Wednesday, January 14, 2009

ဆောင်းတွင်း အိပ်မက်များ (ကဗျာ)

ဆောင်းတွင်း အိပ်မက်များ
ထွဏ်းသွေးအိမ်

ကျနေတဲ့ နှင်းတွေလို
နောက်ဆုံး
ကျနော့်ဘ၀ကလည်း မှုန်ဝါးသွားလိုက်တာ
လမ်းလျှောက်ရင်း
ရပ်နေတဲ့ကားကို ၀င်တိုက်သည်ထိ။

အမေ့ကိုလည်း လွမ်းချိန်မရဘူး
ရွာကိုလည်း လွမ်းချိန်မရဘူး။

ဘယ်သူက ဘယ်သူ့အပေါ်မှီပြီး
ဘယ်သူက ဘယ်သူ့အပေါ်မှီတယ်ဆိုတာ
ခန့်မှန်းရခက်တဲ့ လောက။

ခုချိန်ထိ
ဂေါ်သဇင်ဖူးတို့က ပွင့်ရိပ်ပြမလာဘူး။

သေချာပါတယ်
အပူမီးတောက်တွေနဲ့ ရင်ဘတ်တွေထဲ
ဒီဆောင်းရဲ့ အအေးဒဏ် မဖြတ်နိုင်ဘူးဆိုတာ။

စကားများများပြောရန် မလိုတော့ပါ
ညတာရှည်ရှည်ညများ
ကျနော့်လိုချင်မှုများ။

ဆိုလိုရင်းက
နွေမကူးခင်
အိပ်မက်ကို အပြီးသတ်ဖို့ …။ ။

ထွဏ်းသွေးအိမ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၀၂ ခုနှစ်)

No comments: