Tuesday, February 17, 2009

ရှမ်းကြိုက်တော့ နွားချောဆိုသော်လည်း ...

ရှမ်းကြိုက်တော့ နွားချောဆိုသော်လည်း ...
စိုင်းအိမ်မွဲ

ဗိုလ်ချုပ်ခင်ညွန့်တယောက် ရာထူးကပြုတ်ခဲ့ရာမှာ အကြောင်းအရင်း အတော်များများ ရှိပါလိမ့်မယ်။ အဲသလို အကြောင်းအရင်းများထဲက တခုလောက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ အဲဒီအခါမှာ သွားတွေ့တဲ့ အကြောင်းအ ရင်းတခုကတော့ ဗိုလ်ချုပ်ခင်ညွန့်တယောက် အလွန်ပေါ်ပြူလာဖြစ်လာခြင်းဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်ပြုတ်တာ ၂၀၀၄ အောက်တိုဘာလမှာ ဖြစ်ပါတယ်။ မပြုတ်ခင် လေးငါးနှစ်လောက်ကစပြီး အ ထူးသဖြင့် ရန်ကုန် နိုင်ငံခြားသံတမန်လောကမှာ လက်ဦးဆုံး ခေတ်စားလာခဲ့ပါတယ်။ သူခေတ်စားလာပုံက ဒီ လိုပါ။ ဗိုလ်ချုပ်ခင်ညွန့်ဟာ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဓာတ်ရှိတယ်။ နိုင်ငံတကာကို အလေးထားရ ဆက်ဆံရ ကောင်းမှန်းသိတယ်ဆိုပြီး ရန်ကုန်သံတမန်လောကမှာ နာမည်ထွက်လာပါတယ်။ တိုတိုပြောရရင် ဗိုလ်ချုပ်ခင် ညွန့်ဟာ ပြုပြင်ပြောင်းလဲလိုသူဖြစ်တယ်။ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်ရာမို့စ် ဖြစ်လာနိုင်တယ်ဆိုပြီး နိုင်ငံခြားအစိုးရများနဲ့ သံတမန်လောကမှာ သတင်းများ မွှေးလာခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း အတော်များများနဲ့ ၁၉၈၉ ကစပြီး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်တာက အစပြုခဲ့တယ်ဆိုရင်လည်း မ မှားပါဘူး။ တနည်းပြောရရင် ဗိုလ်ချုပ်ခင်ညွန့်ကို အနာဂါတ်မှာ ထွန်းတောက်လာမယ့် သောက်ရှူးကြယ်ဆိုပြီး တောင် နိုင်ငံခြားသားတချို့က တင်စားလာခဲ့ပါတယ်။

ဥပမာအားဖြင့် အဲသည်တုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတ မန်အဖြစ် တာဝန်ယူရတဲ့ ရာဇလီအစ်စမေလို ပုဂ္ဂိုလ်များကလည်း ဗိုလ်ချုပ်ခင်ညွန့်ကို ပြုပြင်ပြောင်းလဲလိုသူ တဦးအဖြစ် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး အမွှန်းတင်လေ့ရှိပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားနေစဉ် ကာ လများမှာ မြန်မာပြည်ကို ၀င်ချင်သလိုဝင် ထွက်ချင်သလိုထွက်နိုင်တဲ့ နိုင်ငံခြားဂျာနယ်လစ် တချို့ကလည်း တဖက်မှာ အမွှန်းတင်ပေးပါတယ်။ ဥပမာ ဆောင်းပါးရှင် လယ်ရီရေဂင်တို့လို ဂျာနယ်လစ်တွေလည်း အဲသည့် အထဲမယ် ပါခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အာဏာမဲ့သွားတော့ နောက်ဗိုလ်ချုပ်တွေက အဆိုပါနိုင်ငံခြားဂျာနယ် လစ်တွေကို အခုအထိ ဗီဇာထုတ်မပေးတော့ပါ။

