Tuesday, February 24, 2009

အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်

အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်
သစ်ကောင်းအိမ်

သို့ …
သူငယ်ချင်းလေး ကိုမြတ်ကို
တက္ကဆက်မှာ
ပန်းခူးတော့မယ်ကြားတာပဲ
ပန်းခူးမယ်ဆိုလည်း ကြည့်ကျက်တော့ခူး
ဟိုသတ္တ၀ါပန်းသွားတဲ့ပန်းဆို
လွမ်းစရာတွေဖြစ်နေဦးမယ် ကိုယ့်လူရာ။

စိတ်မကောင်းစရာပါ
ကျနော့်အမကြီးတယောက်တော့
မနက်မနက်ဆို
မဲဆောက်က ထုံထောင်းရပ်ကွက်ထဲ
ပတ်ပတ်ပြေးနေတယ် ... ဆိုလား
ကြားတယ်။

အမေရိကားစီးပွားပျက်ကပ်မှာ
အမေရိကားကိုလာကပ်ရလို့လည်း
ဝမ်းနည်းမနေပါနဲ့
အဝေးရောက်အမတ်မင်းတွေတောင်
လစာမရကြတော့ဘူးဆိုဘဲ။

အိပ်မက်ညှိုးတွေနဲ့ တရေးလန့်အနိုး
ကိုယ့်ကိုစိုစွတ်ပေးဖူးတဲ့
အဝေးကမိုးပြေးလေးတဖြိုက်ကိုလည်း
တမ်းတတတ တမ်းတမိ
အမိုးသမီးလေးက
ငါ့ကို လာလာမိုးနေတယ်။

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်
လက်မှတ်ထိုးတဲ့လက်ကို မြို့ကဖြတ်လိမ့်မယ်။

၂၀၁၀ မှာလည်း ညာပါ
၂၀၂၀ ရောက်လည်း ငါတို့ကိုညာပါ
အညာခံဖို့
ငါတို့မှာ အညှာတွေခိုင်ပါသေးတယ်။

ဒေါက်တာလွဏ်းတော့
ယောင်ရမ်းတယ်
တက္ကသိုလ်မှာ ဝေတဲ့နှင်းရေ …
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ … တဲ့။

အမိုးသမီးလေးက ငါ့ကိုမိုးထားပေါ့ ။ ။

သစ်ကောင်းအိမ်
(၂၃၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ် = ဝေလနယ်သားကဗျာဆရာ ဒိုင်လန်တောမတ်၏ ကဗျာခေါင်းစဉ်

No comments: