူကို အမြင်မှားတွေကို ပေးနေသလိုပဲ၊ တော်ပါတဲ့ ကို ဗသြရယ်လို့ တာ ပြောလိုက်ချင်ပါတယ်။