Saturday, January 10, 2009

ဂန္ဒီခန်းမ၊ စင်ပြိုင်အစိုးရနှင့် ဘ၀တကွေ့ နိုင်ငံရေး (အပိုင်း - ၃)

ချစ်တင် (မင်းလှ - မကွေးတိုင်း)

အင်းစိန်ထောင်ဘူးဝသို့ ရောက်သည့်အခါ ကားပေါ်မှ ဆင်းခိုင်းပြီး အင်းစိန်ထောင်ဘူးဝမှ ငုံ့၍ အထဲသို့ဝင်ရပြီး ထောင်ဘူးဝအတွင်းရောက်မှ ခေါင်းမှအစွပ်များကို ချွတ်ပေးပြီး ငုတ်တုတ်ထိုင်ခိုင်းပါတော့သည်။ ၎င်းနောက် တဦးချင်းနာမည်ခေါ် စစ်ဆေးပြီးနောက် အင်းစိန်ထောင်မကြီးဘေးဘက်ရှိ သီးသန့်ထောင်သို့ ပို့လိုက်ပါတော့ သည်။

သီးသန့် (တွဲဖက်) ထောင်တွင် နှစ်ထပ်တိုက် တန်းလျားကြီး (၂) ခုရှိပြီး ကျနော်တို့အား ယိုးဒယား ငါးခိုးသူ သဘောင်္သားများထားသည့် အဆောင် (၁) အောက်ထပ် အခန်းတခုအတွင်း၌ ချုပ်နှောင်ထားလိုက်ပါသည်။ ကျွန်ုပ်နှင့်အတူ ဦးစောလှိုင် (အင်းတော်)၊ ဒေါက်တာဇော်မြင့် (ဟင်္သာတ)၊ ဦးသိန်းဖေ (ကန့်ဘလူ) တို့အား (၁၃) ပေပတ်လည်ရှိ အခန်းတခန်းတွင် ချုပ်နှောင်ခဲ့ပါသည်။

အခန်းအတွင်းတွင် နှီးချောဖျာအစုတ် (၃) ချပ်ခင်းထားပြီး အခန်းထောင့်၌ အင်တုံတလုံးနှင့် စားသောက်ပြီး သွန်ထားခဲ့သော လုံးတီးဆန်အကြမ်း(နီကြောင်ကြောင်အရောင်နှင့်)များကို မြင်တွေ့ခဲ့ရပါသဖြင့် ပျို့ပြီးအန် ချင်စိတ် ပေါ်ပေါက်လာပါတော့သည်။ ဒေါက်တာဇော်မြင့်ကမူ ၈၈၈၈ အရေးအခင်းအပြီး ဟင်္သာတထောင် တွင် အထိန်းသိမ်းခံရစဉ်က ထောင်အတွေ့အကြုံရှိသဖြင့် လုံးတီးဆန်ကို ချက်ချင်းမစားဘဲ တခါစားလျှင် သုံး လုတ် လေးလုတ်လောက်နှင့်သာ စ၍စားရန် အကြံပြုပါသည်။

ကျွန်ုပ်မှာစ၍ ဖမ်းဆီးစဉ်အခါကတည်းက အ၀တ်တထည် ကိုယ်တခုသာပါလာ၍ ညအိပ်သည့်အခါတွင် ခြုံစ ရာ စောင်မရှိပါ။ မိမိစီးသော ဖိနပ်ကိုသာ ခေါင်းအုံး၍ အိပ်ရပါတော့သည်။ ထောင်ပိုင်နှင့် ဆရာဝန်များ လှည့် လည်၍ စစ်ဆေးကြည့်ရှုသည့်အခါတိုင်း အ၀တ်အစားအပိုမပါ၍ ထောင်အင်္ကျီနှင့် စောင်ကို တောင်းသော် လည်း လုံးဝမပေးခဲ့ပါ။

နံနက်ပိုင်းတွင် ကျင်ကြီးစွန့်ရန်အတွက် တကြိမ်၊ ရေချိုးရန်အတွက် တကြိမ် စုစုပေါင်း (၂) ကြိမ်သာ အခန်းတံ ခါးကို ဖွင့်ပေးပြီး တကြိမ်လျှင် (၁၀) မိနစ်ခန့်သာ အချိန်ပေးပါသည်။ (၂၄) နာရီလုံးလုံး အခန်းတံခါးကို ပိတ် ထားပြီး တနေ့လျှင် မိနစ် (၂၀) ခန့်သာ အခန်းအပြင်တွင် နေရပြီး မြေကြီးနှင့် ထိတွေ့ချိန်ရပါသည်။

အင်းစိန်သီးသန့်(တွဲဖက်)ထောင်တွင် ကျွန်ုပ်တို့အား ချုပ်နှောင်ထားရှိပြီး မိသားစုနှင့် မတွေ့ရဘဲ အဆက်အ သွယ် လုံးဝဆက်သွယ်ခွင့်မပေးပါ။ မိသားစုထံမှလည်း မည်သည့်ပစ္စည်းမျှ ပေးပို့ခွင့်မရဘဲ ဖြတ်တောက်ထား ခဲ့သည်မှာ ငါးလခန့်ကြာမြင့်ခဲ့ပါသည်။ ယင်းကာလအတွင်း ထောင်မှပေးသော၊ ပဲဟင်း၊ ငါးပိနှင့် တာလပေါ ဟင်းချို၊ လုံးတီးဆန်ကိုသာ စား၍နေရပါသည်။ တပတ်လျှင် ဗုဒ္ဓဟူးနေ့တနေ့တွင်သာ ငါးကျော်တပိုင်း ပေးပါ သည်။ ၎င်းငါးကျော်ကို ချွေတာ၍ (၂) ရက် စားသုံးနိုင်ခဲ့ပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့ နေ့လယ်ပိုင်းတွင် ကျွန်ုပ်တို့အားလုံးကို အခြားသူများမမြင်အောင် စောင်များဖြင့် ခေါင်းပေါ်တွင်အုပ်လျက် ထောင်ဘူးဝအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ထောင်ပိုင်ရုံးခန်းအတွင်းတွင် တ ရားသူကြီးတဦး ထိုင်နေသည်ကို တွေ့ရပြီး ရုံးခန်းအတွင်းတွင် မန္တလေး၌ အစည်းအဝေးတက်ရောက်သူများအ ပြင် အခြားအန်အယ်လ်ဒီအမတ်များ၊ မိမိမသိသောသူများပါ တွေ့ရှိရပြီး အနားတွင် မှုခင်းတပ်ဖွဲ့မှ အမျိုးသား အရာရှိ၊ အမျိုးသမီးအရာရှိများလည်းတွေ့ရှိခဲ့ရပါသည်။ တရားသူကြီးမှ ကျွန်ုပ်တို့အားစွဲဆိုသောပြစ်မှုမှာ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) နှင့် (၁၂၄) အရ ဦးချစ်တင်(ပါ) (၃၅) ဦးအား တရားစွဲဆိုကြောင်း တရားခံများ၏ အမည်နှင့် တရားစွဲဆိုရသည့် အမှုအကြောင်းအရာ အကျဉ်းချုပ်ကို ဖတ်ကြားရှင်းလင်းပါသည်။

ကျွန်ုပ်တို့မှ တရားခံစာရင်းတွင် ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းပါဝင်သော်လည်း ယခုရုံးရှေ့တွင် ထိုပုဂ္ဂိုလ်ကို မတွေ့ရကြောင်း မေးမြန်းသည့်အခါ သွေးကင်ဆာနှင့် ဆေးရုံတင်ထားကြောင်း တရားသူကြီးမှ ပြောခဲ့ပါသည်။ (၁၈၊ ၁၊ ၉၀) ရက်နေ့ နံနက်ပိုင်းတွင် ခရမ်းဦးတင်မောင်ဝင်း ကွယ်လွန်သွား ကြောင်း ထောင်ထဲတွင် သတင်းရရှိပါသည်။ ထိုအချိန်က ဦးတင်မောင်ဝင်းကို ကျွန်ုပ်တို့နေသော တိုက်ခန်း များမှာ မထားဘဲ၊ ကျွန်ုပ်တို့နေသော အဆောင်နှင့် မလှမ်းမကမ်း နောက်ကြောဖက်တွင်ရှိသော ကြိးတိုက်အ ခန်းများတွင် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦးတို့နှင့် ထားရှိခြင်းဖြစ်ပါသည်။ (နောင်တချိန် ထောင်ကျသောအခါ ဦးခင်မောင်ဆွေ ပြောပြချက်အရ သိရှိရသည်မှာ ဦးတင်မောင်ဝင်းမှာ သွေးဝမ်းသွားခြင်းကို ဆေးမပေးဘဲ ထားခြင်းအပေါ် ယခုကဲ့သို့ အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(၂၉၊ ၁၊ ၉၀) ရက်နေ့ အင်းစိန်ထောင်မှူးရုံးခန်းအတွင်းသို့ ဒုတိယအကြိမ် ရုံးထုတ်သောအခါတွင် တရားခံ ဦး တင်မောင်ဝင်း၏ နာမည်မဖတ်ကြားတော့ဘဲ တရားခံအသစ်တဦးအဖြစ် ဦးစောနေဒွန်း (ပေါက်ခေါင်း အန် အယ်လ်ဒီဥက္ကဌ) အမှုတွဲတွင် ပါလာပါတော့သည်။

ထောင်အတွင်း မိမိရောက်ရှိသောကာလမှာ ဆောင်းရာသီကာလဖြစ်သဖြင့် မိမိတွင် ခြုံစရာစောင်မပါသည့် အတွက် သန်းခေါင်ချိန်ရောက်၍ ချမ်းအေးလာသည့်အခါတိုင်း အခန်းထောင့် လေလုံသည့်နေရာတွင် သွား ရောက်ထိုင်နေရပြီး အေးချမ်းသည့်ဒဏ်ကို လပေါင်းများစွာ ဖြတ်သန်းကျော်လွှားခဲ့ရပါသည်။

ယင်းသို့ဖြင့် ထောင်အခန်းကျဉ်းလေးအတွင်းတွင် ဒုက္ခများစွာကိုရင်ဆိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် ကျော်ဖြတ် ခဲ့ရပါသည်။ ၁၉၉၁ ခုနှစ် ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်း ထမင်းစားပြီးချိန်လောက်တွင် ထောင်အာဏာပိုင် များမှ ပထမအစည်းအဝေး တက်ရောက်သူများဖြစ်သည့် ဒေါက်တာစိုးလင်း၊ ဦးဘဘွား၊ ဦးတင်အောင်အောင်၊ ဦးပိုက်ကို၊ ဦးကျော်သွင်၊ ဦးခင်မောင်သိန်း၊ ဦးသောင်းမြင့်၊ ဦးမြင့်ကြည်၊ ဒေါက်တာမြင့်နိုင်၊ ဦးသိန်းဖေတို့အား စောင်များဖြင့် ဦးခေါင်းများကို အုပ်ပြီး ခေါ်ဆောင်သွားပါတော့သည်။ ထိုသူများမှာ မိမိတို့အခန်းများသို့ ပြန်မ လာကြတော့ဘဲ နောက်ထပ် (၂) နာရီခန့်အကြာတွင် ဒုတိယနေ့ အစည်းအဝေး တတ်ရောက်သူများဖြစ်သည့် ဒေါက်တာဇော်မြင့်၊ ဦးသာဆိုင်၊ ဒေါက်တာမောင်မောင်လတ်၊ ဦးသိန်းထွန်း၊ ဦးရဲထွဋ်၊ ဦးအောင်ဆန်းမြင့်နှင့် ဦးစောလှိုင်တို့၏ နာမည်များခေါ်၍ အခန်းအပြင်သို့ခေါ်ထုတ်သည့်အခါကျမှ မိမိတို့အမှုအား နေ့အလိုက်တက် ရောက်သူများကို အစုခွဲ၍ ရုံးထုတ်ပြီး၊ အမိန့်ချနိုင်သည်ဟု တွက်ဆမိပါတော့သည်။

ဒုတိယနေ့အစည်းအဝေး တက်ရောက်သူများအားခေါ်သွားပြီးနောက် ကျွန်ုပ်တို့ Hard-core ထဲမှ လေးဦးသာ ကျန်နေပါတော့သည်။ ထိုအချိန်တွင် အခန်းဘေးရှိ ကိုမြ၀င်း (အင်္ဂပူ) မှ ကိုယ်တို့ Hard-core တွေကိုတော့ သေဒဏ်ပေးလိမ့်မည်ဟု လှမ်းပြောပါသည်။ ကျနော့်အတွေးမှာတော့ ရက်အပိုင်းအခြားအလိုက်ခွဲပြီး ခေါ်နေပုံ ကို ကြည့်ခြင်းအားဖြင့် ပြစ်ဒဏ်မှာ တမျိုးတစားတည်း မဖြစ်နိုင်ဟု တွက်ဆမိကာ ဖြစ်သမျှအကြောင်း ရင်ဆိုင် ရန်မှလွဲ၍ အခြားအကြောင်းမရှိတော့ပါ။ (၈၊ ၈၊ ၈၈) အရေးအခင်းကာလအတွင်းက ဖြစ်ခဲ့သောအမှုအချို့တွင် တရားခံအချို့မှာ သေဒဏ်များ ချမှတ်ပေးထားသော်လည်း တဦးတယောက်ကိုမျှ အစိုးရက ကြိုတင်၍ သေ ဒဏ်မပေးသေးပါ။

ထိုအဖြစ်အပျက်ကိုကြည့်ပြီး မိမိကိုယ်မိမိ အားတင်းပေးထားရပါသည်။ စိတ်ဓာတ်အကျမခံပါ။ စိတ်ဓာတ်ကျ လျှင် ထောင်ထဲတွင် ခြေထောက်နှင့် မထွက်ရဘဲ ခေါင်းနှင့်ထွက်ရမည်ဟု ၀ါရင့်ထောင်ကျ နိုင်ငံရေးသမားကြီး များ၏ သြ၀ါဒအတိုင်း ကျင့်ကြံနေထိုင် အားထုတ်ရပါသည်။

ညနေ(၃)နာရီခန့်တွင် ကျန်ရှိသော ကျွန်ုပ်တို့လေးဦးဖြစ်သည့် ဦးမြ၀င်း၊ ဦးလှထွန်း၊ ဦးထွန်းအောင်နှင့် ကျွန်ုပ် တို့အား ခေါ်ဆောင်သွားခဲ့ပါသည်။ သီးသန့်ထောင်မှ အထွက်တွင် ကားဖြင့် ခေါ်ဆောင်သွားပြီး ထောင်မကြီး နှင့် သီးသန့်ဆောင်ကြားတွင်ရှိသော အဆောက်အဦတခုသို့ ပို့ဆောင်ခဲ့ပါသည်။ ထိုအဆောက်အဦတွင် (၁၅) မိနစ်ခန့် ထိုင်စောင့်နေရပြီး ခဏအကြာတွင် ၎င်းအနီးအနားရှိ အဆောက်အဦကြီးတခုအတွင်းသို့ ထပ်မံခေါ် ဆောင်သွားခဲ့ပါသည်။ ယင်းအဆောက်အဦမှာ ထောင်အတွင်းတွင် သီးခြားအမှုများ စစ်ဆေးရန် ပြုလုပ်ထား သည့် ထောင်အတွင်း တရားရုံးဖြစ်ပါသည်။

ထောင်တွင်းတရားရုံးတွင် စစ်ယူနီဖောင်းများဝတ်ထားသည့် ပုဂ္ဂိုလ် (၃) ဦး ထိုင်နေသည်ကို တွေ့ရ၍ စစ်ခုံရုံး ဖြင့် ကျွန်ုပ်တို့အမှုအား စစ်ဆေးတော့မည်ဟု သိလိုက်ရပါသည်။ အမှုစွဲတင်စဉ်က ရန်ကုန်တိုင်းတရားရုံးတွင် စွဲတင်ခဲ့သော်လည်း လွှဲပြောင်းလိုက်ခြင်းဖြစ်ပါသည်။

အဆောက်အဦစင်မြင့်အလယ်တွင် ယူနီဖောင်းဖြင့် ဒုဗိုလ်မှူးကြီးတဦးထိုင်ပြီး ၎င်းလက်ဝဲ၊ လက်ယာဘက်တွင် ရေတပ်ယူနီဖောင်းနှင့် ဗိုလ်မှူးတဦး၊ လေတပ်ယူနီဖောင်းနှင့် ဗိုလ်မှူးတဦးတို့ထိုင်လျက် နေရာယူပြီး ကျွန်ုပ်တို့ လေးဦးအား မတ်တပ်ရပ်ခိုင်းထားပါသည်။ ကျွန်ုပ်တို့၏ လက်ဝဲဘက်တွင် မှုခင်းတပ်ဖွဲ့မှ ပုဂ္ဂိုလ် (၄-၅) ဦးခန့် ထိုင်လျက်နေရာယူထားပါသည်။

ပထမဦးစွာ မှုခင်းတပ်ဖွဲ့မှ အရပ်ဝတ်ဖြင့် ပုဂ္ဂိုလ်တဦးက ကျွန်ုပ်တို့မန္တလေးတွင် လျှို့ဝှက်အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပြောကြားခဲ့သည့် အကြောင်းအရာများကို ဖတ်ကြားပြီး သက်သေခံချက်ပေးပါသည်။ ရေ ကြည်အိုင် စစ်ကြောရေးစခန်းတွင် စစ်ဆေးချက်များထဲမှ ထုတ်နုတ်၍ သက်သေခံသွားခြင်းဖြစ်ပါသည်။ ၎င်း သက်သေခံချက်များ ဖတ်ကြားသွားသည်မှာ မိနစ်(၂၀) ခန့် ကြာမည်ထင်ပါသည်။

ဒုတိယအရပ်ဝတ်ပုဂ္ဂိုလ်တဦးက ဆက်လက်၍ သက်သေခံချက်ပေးရာတွင် ဒေါက်တာစိန်ဝင်းနှင့်အဖွဲ့ မာနယ်
ပလောတွင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ(၁၈) ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသွားကြောင်း သတင်းစာများတွင်ပါလာသည့် သတင်းနှင့် ဓာတ်ပုံများပါသည့် သတင်းစာများကို သက် သေခံ တင်သွင်းသွားပါသည်။ ကျွန်ုပ်တို့ (၄) ဦးမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန် ကြောင်း သက်သေထွက်ဆိုသွားပါသည်။

ချစ်တင် (မင်းလှ-မကွေးတိုင်း)
(၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)

1 comment:

Sit Ko Naing said...

I am not sure this is the truth story of the Provisional Goverment. He said he is hard-core and full of sefl writing. Actually U BO HLA TINT and U THEIN OO know the truth story.