Monday, January 19, 2009

နှစ် ၂၀ မှာ ပြောင်းလဲဖို့ ဘယ်လိုပြောင်းကြမလဲ (NCGUB, NCUB နှင့် MPU)

ဝင်းထိန်

ခေါင်းဆောင်မှု

"ခေါင်းဆောင်ကောင်းတွေဆိုတာ သူတို့ပြောတာကို ဖြစ်အောင်လုပ်လေ့ ရှိကြတယ်။ အပြောတခြား အလုပ် တခြား မဟုတ်ဘူး။ ခေါင်းဆောင်တွေကို အရင်က သီခြားလူတန်းစားလို့ သဘောထားခဲ့ကြတယ်။ အခုခေတ် မှာ မဟုတ်တော့ဘူး။ Leaders as Members ဆိုတဲ့ အဖွဲ့ဝင်တွေနဲ့ တသားတည်းကျခဲ့ကြပြီ။ ခေါင်းဆောင်မှု ဟာ သီးခြားဖြစ်ခဲ့ရင် အာဏာရှင်ဆန်သွားတတ်တယ်။ ပြီးတော့ Leader တွေဟာ Responsibility ဆိုတဲ့ တာ ၀န်ယူမှု၊ Accountability ဆိုတဲ့ တာဝန်ခံမှုတွေကို မငြင်းဆန်ရဘူး။" *

ပါဝါဆိုတာဘာလဲ

"Power is not Power over others."
"Power is Ability to get things done"
ပါဝါဆိုတာ အခြားလူတွေကို အတင်းအကြပ်စေခိုင်းမှု၊ လွှမ်းမိုးမှုမဟုတ်ဘူး။ "အလုပ်တွေဖြစ်အောင်" လုပ်နိုင် တဲ့ စွမ်းရည်တခုပဲလို့ ဆိုချင်ပါတယ်။ အလုပ်သိပ်ကြီးလာရင် Leader က နေရာတကာ လိုက်လုပ်လို့မရတော့ ဘူး။ Power to empowerment ဆိုတဲ့ "လုပ်ပိုင်ခွင့်" ကို ပေးရလေ့ရှိတယ်။ အဆင့်ဆင့် တာဝန်အလိုက် တာ ၀န်ယူ ခွဲဝေလုပ်ဆောင်မှုပေါ့။ တဖက်ကို လုပ်ပိုင်ခွင့်ပေးတာဟာ Empower လုပ်တာပဲ။ **
ဒါတွေကတော့ ခေါင်းဆောင်ကောင်းတွေရဲ့ တာဝန်ခံမှု တာဝန်ယူမှု။
ကဲ MPU က တာဝန်ခံမှုတွေကကော။

ဒီနေ့ MPU သည် လွှတ်တော်ကဲ့သို့  ဖြစ်သည်။

အထက်ပါစာကြောင်းနှင့် ပတ်သက်လို့ရှိရင် ဘာကြောင့် MPU က အဲသည်လို ကြွေးကြော်နေရတာလဲ။ တာ ၀န်ခံမှု တာဝန်ယူမှု စတဲ့ လိုအပ်ချက်တွေနဲ့  မပြည့်စုံတဲ့အတွက် ကြွေးကြော် နေရတာပါ။ လွှတ်တော်တရပ်ရဲ့ တာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့အကြောင်းကြောင့် ရှေ့လာမယ့် အနာဂတ်အတွက် မျိုးစေ့ချ လုပ်ဆောင်သွား စေချင်တဲ့အတွက် ဖြစ်တယ်။ ဒါတွေကို တောင်းဆိုချက်တရပ်အဖြစ် ကြွေးကြော်နေတာပဲ ဖြစ်တယ်။

အမျိုးသားညီညွတ်ရေးလွှတ်တော်တရပ်အဖြစ် MPU ရဲ့ ကြိုးပမ်းမှု

အမျိုးသားညွန့်ပေါင်းအစိုးရသည် လွတ်လပ်သော နိုင်ငံရေး NGO အနေအထားဖြင့် လှုပ်ရှားခြင်းထက် လူ့အ ခွင့်အရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကြိုးပမ်းနေကြ သော လှုပ်ရှားမှုကြီးတခုလုံးနှင့် (Formality ) ဆက်စပ်ရန် လိုအပ်လာပြီ။ ထိုသို့ဆက်စပ်ရန် အဖြစ်သင့်ဆုံး သော အဖွဲ့အစည်းအဆောက်အအုံ (Institution ) မှာ လွှတ်တော် ဖြစ်ပါသည်။ ဒါကြောင့် အမျိုးသားညီညွတ် ရေးလွှတ်တော်ဟု ဖွဲ့စည်းဖော်ဆောင်သွားရန် MPU က ကြိုးပမ်းထားရပါမည်။