မြန်မာပြည်အရေးကို ၀င်ရောက်ကပြလာတဲ့ မီဒီယာအပါအ၀င် နိုင်ငံရပ်ခြားကလူပုဂ္ဂိုလ်များကို ကျနော်တို့က ငြိုငြင်လို့မရပါဘူး။ ကနေ့ခေတ်ကြီးက နိုင်ငံတိုင်းရဲ့အရေးမှာ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံက ပါဝင်လာ နေတဲ့ ခေတ်ကြီးလည်း ဖြစ်တာကြောင့်ပါ။ သို့သော် ထိုကဲ့သို့ ပါဝင်လာသူများအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေကို မဖြစ်မနေ ယေဘုယျအားဖြင့်တော့ နားလည်ထားဖို့လိုပါတယ်။ ထိုသူတွေ ရဲ့ ချဉ်းကပ်မှုတွေ ကောက်ချက်တွေ လွဲမှားခဲ့ရင် အတိုက်ခံတွေ၊ ဒီမိုကရေစီလိုလားသူ ဗမာတွေကိုယ်တိုင်က မှန်မှန်ကန်ကန် ထောက်ပြအကြံပေးဖို့လည်း လိုပါတယ်။ အဲသလို မဟုတ်ဘဲ မိမိရဲ့ တကိုယ်ရေအကျိုးကျေးဇူး ရလိုမှုတခုခုကြောင့် ကိုယ်ကိုယ်တိုင်ကပါ အနှီပုဂ္ဂိုလ်များကို ရိုးရာအတိုင်းဖြစ်နေတဲ့ အခြေအနေတွေကို အမှန် အတိုင်း အကြံဉာဏ်မပေးဘဲ သူတို့နောက်ကိုသာ လိုက်နေရင်တော့ အားလုံးအတွက် အကျိုးနည့်တဲ့ ကိန်းကို ဆိုက်မှာပါ။ တိုက်ပွဲတပွဲပြီးတိုင်း “ရန်သူများ အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးရ”ဆိုတဲ့ စကားလုံးများလို ဖြစ်နေမှာ မလွဲပါဘူး။

ပြန်ကောက်ပါ့မယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ ထောက်လှမ်းရေးအကြီးအကဲပါ။ မြန်မာနိုင်ငံရဲ့ စစ်တပ်သဘာဝမှာ ထောက်လှမ်းရေးဆိုရင် ထောက်လှမ်းရေးမဟုတ်တဲ့တပ်တွေက စစ်သားများ အရာရှိများက ထိုသူတွေကို မုန်း ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးက စစ်သားအချင်းချင်းတောင် ဗိုလ်ကျလွန်းလို့ ဖြစ်ပါတယ်။ ဥပမာပြောရရင် ထောက်လှမ်းရေးတပ်ကြပ်ကြီးတဦးက ခြေလျင်တပ်က ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ တပ်ရင်းမှူး ကို ခါးထောက်ပြီး တန်းတူရည်တူပြောဆိုဆက်ဆံနိုင်ခွင့်ရှိနေပါတယ်။ သာမန်အရာရှိ ရဲဘော်လောက်ကိုတော့ ဘယ်လိုဆက်ဆံမလဲဆိုတာ ထည့်ပြီး စာမဖွဲ့တော့ပါ။ ဒါဟာ ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်ကျမှ ဖြစ်လာတာမ ဟုတ်ပါ။ ခေတ်အဆက်ဆက် ကတည်းက သာမန်စစ်သား အရာရှိတွေဟာ စစ်ထောက်လှမ်းရေးကို မျက်မုန်း ကျိုးပါတယ်။

အတော်များများသော နိုင်ငံခြားအစိုးရတွေ၊ သံတမန်တွေ၊ ဂျာနယ်လစ်တွေ၊ အချို့မြန်မာပညာရှင်ဆိုသူတွေ က စစ်သားအချင်းချင်း သူတို့မျက်မုန်းကျိုးနေတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့်ကို ပြုပြင်ပြောင်းလဲလိုသူဆိုပြီး အမှတ်တွေပေးနေတော့ တပ်ချုပ်ကြီး၊ ဗိုလ်ချုပ်မောင်အေးနဲ့ ကျန်တဲ့ဗိုလ်ချုပ်တွေ က အလိုလိုနေရင်း သဘောထားတင်းမာသူတွေ၊ အပြောင်းအလဲ မလိုလားသူတွေ၊ တနည်းပြောရရင် ဗီလိန် လူကြမ်းမင်းသားတွေ ဖြစ်ကုန်ပါတယ်။ တဘက်ကို သိပ်ချီးမွမ်းတော့ နောက်တဘက်က ဘုံဆောင့်တာပေါ့။ (ဗိုလ်ချုပ်ခင်ညွန့်ဟာ ပြုပြင်ပြောင်းလဲရေးသမား တကယ်ဟုတ်မဟုတ်ဆိုတာတော့ နတ်သိကြားတွေမှပဲသိမှာ ပါ။ သို့သော် တပ်ချုပ်ကြီးဟာ သဘောထားတင်းမာသူ ဗီလိန်လူကြမ်းဖြစ်တာကတော့ သေချာပါတယ်။ စကား ချပ်)

ဗိုလ်ချုပ်ခင်ညွန့်ဟာ အနောက်တိုင်းနဲ့ အာစီယံခေါင်းဆောင်တွေကြားမှာ ပြုပြင်ပြောင်းလဲလိုသူအဖြစ် နာမည် ထွက် သထက်ထွက်လာခြင်းဟာ တပ်ချုပ်ကြီးရဲ့ထိုင်ခုံကို သွားလှုပ်တာနဲ့ အတူတူဖြစ်နေပါတယ်။ အဲသည့်အ တွက် နောက်ဆုံးမှာ တပ်ချုပ်ကြီးအနေနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ဖြုတ်ချတာကလွဲလို့ တခြားရွေးစရာ မရှိတော့ပါ ဘူး။ ဒါကိုလည်း တခြားဗိုလ်ချုပ်များက ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြတာ မမေ့သင့်ပါဘူး။

အနောက်တိုင်း အရှေ့တိုင်းနဲ့ ကုလသံတမန်များ၊ နိုင်ငံခြားမီဒီယာသမားအချို့က ဗိုလ်ချုပ်ခင်ညွန့်ကို ပြုပြင် ပြောင်းလဲရေးလိုလားသူလို့ တံဆိပ်ကပ်ပေးလိုက်တာဟာ သူတို့သဘောထား အမှန်ဟုတ်ချင်မှ ဟုတ်ပါလိမ့် မယ်။ တပ်ချုပ်ကြီးနဲ့အဖွဲ့ကို တနည်းတဖုံ ချိန်ခွင်ညှာထိန်းဖို့ ဖန်တီးခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ သော် ဒီကစားကွက်မှာ မြန်မာပညာရှင်အချို့နဲ့ နိုင်ငံခြားပလေယာတွေ သတိလွတ်သွားတာက ဗိုလ်ချုပ်ခင် ညွန့်ဟာ လူရော စစ်သားကပါမုန်းတဲ့ ထောက်လှမ်းရေးဖြစ်နေတာကို ထည့်သွင်းမတွက်ချက်မိလိုက်ဘူး ထင် ပါတယ်။ နောက်တချက်ဟာလည်း ဗိုလ်ချုပ်ခင်ညွန့် ပေါ်ပြူလာဖြစ်လာခြင်းဟာ နိုင်ငံခြားသားပလေယာများ အတွက်သာ ပေါ်ပြူလာဖြစ်တာပါ။ နောက်အရေးကြီးတဲ့ အချက်ကလည်း ဗိုလ်ချုပ်ခင်ညွန့်ဟာ ထောက်လှမ်း ရေး အကြီးအကဲ ဖြစ်ပေမယ့် စစ်သားလေးသိန်းကို တိုက်ရိုက်အမိန့်ပေး စေခိုင်းလို့ရတဲ့နေရာမှာ မရှိပါဘူး။ အ ကယ်၍ တပ်ချုပ်ကြီးတို့အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်လည်း ဗိုလ်ချုပ်ခင်ညွှန့် ကွပ်ကဲဦးစီးနိုင်တဲ့ အင် အားဟာ တသောင်းမကျော်ပါ။ အပစ်ရပ်အဖွဲ့တွေလည်း ဆင်ကန်းတောတိုးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဘက်က ရပ်ခံ ဖို့ဆိုတာမဖြစ်နိုင်ပါ။ ဒီနေရာမှာ နိုင်ငံတကာက ပလေယာများ လူမွေးတာ တွက်ချက်တာ လွဲသွားတာကို တွေ့ လိုက်ရပါတယ်။

အခုလည်း မကြာသေးခင်က နိုင်ငံခြားရေးဒု-၀န်ကြီး ဦးကျော်သူကို ၀န်ကြီးနေရာကနေ ၀န်ထမ်းရွေးချယ်လေ့ ကျင့်ရေးဥက္ကဌဆိုပြီး ပြောင်းလဲခန့်ထားလိုက်ပါတယ်။ အမှန်ဆိုရင် ဒု-နိုင်ငံခြားရေးဝန်ကြီးခန့်တုန်းက တပ်ချုပ် ကြီး ကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒု-၀န်ကြီးဘ၀မှာ ဦးကျော်သူလည်း ဗိုလ်ချုပ်ခင်ညွန့်နည်းတူ နိုင်ငံ ခြားသံတမန်များအကြားမှာ ပေါ်ပြူလာဖြစ်စပြုလာပါတယ်။ နာဂစ်အပြီး နိုင်ငံတကာနဲ့ ပေါင်းပြီး ကယ်ဆယ် ရေးထူထောင်ရေးလုပ်တဲ့ သုံးပွင့်ဆိုင်အဖွဲ့မှာ ဦးဆောင်သူလည်းဖြစ်ပါတယ်။ ဦးကျော်သူနဲ့ အလုပ်လုပ်ရတာ သိပ်အဆင်ပြေတယ်၊ ဦးကျော်သူဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာ နားလည်မှုရှိတယ် တခြားဗိုလ် ချုပ်တွေလိုမဟုတ်ဘူးဆိုပြီး စတင်ထင်ရှားလာပါတယ်။ အာစီယံအတွင်းရေးမှူး ဆူရင်းပစ်စူဝမ်တို့လို ဒေသ တွင်းခေါင်းဆောင်တွေကလည်း ချီးကျူးကြပါတယ်။ နိုင်ငံခြားအန်ဂျီအိုများကလည်း ဦးကျော်သူနဲ့ အလုပ်လုပ် ရတာ ပိုလို့အဆင်ချောတယ်ဆိုပြီး အသိအမှတ်ပြု ပြောဆိုလာကြပါတယ်။

ဒါ့အပြင် ဦးကျော်သူဟာ မြန်မာနိုင်ငံစီးပွားရေး ဦးမော့လာဖို့ နည်းလမ်းရှာလုပ်ဆောင်ဖို့ အားသန်သူဖြစ်တယ် လို့ ဆိုကြပါတယ်။ ဒီ့အတွက် မြန်မာပြည်တွင်းမှာ အီးဂရက်စ်လို့ လူသိများတဲ့ တတိယလှိုင်းလို့ဆိုတဲ့ အဖွဲ့နဲ့ တ ဖြည်းဖြည်း နီးကပ်လာတယ်လို့လည်း ကြားသိရပါတယ်။ အီးဂရက်စ်ကို ဦးဆောင်သူကတော့ ဒေါက်တာနေ ၀င်းမောင်တို့ ဒေါက်တာခင်ဇော်ဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဆင့်အထိ တပ်ချုပ်ကြီးအနေနဲ့ သိပ်ပြီး စိတ်ပူဟန် မတူသေးပါဘူး။ မြန်မာပြည်ကို အနောက်တိုင်းက စီးပွားရေး ဒဏ်ခတ်ထားတဲ့အချိန်မှာ စီးပွားရေး ပြန်ပွင့်လာဖို့ ကြိုးစားတာဟာ လက်ခံဖွယ်ရာကိစ္စဖြစ်နေတာကိုး။ အဲသည့်အတွက် နိုင်ငံရပ်ခြားအစည်းအဝေး တွေ ကွန်ဖရင့်တွေကို အီဂရက်စ်က ခပ်စိပ်စိပ် တက်နိုင်လာတာကို မြင်ရပါတယ်။ အထူးသဖြင့် ဥရောပသမဂ္ဂ က ဖိတ်ကြားတဲ့ အစီအစဉ်တွေမှာ ပိုလို့တက်ရောက်နိုင်တယ်လို့ ကြားသိရပါတယ်။ မြန်မာပြည်မှာ တချိန်က သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးက အီးဂရက်စ်အဖွဲ့ခေါင်းဆောင်များဟာ စစ်အစိုးရကို လည်းမကြိုက်၊ အတိုက်ခံများ ရှေးရိုးစွဲဖြစ်နေတာကိုလည်း မထောက်ခံတဲ့သူများဖြစ်ကြောင်း၊ သို့သော် မြန်မာ ပြည် ဒီမိုကရေစီရေး၊ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အမြင်ရှိတဲ့သူတွေဖြစ်ကြောင်း အီးယူမှာ တိုးတိုးတိတ် တိတ် သတင်းဖြန့် ပြောကြားထားတယ်လို့ဆိုပါတယ်။ သို့သော်လည်း ကာလတခုကြာလာတော့ ဒီသတင်းဟာ တိုးတိုးတိတ်တိတ်ကနေ ကျယ်လောင်လာပါတယ်။ ဒါကိုလည်း တပ်ချုပ်ကြီးနဲ့အဖွဲ့က မကြားဘဲ မသိဘဲ နေမှာ မဟုတ်ပါဘူး။ တိုတိုပြောရရင် အီးဂရက်စ်အဖွဲ့ဟာ ဒု-၀န်ကြီးဦးကျော်သူရဲ့ စောင့်ရှောက်မှုကိုတော့ မယူမဖြစ် ယူရပါတယ်။ နောက်ခံမကောင်းရင် မြန်မာပြည်မှာ ရှေ့ဆက်တိုးလို့ မလွယ်တဲ့အတွက်ကြောင့်ပါ။

တခုဖြတ်ပြီး တင်ပြလိုတာက တပ်ချုပ်ကြီးနဲ့အဖွဲ့ဟာ တိုင်းပြည်ဘယ်လိုတိုးတက်အောင်လုပ်မယ်ဆိုတာကို အ မှန်တကယ် နားလည်ကောင်းမှ နားလည်ပါလိမ့်မယ်။ သို့သော် အာဏာနေရာမှာ မြဲမြံအောင်လုပ်ဖို့တော့ အ, မယ်လို့မထင်ပါဘူး။ အခု အီးယူနဲ့ အာစီယံခေါင်းဆောင်များ၊ နာမည်ကြီး အန်ဂျီအိုများ၊ ပညာရှင်ဆိုသူများ ပြောပြောနေတဲ့ ဒီမိုကရေစီနေရာကို တဖြည်းဖြည်းချဲ့ယူဖို့ဆိုတဲ့ အိုင်ဒီယာကို သူတို့လည်း သဘောပေါက်ပါ တယ်။

အဲသလို ချဲ့ထွင်နိုင်ဖို့ စီဗယ်ဆိုစိုက်တီး လူမှုအဖွဲ့အစည်းများ ပထမပေါ်ပေါက်ဖို့လိုတယ်။ ပြီးရင် စီးပွားရေး ဦး မော့လာအောင် ထပ်မံလုပ်ဖို့လိုတယ်။ အဲတာတွေ အဆင့်ဆင့်အောင်မြင်လာရင် ဒီမိုကရေစီအတွက် တဖြည်း ဖြည်း နေရာကျယ်လာအောင် ချဲ့ယူလို့ရပြီလို့ ဆိုထားပါတယ်။ ဆိုတော့ကာ လောလောဆယ်အနေနဲ့ စစ်တပ် ကို တိုက်ရိုက်ဝေဖန်တိုက်ခိုက်တာ မလုပ်နဲ့။ ရသလောက် ပေးသလောက်ပဲ လုပ်ယူထား။ တနေ့မှာ ပွင့်သ ထက် ပွင့်လာမယ်ဆိုတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။

ဒီလိုလုပ်နေခြင်းဟာ သူတို့ထိုင်ခုံကို တနေ့ကျရင်လုဖို့ အပျော့ဆွဲနဲ့ ထောင်ချောက်ပြင်နေတယ်ဆိုတာကို တပ် ချုပ်ကြီးနဲ့အဖွဲ့က နားလည်ပါလိမ့်မယ်။

အဲသည်တော့ ဦးကျော်သူလည်း နိုင်ငံခြားသားတွေကြားမှာ နာမည်ရလာသလို အီးဂရက်စ်လည်း နိုင်ငံခြား သားတွေအကြားမှာ ထင်ရှားလာပါတယ်။ တပ်ချုပ်ကြီးတို့က လူကြမ်းမင်းသား ဆက်ဖြစ်နေ၊ သို့သော် ဟိုလူ များကတော့ နိုင်ငံတကာကွန်ဖရင့်တွေမှာ ပြုပြင်ပြောင်းလဲလိုသူတွေအနေနဲ့ ပေါ်ပြူလာဖြစ်လာ။ အဲတာကို ဒီ အတိုင်း ဆက်လွှတ်ထားမလား ထိန်းချုပ်မလားဆိုပြီး တပ်ချုပ်ကြီးက တွက်ကောင်းတွက်ပါလိမ့်မယ်။ နောက် ဆုံးအဖြေကတော့ ဦးကျော်သူကို ဋ္ဌာနပြောင်းပေးလိုက်ပြီး မင်းတို့ဒီလောက်ဆိုရင် သိတော့ဆိုပြီး ပြလိုက်တာ ပါပဲ။ ဗိုလ်ချုပ်ခင်ညွန့်လို အဖြုတ်ခံမထိတာကကိုပဲ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

စစ်တပ်အုပ်စိုးလာခဲ့တဲ့ ကာလတလျှောက်လုံးမှာ ဒီလိုခပ်ဆင်ဆင်အဖြစ်တွေ အများကြီး ဖြစ်ခဲ့ပါတယ်။

အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးဟာ အသက် (၄၂) ခန့်လောက်မှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဒါက လည်း ဦးနေ၀င်းသဘောတူလို့ ဖြစ်လာခဲ့တာပါ။ ဦးတင်ဦးဟာ နောက်ပိုင်းမှာ စစ်တပ်အတွင်း ရေပန်းစားသ ထက်စားလာတော့ ဦးနေ၀င်းက ဖယ်ထုတ်ပစ်ရုံမက ၁၉၇၆ မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ရဲ့ နိုင်ငံတော် ပုန် ကန်မှုကိစ္စမှာ သတင်းထိန်ချန်မှုနဲ့ ဦးတင်ဦးကို ထောင်ထဲပို့ခဲ့ပါတယ်။

နောက်တဦးကတော့ မျက်မှန်တင်ဦး (သို့) လန်ဘားတင်ဦး (သို့) ၀မ်းအင်ဟဖ် (သို့) ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ်တင်ဦး ဖြစ်ပါတယ်။ ဦးနေ၀င်း နံပါတ်ဝမ်းကာလမှာ ဦးစန်းယုက နံပါတ်တူး ဖြစ်ပါတယ်။ အဲသည့် အချိန်မှာ မျက်မှန်တင်ဦးဟာ ဦးနေ၀င်းပြီးရင် အာဏာလက်စောင်းထက်လွန်းလို့ ၀မ်းအင်ဟဖ်လို့ လူတွေက ကွယ်ရာမှာ ခေါ်ကြပါတယ်။ သူသည်လည်းပဲ ဦးနေ၀င်းကို ပြိုင်လာတယ်လို့ ယူဆခံရတဲ့အတွက် နောက်ဆုံး မှာ ပျားဂေဟာစီမံကိန်း နိုင်ငံတော်ပိုင် ငွေနဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အဖြုတ်ခံထိပါတယ်။ ၁၉၈၃ ၁၉၈၄ ကာလများကလို့ ခန့်မှန်းပါတယ်။

နိုင်ငံတကာမှ ကစားသူပလေယာများ မြန်မာပညာရှင်များအနေနဲ့ တပ်ချုပ်ကြီးတို့အဖွဲ့ကို ချိန်ခွင်ညှာထိန်းဖို့ နောင်မှာ လူမွေးမယ်ဆိုရင်လည်း အထက်ကတင်ပြခဲ့တဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေးယဉ်ကျေးမှုကို တွက်ချက် ပြီးမှ လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ သေချာတာကတော့ နိုင်ငံတကာအလယ်မှာ အလယ်အလတ် အမြင်ရှိသူ ပြုပြင်ပြောင်းလဲလိုသူလို့ ဗြောင်ကျကျ ပေါ်ပြူလာဖြစ်လာရင်တော့ အဆိုပါပုဂ္ဂိုလ်ဟာ သက်စိုးရှည် မှာ မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေအကြားမှာ ရေပန်းစားလာရုံနဲ့ ဒီလူတော့ ပိုအောင်မြင်လိမ့်မယ် ပိုလုပ်နိုင် လိမ့်မယ်လို့ တွက်ချက်ရင် မှားပါလိမ့်မယ်။

နွားအရောင်းအ၀ယ်လုပ်တဲ့နေရာမှာ စကားပုံတခုရှိပါတယ်။ ရှမ်းကြိုက်တော့ နွားချောတဲ့။ ရှမ်းက သူကြိုက်မှ တော့ သူဝယ်မှာပေါ့။ ဘယ်သူဘာပြောပြော သူ့ပိုက်ဆံနဲ့ သူဝယ်တာကိုး။ သို့သော်လည်း တိုင်းရင်းသားလူမျိုး ပေါင်းစုံမှီတင်းနေထိုင်တဲ့ မြန်မာပြည်မှာ တသီးပုဂ္ဂလ နွားအရောင်းဝယ်လုပ်တာ မဟုတ်တဲ့အတွက် လူတဦး (သို့) တဖွဲ့ကကြိုက်တဲ့ ဖော်မြူလာဖြစ်တာနဲ့ မြန်မာတပြည်လုံးအတွက် ကောင်းမယ်လို့ တွက်ချက်လို့ မရနိုင်ပါ ကြောင်း ...။

စိုင်းအိမ်မွဲ
၁၇၊ ၀၂၊ ၂၀၀၉

No comments: