ကျိန်စာ
စံညိမ်းဦး
အချစ်နဲ့ ပေါင်မုန့်မှာ
ကျနော်ဟာ ရေမကူးတတ်ခဲ့ပါဘူး
အချစ်က ကျနော့်နှလုံးသားပေါ်မှာ ပန်းခွေချတယ်
ပေါင်မုန့်က ကျနော့်သွေးကြောမျှင်တွေကို တစ်စစီကိုက်ဖြတ်တယ်။
ဒီလိုနဲ့ပဲ
ဘ၀မှာ …
သမိုင်းဦးဘုံမြေခေတ်မှအစ
လာမယ့်တနင်္ဂနွေအဆုံး
အရှူံးတွေနဲ့ လေခို
ပုလင်းကျကွဲသံလို ပြုံးခဲ့ကြရတာပေါ့ မေမေရယ်။
ခုလို …
ဖွဲမီးနဲ့တူတဲ့ အလွမ်းတွေ
ဓားမြှောင်တစ်လက်နဲ့ တကောက်ကောက်လိုက်လာမှ
ကျနော်ဟာလည်း
ဖုန်မှုန့်တွေကို ခါချချင်ပြီတဲ့ … (ရပါ့မလား)
ကျနော်ဟာလည်း
ငါးမျှားတံကို လွှင့်ပစ်ချင်ပြီတဲ့ … (ရပါ့မလား)
တစ်ညတာ အိပ်မက်များထဲ
တစ်သက်စာ လိမ့်ကျခဲ့ပြီ။ ။
စံညိမ်းဦး
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈ ခုနှစ်)

No comments:
Post a Comment