(၁) ကမ္ဘာပေါ်ရှိ လွှတ်တော်တိုင်းသည် အစိုးရအဖွဲ့ကို ကြီးကြပ်သည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်သကဲ့သို့  အစိုးရအဖွဲ့  အားကောင်းလည်ပတ်အောင် ပံ့ပိုးသည့် တာဝန်ယူရသည်။ အမျိုးသားညီညွတ်ရေး လွှတ်တော် သည် ယင်းတာဝန်ကိုယူရန်ဖြစ်သည်။

(၂) အမျိုးသားညီညွတ်ရေး လွှတ်တော်တည်ရှိခြင်း၊ NCGUB အစိုးရနှင့် နည်းလမ်းတကျ ဆက်စပ်ထားခြင်း၊ NCGUB အဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များကို အမျိုးသားညီညွတ်ရေးလွှတ်တော်မှ ရွေးချယ်တင် မြှောက်ခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်းတို့ကို နည်းလမ်းတကျ ဆောင်ရွက်ခွင့် ရရမည်။

(၃) လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားဆောင်ရွက်ကြသော အဖွဲ့အစည်း အသီးသီးသာမက ပြည်တွင်းလူထု၏ ထောက်ခံမှု ပိုမိုတိုးတက် ရရှိ နိုင်သည်။ ကုလသမဂ္ဂ၊ နိုင်ငံတကာ စသည်တို့၏ အသိအမှတ်ပြုခံရမှု အလားအလာ များစွာတိုးတက်လာနိုင် သည်။

တာဝန်ခံမှု တာဝန်ယူမှု

တာဝန်ခံမှု တာဝန်ယူမှု၊ ရှင်းရှင်းလင်းလင်းရှိမှုတို့သည် ကောင်းမွန်သော လွှမ်းမိုးအုပ်ချုပ်မှုများနှင့် သက်ဆိုင် သည်၊။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေခိုက် မိမိတို့အတွင်း တာဝန်ခံမှု တာဝန်ယူမှု၊ ရှင်းရှင်းလင်းလင်းရှိမှု အခြေခံများဖြင့် ကောင်းမွန်သောလွှမ်းမိုးအုပ်ချုပ်မှု (Good government ) မျိုးစေ့များကို ချမှတ်သွားလိုသည်။ ယင်းတို့ကို ဖော်ဆောင်နိုင်ရန်မှာ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရဖြစ်စေ၊ နောင် တွင် တိုင်းရင်းသားခေါင်းဆောင်များဖြင့် တိုးချဲ့ဖွဲ့စည်းရန် မျှော်မှန်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ ဖြစ်စေ၊ ဒီမိုကရေစီရရှိပြီး ပေါ်ပေါက်လာမည့် အစိုးရအားလုံးနှင့်ဖြစ်စေ သက်ဆိုင်သည်။ အစိုးရမှန်သမျှသည် ဥပဒေစိုးမိုးရေးအခြေခံတွင် တာဝန်ခံမှု၊ တာဝန်ယူမှု၊ ရှင်းရှင်းလင်းလင်းရှိမှု၊ ကောင်းမွန်သော လွှမ်းမိုးအုပ်ချုပ် မှုများကို ဖော်ဆောင်ရမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးလွှတ်တော်မှ အမျိုးသားညီညွတ်ရေးအစိုးရသို့ ...

မြန်မာနိုင်ငံရှိ စစ်အုပ်စု၊ စစ်အစိုးရအပေါ် တိုက်ပွဲဝင်နေရခြင်းမှာ ထိုအစိုးရသည် ဥပဒေစိုးမိုးရေးကို လုံးလုံး ငြင်းပယ်ကာ အထက်ဖော်ပြပါ တာဝန်ခံမှု၊ တာဝန်ယူမှု ကောင်းမွန်သော လွှမ်းမိုးအုပ်ချုပ်မှုတို့ ကို ဥပက္ခာပြု ထားသည်။ လူထုကိုယ်စားလှယ်များဖြင့် နည်းလမ်းတကျ ဖွဲ့စည်းထားသော လွှတ်တော်မရှိ၊ လွှတ်တော်၏ ခန့် ခွဲရာထားပေးမှုမရှိဘဲ တိုင်းပြည်၏ ဘဏ္ဍာငွေများကို ထင်သလို စိတ်ကြိုက်သုံးစွဲ ကိုယ်ကျိုးရှာနေကြသည့် အ တွက်ကြောင့် ဖြစ်သည်။

မူဝါဒရေးရာများနှင့် စပ်လျဉ်း၍ လူထု၏သဘောဆန္ဒများ လေးစားစွာ ရယူခြင်း၊ လိုက်နာခြင်းမရှိ၊ ထင်သလို ချမှတ်ဆောင်ရွက်နေကြသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင် အားစုများအတွင်း လိုအပ်ချက်အရ ဖွဲ့စည်းပေါ်ထွန်းလာရသော အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့သည်လည်း ကောင်း၊ နောင်ပေါ်ပေါက်မည့် အမျိုးသားညီညွတ်ရေးအစိုးရသည်လည်းကောင်း၊ နအဖအစိုးရကဲ့သို့ မဖြစ် အောင် သတိပြုရှောင်ကျဉ် လုပ်ဆောင်ကြဖို့ လိုအပ်လာပြီ။ သို့ဖြစ်၍ အမျိုးသားညီညွတ်ရေးလွှတ်တော်အနေ ဖြင့် ဖွဲ့စည်းတည်ထောင်လှုပ်ရှားသွားလျှင် တကယ်လက်တွေ့ စောင့်ကြည့်ရန် လွှတ်တော်က ကြီးကြပ်နိုင်မည်၊ အားပေးပံ့ပိုးမှုများလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသို့ ...

အမျိုးသားညီညွတ်ရေးအစိုးရသည် NCGUB အမျိုးသားညွန့်ပေါင်းအစိုးရမှ တိုင်းရင်းသားခေါင်းဆောင်များ အ ခြားသင့်တော်သော စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး ပါရဂူများဖြင့် တိုးချဲ့ဖွဲ့ စည်းထားသော Good government ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရဟု ပြောင်းလဲခေါ်ဆိုထားသော အစိုးရဖြစ်သည်။

NCGUB ကို ဘယ်လိုပြုပြင်ပြောင်းလဲ တိုးချဲ့မလဲ

(က) တိုင်းရင်းသားခေါင်းဆောင်များ
(ခ) သင့်တော်သော ပါရဂူများ၊ စီးပွားရေး ပါရဂူ၊ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာန စသည်ဖြင့် တိုးချဲ့ရန် မူအားဖြင့် ၂၀၀၈၊ ဖေဖော်ဝါရီလက ကျင်းပသော MPU ညီလာခံက ဆုံးဖြတ်ထားပြီး ဖြစ်သည်။

(က) တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်တိုးချဲ့ခြင်း

၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေက NCGUB ကို စတင်ဖွဲ့စည်းခဲ့စဉ်က တိုင်းရင်းသားခေါင်းဆောင်များဖြင့် လာမည့် နောင်အနာဂတ်တွင် NCGUB ကို တိုးချဲ့ဖွဲ့စည်းမည်ဟူသော ကတိက၀တ်များ ရှိခဲ့ကြသည်။ အဲဒီ ကတိက၀တ်များကို မမေ့သင့်၊ လိုက်နာဆောင်ရွက်သင့်ပါသည်။

တိုင်းရင်းသားခေါင်းဆောင်များကလည်း NCGUB ကို ဝေဖန်သုံးသပ်ကြပြီ။

(၁) တိုင်းရင်းသားများအပါအ၀င် ပြည်သူတရပ်လုံးနဲ့  ကင်းကွာနေတယ်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပြည်ထောင်စုအချုပ်အခြာအာဏာကို ကိုယ်စားပြုမှုအားနည်းနေပြီ။
(၃) အခြေခံမတည်ပေးခဲ့တဲ့ တိုင်းရင်းသားတပ်ပေါင်းစုများ၊ အင်အားစုများနဲ့လည်း ပိုမိုကင်းကွာနေပြီ။
(၄) ရဲ့ဝံ့ပြတ်သားတဲ့ တိကျတဲ့ ဦးဆောင်မှု အားနည်းနေတယ်။
(၅) စင်ပြိုင်အစိုးရတရပ်ရဲ့ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာရပ်များ ချို့တဲ့နေတယ်။
(၆) နအဖရဲ့ လမ်းပြမြေပုံအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ချေဖျက်ဆန့် ကျင်သွားရန် ရှေ့လုပ်ငန်းစဉ်များ တိကျစွာ ပြဌာန်းထားမှု မရှိသေးတာ။

အဲဒါတွေကို ထောက်ပြဝေဖန်သွားခဲ့ကြပါတယ်။ ပြီးတော့ လာမယ့်ဇန်န၀ါရီ (၁၉) MPU ညီလာခံကြီးမှာ ...

(က) "အမျိုးသားရေး"လုပ်ငန်း (National cause ) တရပ်ဖြစ်သည့်အတွက် NCGUB အနေနဲ့ အလေးအနက် ထား၍ ဆောင်ရွက်သင့်သည်။
(ခ) စတင်ဖွဲ့စည်းစဉ်က ရရှိခဲ့သော တပ်ပေါင်းစုအခြေခံများ အသိအမှတ်ပြုထောက်ခံခြင်းကို ဆက်လက်ရရှိ စေရန် ကြိုးပမ်းသင့်သည်။
(ဂ) မိမိကိုယ်ကိုယ် တရားဝင်ဖြစ်စေလျက် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူများအပါအ၀င် ပြည်သူလူ ထုတရပ်လုံးကို ကိုယ်စားပြုနိုင်ရန် ကြိုးပမ်းသင့်သည်။
(ဃ) ရဲ့ဝံ့ခိုင်မာသည့် ဦးဆောင်မှုဖြင့် တိုက်ပွဲဝင်အစိုးရတရပ် အဆင့်သို့ တက်လှမ်းသင့်သည်။
(င) အထက်ပါ ၄ ချက်ကို ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာလျှင်သော်လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ဆန္ဒမရှိလျှင်သော်လည်းကောင်း လက်ရှိ (ကက်ဘိနက်) ဖျက်သိမ်းသင့်သည် … ... လို့ လည်း ဝေဖန်ခဲ့ကြတယ်။

NLD(L.A) ၏ သဘောထား

NLD(L.A) က မိမိ၏ သဘောထားကို ပြည်တွင်းရှိ အဖွဲ့ချုပ်ခေါင်းဆောင်များမှ ရယူဆောင်ရွက်လျက်ရှိသည်။ မိမိတို့အနေဖြင့် MPU မှ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂတွင် နအဖအစိုးရ၏ တည်ရှိမှုကို စိန်ခေါ်သည့်လုပ် ငန်းအား နိုင်ငံရေးအရ ထောက်ပံ့ပေးသွားမည်။ ယခုကျင်းပသော MPU ညီလာခံကို အရေးကြီး အစည်းအ ဝေးတခုအဖြစ် မြင်သည်။

စင်ပြိုင်အစိုးရတရပ် ထူထောင်၍ ၄င်း၏ ပေါ်လစီများကို ချမှတ်လုပ်ဆောင်ရန် မူလက NCUBသည် လွှတ် တော်တရပ်အသွင်ရှိကြောင်း၊ တချိန်တွင် တိုင်းရင်းသားများဖြင့် တိုးချဲ့ရန် မူအားဖြင့် သဘောတူထားခဲ့ ကြောင်း၊ နောက်ပိုင်းတွင် MPU သည် NCGUB ကို တာဝန်ခံ၍ အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့သော ကြောင့် MPU သည် လွှတ်တော်တရပ်အသွင် ဆောင်လာခဲ့ပါသည်။

ယခုအခါ NCGUB ၏ မူလသဘောထား ရပ်တည်ချက်များ တဖြည်းဖြည်း ပြောင်းလဲလာ၍ တိုင်းရင်းသားများ ၏ သဘောထားအမြင်နှင့် တဖြည်းဖြည်း ကင်းကွာလာသည်ကို တွေ့ ရပါသည်။ ယင်းအခြေအနေကို ပြန်လည် ကုစားရန် NCGUB ၏ ပေါ်လစီဆိုင်ရာများကို လွှတ်တော်အသွင်ဆောင်နေသော လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော MPU ဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပါသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသား များ၏ ခံစားချက် ရပ်တည်ချက်များ အလေးအနက်ထား၍ ညှိနှိုင်းဆောင်ရွက်ရန်နှင့် အားကောင်းသော အစိုး ရတရပ် ဖြစ်လာစေရန် ဆောင်ရွက်သင့်သည်။ ထို့အတူ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများ၏ စွန့်လွှတ်အ နစ်အနာခံမှုတန်ဖိုးများကို အလေးအနက်ထားသင့်သည်။ ပြည်တွင်းရှိ NLD အဖွဲ့ချုပ်၏ မူဝါဒများနှင့် လုပ်ငန်း စဉ်များကို အလေးအနက်ပြုဆောင်ရွက်၍ နိုင်ငံတကာသို့ ထိုးဖောက်ရန် လုပ်ဆောင်သင့်သည်။ MPU သည် ပြည်သူ့လွှတ်တော်တရပ်ဖြစ်ကြောင်း NLD (L.A) မှ သဘောထားပေးခဲ့သည်။

NCUB က NCGUB ကို ဘယ်လိုဝေဖန်သလဲ

(၁) ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးတွင် တသွေး တသံ တမိန့် ပုံစံဖြင့် လုပ်ဆောင်သည့် အကြွင်းမဲ့ညီညွတ်ရေး ဟူသည် မရှိနိုင်ပါ။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရသည် လူတစုက မိမိတို့ဘာသာ စုစည်းပျိုးထောင်ပြီး ပေါ်ပေါက်လာသည့် အဖွဲ့အစည်းမဟုတ်။ ၁၉၈၉- ၉၀ ခုနှစ်များ က အင်အားကြီးမားခဲ့သော မြန်မာပြည် ဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ကြီးအနေဖြင့် စင်ပြိုင်အစိုးရအဖြစ်တိုက်ပွဲဝင်ရန် ဖော်ဆောင်ထားသော လုပ် ငန်းစဉ်တရပ်သာ ဖြစ်သည်။ ထိုအချိန်က ချမှတ်ခဲ့သော လုပ်ငန်းစဉ်ကြီးကို ၉၀ ခုနှစ် ရွေးကောက်ခံကိုယ်စား လှယ်များ၊ တိုင်းရင်းသားတို့၏ လွတ်မြောက်နယ်မြေသို့ရောက်ရှိလာစဉ် လွှဲပြောင်းပေးခဲ့၍ အကောင်အထည် ဖော်စေခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန် ပေါင်းအစိုးရသည် လူတစု (သို့မဟုတ်) ယင်းအစိုးရအဖွဲ့တွင် တာဝန်ယူဆောင်ရွက်နေသော လွှတ်တော်ကိုယ်စားလှယ်အချို့၏ ကိုယ် ပိုင်ပစ္စည်း မဟုတ်ချေ။

တချိန်တည်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရဟူသော အမည်တလုံးကို နိုင်ငံတ ကာတွင် အခက်အခဲကြားမှ စွမ်းဆောင်အားထုတ်ခဲ့သော သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျွမ်း ကျင်သူများကို လေးစားအသိအမှတ်ပြုသည်။ သို့သော် ထိုအစိုးရအမည်ကိုကိုင်စွဲကာ လူတစုခန့်မျှဖြင့် ဘဏ္ဍာ ငွေကြေးများကိုလည်းကောင်း၊ မူဝါဒရေးရာများကိုလည်းကောင်း၊ မဟာဗျူဟာလုပ်ငန်းစဉ်များကိုလည်း ကောင်း၊ စီမံခန့်ခွဲလုပ်ဆောင်နေခြင်းမျိုးဖြစ်လျှင် မသင့်တော်ချေ။ မဖြစ်သင့်ပေ။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရသည် ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် ယင်းကို မွေးဖွားပေးလိုက်သည့် နိုင်ငံရေးတပ် ပေါင်းစု အဖွဲ့အစည်းကြီးများကို တာဝန်ခံရန် လိုအပ်သော အစိုးရဖြစ်သည်။ တာဝန်ခံမှုကို လက်တွေ့ပြသရန် လည်း အချိန်ရောက်ပြီဖြစ်သည်။ အမျိုးသားညီညွတ်ရေးလွှတ်တော်ဟု MPU ကို သတ်မှတ်ပြီး ဖွဲ့စည်းဖော် ဆောင်သွားရန် MPU က ကြိုးပမ်းသွားရမည်ဖြစ်သည်။ ထိုအမျိုးသားညီညွတ်ရေးလွှတ်တော်မှ အမျိုးသား ညီညွတ်ရေးအစိုးရသို့ ဦးတည်ဖွဲ့စည်းသွားရန် ယနေ့လိုအပ်နေပြီ ဖြစ်သည်။

ဝင်းထိန်

အညွန်း ။ ။ * + **နေဇင်လတ်၏ “၀မ်းသာဖြစ်ရတယ်” ဆောင်းပါးမှ အချက်အလက်များ၊ ကိုးကားဖော်ပြ ထားပါသည်။ ( ၂၀၀၉ ဇန်န၀ါရီ၊ ရွှေအမြုတေ)

No comments: