Wednesday, February 18, 2009

အဓိက နိုင်ငံရေးကြွေးကျန်တခုကို ဘယ်လိုရှင်းမှာလဲ

ဆလိုင်းကိုကိုဦး

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဂမ်ဘာရီနဲ့ ဂျပန်နိုင်ငံခြားရေ၀န်ကြီးတို့ ထုတ်ပြန်ကြေညာချက်ကို ကြည့် ခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားကို မိမိတို့ရှင်းလင်းပြတ်သားစွာ တွေ့ရပြီ ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရင် မိမိတို့ဒီမိုကရေစီအင်အားစုဘက်မှ ကုလရေးရာ သံတမန်ရေးရာတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်လို့ ဆိုရမှာဖြစ်တယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားဟာ စစ်အစိုးရကို တရားဝင်အစိုးရတရပ်အဖြစ် အသိ အမှတ်ပြုပေးနေသလိုဖြစ်ပြီး မိမိတို့ရဲ့ ဒီမိုကရေစီအင်အားစုအပေါ် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ကြဖို့ ဖိအားပေးနေတာနဲ့ တူတယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်နိုင်သေးပေမယ့်လည်း ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ မိမိတို့ ဒီမိုကရေစီအင်အားစုတွေအတွက် နောက်ဆုံးနိုင်ငံရေးတိုက်ပွဲကို ဘယ်လိုဆင်နွှဲကြမှာလဲဆိုတဲ့ မေးခွန်းက အ သင့်စောင့်ကြိုနေပြီဖြစ်တယ်။ တရားဝင် ရပ်တည်နေဆဲဖြစ်တဲ့ အန်အယ်လ်ဒီအနေနဲ့ ဘာလုပ်မှာလဲ၊ ပြည်ပ ရောက် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဘာလုပ်ကြမှာလဲဆိုတဲ့မေးခွန်းကို လက်တွေ့ဆန်တဲ့ တုန့်ပြန်ချက်နဲ့ အတူ အဖြေပေးရတော့မှာဖြစ်တယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ပြီး အစိုးရတရပ်ကိုဖွဲ့မှာလား ဒါမှမဟုတ် နအဖက အသစ်ထပ်မံပြုလုပ် မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ပြန်ဝင်မှာလားဆိုတဲ့ ပဟေဠိကို လုံးဝပြတ်ပြတ်သားသား အဖြေပေးရမှာက အ နိုင်ရပါတီ အန်အယ်လ်ဒီပဲဖြစ်တယ်။ တကယ်လို့သာ အန်အယ်လ်ဒီအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နောက်ဆုံးနိုင်ငံရေးတိုက်ပွဲအဖြစ် အကောင်အထည် မဖော်နိုင်ခဲ့ရင် အန်အယ်လ်ဒီရဲ့ အမျိုးသားနိုင်ငံရေးအ ခန်းကဏ္ဍ တခန်းရပ်သွားပြီလို့ ဆိုရပါလိမ့်မယ်။

ပြည်သူလူထုမှ အန်အယ်လ်ဒီပါတီ အပေါ်ထားရှိတဲ့ မူလယုံကြည်မှုများ အားလုံးသည်ပင်လျှင် နေချင်းညချင်း ပျောက်ကွယ်သွားနိုင်ပါတယ်။ အခြားတဖက်မှ ပြန်ကြည့်ရင်လည်း နအဖမှ ပြည်သူတွေကို ဓားမိုးထားပြီး လုပ်မယ့် ရွေးကောက်ပွဲကို ပြည့်သူဆန္ဒခံယူပွဲတုန်းကလို နိုင်ခြေမရှိဘဲ အောင့်သက်သက်နဲ့ ၀င်ပေးရမယ့် အ နေအထားပဲဖြစ်တယ်။ ဒီတော့ ယနေ့ အန်အယ်လ်ဒီ ဘာလုပ်မလဲ၊ သေရင်မြေကြီး ရှင်ရင်ရွှေထီး လုပ်ကိုလုပ် ရမယ့် အနေအထားမှာ မလုပ်ဘဲရှောင်လွဲလို့ရနိုင်မယ့် နိုင်ငံရေးနည်းလမ်းကို ထပ်မံရှာဖွေနေဦးမှာလား၊ ပြည် သူတွေအတွက် တာဝန်ကျေကျေ စွန့်စားဆုံးဖြတ်လုပ်ကိုင်မှာလား ဆိုတဲ့မေးခွန်းကို ကိုယ်တိုင်ကိုယ်ကျ ဖြေဆို ရတော့မှာဖြစ်တယ်။

သေချာတာတခုကတော့ ဒုတိယနည်းလမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ နိုင်ငံရေးတိုက်ပွဲကတော့ မြေကြီးလက်ခတ်မလွဲ နိုင်ငံရေးအရ အသာစည်းရမှာမဟုတ်တဲ့အပြင် ပြည့်သူဆန္ဒခံယူပွဲတုန်းကလို အရှုံးနဲ့ရင် ဆိုင်ရဖို့များနေပါတယ်။ ဒီတော့ အန်အယ်လ်ဒီ ဘာလုပ်သင့်သလဲဆိုရင် အဖြေရကျပ်ပါလိမ့်မယ်။ ပြည်သူတွေ ကတော့ အန်အယ်လ်ဒီကို အစိုးရတရပ်အနေနဲ့ မြင်ချင်တာကတော့ အသေအချာပဲဖြစ်တယ်။

မည်သို့ပင်ဆိုစေကာမူ အန်အယ်လ်ဒီမှာ အဓိကရှိနေတဲ့ နိုင်ငံရေးကြွေးကျန်တခုကတော့ ၁၉၉၀ ရွေးကောက် ပွဲရလဒ်ကို လုံးဝတာဝန်ယူပြီး အကောင်အထည်ဖော်ပေးရမယ့်ကိစ္စပဲဖြစ်တယ်။ အနှစ်နှစ်ဆယ်နီးပါးလုံးလုံး လုံးဝတိုးတက်မှုမရှိတဲ့ အကျိုးရလဒ်မရှိတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နိုင်ငံရေးနည်းဗျူဟာကို ရပ်ဆိုင်းသင့်ပြီ လို့ ယူဆပါတယ်။ သူတို့ကိုယ်သူတို့ ရာဇ၀တ်သားလို့ အမြဲလိုလို ခြောက်လှန့်ခံနေရတဲ့ စစ်အာဏာရှင်တွေဟာ အာဏာကိုလွှဲပြောင်းပေးဖို့မပြောနဲ့ အာဏာကိုခွဲဝေဖို့တောင် ကြောက်နေကြတာ အန်အယ်လ်ဒီခေါင်းဆောင် တွေက ပိုသိပါလိမ့်မယ်။ လူဆိုတာ သေမှာကို ကြောက်ကြသူတွေကြီးပါပဲ။ အရပ်စကားနဲ့ပြောရရင် ဘယ်သူ ကမှ ကိုယ်သေတွင်း ကိုယ်တူးချင်ကြမှာမဟုတ်ဘူး၊ အမျိုးသားရင်ကြားစေ့ရေးဆိုပြီး စကားလုံးလှလှပပနဲ့ အာ ဏာရှင်တွေကို ကျောသပ်လို့မရနိုင်ဘူး၊ သူတို့မှာလည်း ဦးနှောက်ရှိတယ် သူတို့လည်း တွေးတတ်တယ်ဆိုတာ လောက်ကိုတော့ အာဏာရှင်ကို ကျောသပ်လိုသူတွေ အလွန်ကို သတိထားရမယ့် အချက်ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဟာ သူတို့လည်ပင်းကို တရစ် စီချည်နှောင်မယ့် ကြိုးဖြစ်မယ်ဆိုတာကို မုချတွက်ဆပေလိမ့်မယ်။ ဒါကြောင့် အာဏာရှင်တွေဟာ တွေ့ဆုံဆွေး နွေးရေးကို နိုင်ငံရေးနည်းပရိယာယ်အရ ကောင်းကောင်းအသုံးချခဲ့ပြီး နိုင်ငံတကာကို လှည့်စားနိုင်ခဲ့တယ်။ အ ချိန်ဆွဲနိုင်ခဲ့တယ်။ မိမိတို့ ဒီမိုကရေစီအင်အားစုတွေကို အတွေးအခေါ်မျိုးစုံကွဲပြားအောင် လုပ်နိုင်ခဲ့တယ်။

မတိုက်နိုင်တော့ဘူး ညာပဲစားတော့မယ် ဆိုသူများပေါ်လာသလို စစ်အာဏာရှင်တွေနဲ့ အပေးအယူလုပ်ကြသူ တွေလည်း တနေ့တခြား ပိုများလာတာကသာ အဖတ်တင်ကျန်ရစ်ခဲ့တယ်။ ဒီတော့ တွေ့ဆုံဆွေးနွေးရေးပဲပြော ပြော အမျိုးသားရင်ကြားစေ့ရေးပဲပြောပြော ဒီလိုနိုင်ငံရေးနည်းပရိယာယ်အရ ချည်းကပ်မှုကနေ ဘယ်သူတွေ အကျိုးဖြစ်ထွန်းခဲ့ပါသလဲ။ စစ်အာဏာရှင်တွေပဲ အကျိုးအမြတ် များစွာဖြစ်ထွန်းခဲ့တယ် မဟုတ်ပါလား။

မိမိတို့ဟာ အမျိုးသားရင်ကြားစေ့ရေးကို အမှန်တကယ်လိုချင်သလို တွေ့ဆုံဆွေးနွေးရေးကို အမှန်တကယ် ဖြစ်စေလိုသူတွေပါ။ လူတဦးနဲ့တဦး တိုက်ခိုက်သတ်ဖြတ်တဲ့ လက်နက်တွေကိုလည်း ကိုင်လိုသူတွေမဟုတ်ကြ ပါဘူး။ သို့ပေမယ့်လည်း ပြည်သူတွေရဲ့ရင်ဝကို သေနတ်နဲ့ထောက်ပြီး အမျိုးသားရေးလက္ခဏာမဲ့နေတဲ့ စစ်ရာ ဇ၀တ်သားတွေကို အနုနည်းနဲ့ ဘယ်လိုမှဖြေရှင်းလို့မရနိုင်ဘူးဆိုတာကိုတော့ ပေါ်လစီအရပြတ်ပြတ်သားသား ရှိသင့်နေပါပြီ။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကိုလည်း ပေါ်လစီသစ်နဲ့ ချည်းကပ်သင့်နေပါပြီ။

တောင်းယူမှာလား၊ ညှိယူမှာလား၊ အညံ့ခံမှာလား၊ တိုက်ယူမှာလား၊ မှတပါး အခြားမရှိတော့ပြီ။ တောင်းလို့ လည်းမရ၊ ညှိလို့လည်းမရ၊ တိုင်းပြည်ဘဏ္ဍာကို ခိုးချင်သလောက် ခိုး၊ သတ်ချင်သူကို သတ်၊ ဖမ်းချင်တဲ့သူကို ဖမ်းပြီး မတရားထောင်ချ၊ ဥပဒေမဲ့ လုပ်ချင်ရာလုပ်နေတဲ့ ရာဇ၀တ်သားတွေနဲ့ စုဖွဲ့ထားတဲ့ စစ်ပဒေသရာဇ်တွေ ကို ကုလသမဂ္ဂမပြောနဲ့ ဘုရားရှင်တောင်မှ နားချလို့ရနိုင်မယ်မထင်ပါဘူး။ ဒီတော့အလုပ်မဖြစ်တော့တဲ့ လမ်း စဉ်အဟောင်းတွေကို အမြန်ဆုံး စွန့်ပယ်ပြီး စိတ်သစ်လူသစ် လမ်းစဉ်သစ်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ကို အ ခြေအနေတွေက တောင်းဆိုနေပါပြီ၊

မဖြေချင်တဲ့ မေးခွန်းကို မေးရတော့မယ်။ အန်အယ်လ်ဒီပါတီဦးဆောင်မှုအောက်မှာ ထောင်ကျသူကျ သေသူ သေ မွဲသူမွဲ အရှင်လတ်လတ် ငရဲပြည်ရောက်သူရောက် အန်အယ်လ်ဒီဘာကြောင့် အစိုးရမဖွဲ့ရဲခဲ့ပါသလဲ။ အ မျိုးသားရင်ကြားစေ့ရေးထိခိုက်မှာစိုးလို့လို့ ပြောဦးမှာလား၊ အနှစ်နှစ်ဆယ်တောင် ပြည့်တော့မယ်၊ လူထုနေရာ က ၀င်ကြည့် စိတ်ဓာတ်ကျနေပြီ၊ ယုံကြည်အားကိုးမှု နည်းနေပြီ။

သေချာတာတခုကတော့ အန်အယ်လ်ဒီဟာသမိုင်းတကွေ့မှာ ပြည်သူတွေအတွက် အကောင်းဆုံးတခုခုကို စွန့် စွန့်စားစား ဆုံးဖြတ်လုပ်ကိုင်ရတော့မယ့် အချိန်ကိုရောက်လာပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

လေးစားစွာဖြင့် ...
ဆလိုင်းကိုကိုဦး
ဖေဖေါ်ဝါရီလ ၁ရ ရက်၊ ၂၀၀၉

No comments: