Sunday, January 11, 2009

ဂန္ဒီခန်းမ၊ စင်ပြိုင်အစိုးရနှင့် ဘ၀တကွေ့ နိုင်ငံရေး (အပိုင်း - ၄)

ချစ်တင် (မင်းလှ - မကွေးတိုင်း)

စင်မြင့်ပေါ်တွင် ထိုင်နေသော ကြည်းတပ်ယူနီဖောင်း ၀တ်ထားသည့် ပုဂ္ဂိုလ်မှ ရန်ကုန်တိုင်း စစ်ခုံရုံးပြစ်မှုကြီး အမှတ် ၃၅၄၉/စခ-၉၀ ဖြင့် ဦးချစ်တင်၊ ဦးလှထွန်း၊ ဦးမြ၀င်းနှင့် ဦးထွန်းအောင်တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂ (၁) ကို ဖောက်ဖျက်ကျူးလွန်သဖြင့် အပြစ်ရှိ-မရှိ မေးမြန်းပါသည်။

ကျန်ုပ်တို့မှ သက်သေများအား အပြန်အလှန် စစ်မေးခွင့်ပေးရန် ပြောကြားတောင်းဆိုသော်လည်း လက်မခံဘဲ ငြင်းပယ်ခဲ့ပါသည်။ ၎င်းမေးမြန်းသည့် အပြစ်ရှိ-မရှိကိုသာ ၀န်ခံခိုင်းပါသည်။ အရပ်ဘက်တရားရုံးများ စစ်ဆေး သည့် အမှုများ၏ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအတိုင်း လိုက်နာကျင့်သုံး၍ စစ်ဆေးခြင်းမပြုဘဲ၊ တရားလိုနှင့် တရားလိုပြသက်သေတဦး၏ ထွက်ဆိုချက်များကို နားထောင်ပြီး အပြစ်ရှိ-မရှိကိုသာ ဖြေကြားခိုင်းပါတော့ သည်။

ကျွန်ုပ်တို့ (၄) ဦးစလုံးမှ မိမိတို့တွင် အပြစ်မရှိကြောင်း ၀န်မခံကြောင်း ပြောကြားလိုက်ပါသည်။ ထို့နောက် စစ် ခုံရုံးမှ ကျွန်ုပ်တို့ (၄) ဦးမှာ နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) အရ အလုပ်နှင့် ထောင်ဒဏ် (၂၅) နှစ်၊ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အမိန့်ကို ဖတ်ကြား သွားပါတော့သည်။

ကျွန်ုပ်မှာ အမိန့်ဖတ်]ကားစဉ်က (၂၅) နှစ်ဟု အသံကြားလိုက်ကတည်းက စိတ်ထဲတွင် ကျေနပ်ဝမ်းသာသွား ပါသည်။ ငါသေဒဏ်အပြစ်မခံရဘူးဟု ခံစားမိပါသည်။ ထို့နောက် ကျွန်ုပ်တို့ (၄) ဦးအား အင်းစိန်ထောင်မကြီး ထဲရှိ အဆောင်တဆောင်သို့ ခေါ်ဆောင်သွားတော့သည်။ ထိုနေရာတွင် စောစောပိုင်းက ခေါ်ထုတ်သွားသည့် ကျွန်ုပ်တို့အမှုတွဲမှ ရဲဘော်များနှင့် တွေ့သည့်အခါ ၎င်းတို့မှ လှမ်းပြီး သေဒဏ်လားဟုမေးရာ မဟုတ်ဘူး (၂၅) နှစ်ဟု ပြန်ပြောပြသည့်အခါ ၎င်းတို့မှ ၀မ်းသာသွားကြပြီး ၎င်းတို့အားလုံးလည်း (၂၅) နှစ်ပင်ဖြစ်ကြောင်း၊ ၎င်း တို့အား (၂၅) နှစ်ချ၍ ကျွန်ုပ်တို့အား သေဒဏ်ပေးလိမ့်မည်ဟု တွက်ဆစိုးရိမ်နေကြောင်း ပြန်ပြောပါသည်။ ပုဒ်မ (၁၂၄) ဖြင့် စွဲဆိုခံရသူများသည် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရကြောင်း သိရပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၄) မှာ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့် စပ်လျဉ်း၍ ထိန်ချန်ခြင်း ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) ဖြင့် ထောင်ဒဏ်အပြစ်ပေးခံရသူများမှာ ဦးချစ်တင် (မင်းလှ၊ မကွေးတိုင်း)၊ ဦးလှထွန်း (ကြည့်မြင်တိုင်၊ ရန်ကုန်တိုင်း)၊ ဦးမြ၀င်း၊ (အင်္ဂပူ-၁ ဧရာဝတီ)၊ ဦးထွန်းအောင် (ရေတာရှည်-၂ ပဲခူး တိုင်း)၊ ဦးရဲထွဋ် (ဒိုက်ဦး-၁ ပဲခူးတိုင်း)၊ ဦးသိန်းထွန်း (သဲကုန်း၊ ပဲခူးတိုင်း)၊ ဦးအောင်ဆန်းမြင့် (မြိုင်-၁ မကွေး တိုင်း)၊ ဦးစောလှိုင် (အင်းတော် စစ်ကိုင်းတိုင်း)၊ ဦးမြင့်ကြည် (ကသာ၊ စစ်ကိုင်းတိုင်း)၊ ဦးခင်မောင်သိန်း (ခင်ဦး -၁ စစ်ကိုင်းတိုင်း)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူ-၂ စစ်ကိုင်းတိုင်း)၊ ဒေါ်ခင်စန်းလှိုင် (၀က်လက် -၂ စစ် ကိုင်းတိုင်း)၊ ဒေါ်စန်းစန်း (ဆိပ်ကမ်း-ရန်ကုန်တိုင်း)၊ ဒေါ်စန်းစန်းဝင်း (အလုံ-ရန်ကုန်တိုင်း)၊ ဦးလှသန်း (ကိုး ကိုးကျွန်း -ရန်ကုန်တိုင်း)၊ ဒေါက်တာ မောင်မောင်လတ် (သာကေတ-ရန်ကုန်တိုင်း)၊ ဦးသာဆိုင် (တွံတေး-၁ ရန်ကုန်တိုင်း)၊ ဦးကျော်သွင် (ခရမ်း-၁ ရန်ကုန်တိုင်း)၊ ဒေါက်တာဇော်မြင့်မောင် (အမရပူရ-၁ မန္တလေးတိုင်း)၊ ဦးဘဘွား (အမရပူရ-၂ မန္တလေးတိုင်း)၊ ဒေါက်တာစိုးလင်း (မန္တလေးအနောက်တောင်-၁ မန္တလေးတိုင်း)၊ ဦး တင်အောင်အောင် (မန္တလေးအနောက်မြောက် - ၁၊ မန္တလေးတိုင်း)၊ ဦးပိုက်ကို (ပခုက္ကူမြို့နယ်၊ စည်း-မကွေး တိုင်း)၊ ဒေါ်အုန်းကြည် (မြစ်သား -၁ မန္တလေးတိုင်း)၊ ဒေါ်ဝင်းမေ (စစ်ကိုင်းတိုင်း စည်းရုံးရေးမှူး) ဒေါက်တော ဇော်မြင့် (ဟသာင်္တ-၂ ဧရာဝတီတိုင်း) တို့ဖြစ်ကြပြီး၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၄) ဖြင့် ထောင်ဒဏ် (၁၀) နှစ် ကျခံရသူများမှာ ဦးခင်မောင်ထွေး (စမ်းချောင်း ရန်ကုန်တိုင်း)၊ ဦးစိန်လှဦး (အင်းစိန်-ရန်ကုန်တိုင်း)၊ ဦး နိုင်းနိုင်း (ပုဇွန်တောင်-ရန်ကုန်တိုင်း)၊ ဦးဖေအောင်လင်း(ရန်ကုန်)၊ ဦးတင်မောင်ဝင်း (ခ) လေးကိုတင် (ဧရာဝ တီတိုင်း)၊ ဦးစောနေဒွန်း (ဥက္ကဋ္ဌ-ပေါက်ခေါင်းမြို့နယ် စည်းရုံးရေးအဖွဲ့ ပဲခူးတိုင်း) ဒေါ်ရွှေဝါစိုး (ရန်ကုန်) တို့ ဖြစ်ကြပါသည်။

စင်ပြိုင်အစိုးရဖွဲ့စည်းရေးတွင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ရဲဘော်အသီးသီးမှ ဦးမောင်ကိုမှာ ရေကြည်အိုင်စစ် ကြောရေးစခန်းတွင် စစ်ဆေးခံရစဉ်၊ (၉၊၁၁၊ ၉၁) နေ့တွင် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အသက်ဆုံးရှုံးခဲ့ပါ သည်။ ခရမ်း (၂) ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းမှာ (၁၅၊ ၁၊ ၉၁)နေ့ အမှုတွဲစတင်သော နေ့တွင် တရားခံစာရင်းတွင်ပါလာပြီး (၁၈၊ ၁၊ ၉၁)နေ့တွင် အင်းစိန်အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ရပါသည်။ ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းမှာ (၂၊ ၈၊ ၉၆) နေ့တွင် အင်းစိန်အကျဉ်းထောင်အ တွင်းတွင် သေဆုံးခဲ့ရပါသည်။

ထို့နောက် ကျွန်ုပ်တို့အမှုတွဲမှ ထောင်ကျသူအားလုံးအား ထောင်မှူး ဦးပုရုံးခန်းရှေ့ ကွက်လပ်သို့ ခေါ်ဆောင် သွားပြီး အားလုံးကို ငုတ်တုတ်ထိုင်ခိုင်းထားပြီး ထောင်ပုံစံပေးပါတော့သည်။ ထောင်ပုံစံမှာ ငုတ်တုတ်ထိုင်ပြီး ဒူးပေါ်သို့ လက်တင်ဆန့်တန်းပြီး ခေါင်းကို ငုံ့ထားရပါသည်။ ထောင်ပုံစံကို ထောင်ကျတဦးက နမူနာပြုလုပ်ပြီး ပုံစံထိုင်ခိုင်းပါတော့သည်။

၎င်းနောက် ကျွန်ုပ်တို့အား နိုင်ငံရေးသမားများထားသည့် အင်းစိန်ထောင်တိုက် (၅) နှင့် (၄) သို့ ခေါ်ဆောင် သွားကာ ကျွန်ုပ်၊ ဦးပိုက်ကို၊ ဦးတင်အောင်အောင်၊ ဒေါက်တာစိုးလင်း၊ ဦးခင်မောင်သိန်းတို့ (၅) ဦးအား တိုက် (၅) အခန်း (၉) တွင်ထားပြီး ကျန်ပုဂ္ဂိုလ်အသီးသီးအားလည်း တခန်းလျှင် (၅) ဦးကျ အသီးသီးတွင် ထားရှိပါ တော့သည်။ အခန်းမှာ (၁၃) ပေ ပတ်လည်ရှိ၍ ကျောတပြားချရုံသာရှိပါသည်။

ထောင်မှူးရုံးမှ ကျွန်ုပ်တို့အားထားရှိမည့် (၅) တိုက်သို့ သွားရာလမ်းတွင် (၆) တိုက်နှင့် (၅) တိုက်ကြား၌ ဘုရား လေးတဆူ တည်ထားကာ၊ ၎င်းအနားသို့ ဖြတ်သွားသည့်အခါ ထောင်ဝန်ထမ်း (၀ါဒါ) တဦးမှ ခင်ဗျားတို့အမတ် တွေကို ကျုပ်တို့က လွှတ်တော်ထဲသွားဖို့ ရွေးပေးလိုက်တာ၊ ဘာကြောင့် ထောင်ထဲရောက်လာကြတာလဲဟု လှမ်းမေးပါသည်။ စင်ပြိင်အစိုးရထောင်လို့ဗျို့ဟု လှမ်းနောက်လိုက်ပါတော့သည်။

ထောင်ကျပြီးနောက် အဆောင် (၅) တိုက်သို့ ရောက်ရှိသည့်အခါ စောစောပိုင်းတွင် ထောင်ကျနေသူ အန် အယ်လ်ဒီရဲဘော်များမှ ကျွန်ုပ်တို့အားလုံးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ထောင်ဝင်စာမရဘဲ ထောင်မှကျွေးသော ငါးပိ၊ ပဲဟင်း၊ တာလပေါ ဟင်းချိုနှင့်သာ (၅) လလုံး စားသောက်ခဲ့ရ သည့်အတွက် အားလုံးမှာ ပိန်ချုံးပြီး ခန္ဓာကိုယ် အလေးချိန်များ လျော့ကျကုန်ပါသည်။ တခါတရံ ပဲကြီးလှော် (၂) စေ့ဖြင့် ထမင်းတနပ်စားခဲ့ရသည့် ဘ၀နှင့်လည်း ကြုံတွေ့ခဲ့ရပါသည်။ ထိုနေ့ညက ရဲဘော်အသီးသီးမှ ၎င်း တို့ရှိ ဟင်းများကို မျှဝေပေးခဲ့ကြပါသည်။

ပြစ်ဒဏ်ချမှတ်ပြီးကြောင်း မိသားစုများ သိရှိသွားပြီး နောက်တနေ့တွင် ရန်ကုန်တွင် နေထိုင်ကြသော အချို့မိ သားစု ဇနီးသားသမီးများသည် ထောင်ဝင်စာလာရောက်တွေ့ကြပြီး အစားအသောက်နှင့် အ၀တ်အထည်အချို့ ပေးသွားသည့်အတွက် အသားကြော်၊ ဟင်းများနှင့် စားသောက်ခဲ့ရသဖြင့် (၅) လမျှ ငတ်နေသည့်အတွက် ငတ်ငတ်နှင့် ထမင်းစားကောင်းကြပါသည်။

ကျွန်ုပ်၏ ဇနီးမှာမူ အမိန့်ချမှတ်ပြီးကြောင်း သတင်းရရှိပြီး တပတ်အတွင်း ကျွန်ုပ်အား ထောင်ဝင်စာ လာတွေ့ ပါသည်။ အသားဟင်းအကြော်များ အပြည့်အစုံနှင့် အ၀တ်အစား စောင် ပစ္စည်းမျိုးစုံ ထိုအချိန်ကျမှရရှိပြီး၊ ည အချိန်ရောက်တိုင်း အေးသည့်ဒဏ်ကို စောင်မရှိဘဲ (၅) လမျှ အိပ်ခဲ့ရသည့်ဘ၀မှ စောင်ခြုံ၍ အိပ်ရသည့် ဘ၀ သို့ရောက်ရှိပြီး နောက်တခေါက် ထောင်ဝင်စာလာလျှင် ဂုံနီအိတ်အကြမ်းများ ယူဆောင်လာရန် မှာကြားရပါ သည်။

ထောင်ထဲတွင် အိပ်ရာခင်းအဖြစ် ဂုံနီအိတ်အကြမ်းများ ခင်း၍ အိပ်လျှင် အအေးသက်သာပါသည်။ ထောင်ထဲ တွင် ကျွန်ုပ်တို့ နေထိုင်ရစဉ်က ICRC မှ မြန်မာနိုင်ငံသို့ ရုံးလာရောက်၍ မဖွင့်သေးသဖြင့် အခင်းအဖြစ် ပျဉ်ခုံ များမရှိသေးပါ။ သမံတလင်းများအပေါ် ဖျာကြမ်းတချပ်ခင်း၍ ယင်းအပေါ်မှ ဂုံနီအိတ်ကြမ်းခင်းအိပ်ခဲ့ရပါသည်။ နောင်အခါ ICRC ရုံး လာရောက်ဖွင့်သည့်အခါ၌ ပျဉ်ခုံများဖြင့် အိပ်ခွင့်ရသွားပါသည်။

အင်းစိန်ထောင်မကြီး တိုက် (၅) အခန်း (၉) တွင် နေရစဉ် ရေချိုးနှင့် မိလ္လာကို တနေ့တချိန်ပဲ အပြင်ထွက်ခွင့်ရ ပါသည်။ သို့သော် တွဲဖက်ထောင်တွင်နေစဉ်က ရေကို ၀အောင်မချိုးခဲ့ရပါ။ ယခုတိုက်တွင်မူ ရေပေါသဖြင့် ရေ ကို ၀လင်အောင်ချိုးရပါသည်။ ယခင်သီးသန့်တွင် နေထိုင်ရစဉ်က မိမိတို့၊ ကိုယ်စားလှယ်များနှင့်၊ ပတ္တနိက္ကုဇ္စန ကံဆောင်၍ ဖမ်းထားသော ဦးပဉ္စင်းများနှင့်နေကြရပြီး၊ ယခု (၅) တိုက်တွင်မူ နိုင်ငံရေးနှင့်ထောင်ကျနေသော အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ကြုံနေထိုင်ခဲ့ရပါသည်။

ထောင်ဝင်စာအသီးသီး ရောက်ရှိလာသည့်အခါတွင်မူ ထောင်ကျရဲဘော်အချင်းချင်း၊ ထောင်ဝင်စာ မလာနိုင် သောသူများကို မျှတခွဲဝေပေး၍ အချင်းချင်း ကူညီရိုင်းပင်းပြီး ထောင်တွင်းနေထိုင်ရစဉ် ရက်များစွာကို ကျော် ဖြတ်ခဲ့ရပါသည်။

ပထမဦးဆုံးအကြိမ်အဖြစ် ဇနီးဖြစ်သူနှင့် ထောင်ဝင်စာတွေ့ရသည့်အချိန်၌ ဇနီးဖြစ်သူက အသံတိုးတိုးဖြင့် နှိပ် စက်ခံရတာ ဘာဖြစ်သွားသေးလဲဟု မေးရာ ကိုယ့်ညာဘက်နား သိပ်မကြားရဘူး၊ ညာဘက်နားအုံ အရိုက်ခံရ တာလောက်ပါဟု ရှင်းပြသည့်အခါ ဇနီးဖြစ်သူက ဦးမောင်ကို သေဆုံးခြင်းသတင်းကို သိရှိ၍ နှိပ်စက်မှုအမျိုး မျိုး ခံရမည်ကို စိုးရိမ်နေကြောင်း၊ မြင်တွေ့ရ၍ ဘာမှ သိပ်နှိပ်စက်မခံရသည်ကို သိရ၍ စိတ်သက်သာရရှိ ကြောင်း ပြောပြခဲ့ပါသည်။

တိုက် (၅) အခန်း (၉) တွင် (၉) လခန့် နေထိုင်ရပြီးနောက် မျက်နှာချင်းဆိုင်ဘက်ရှိ (၄) တိုက် အခန်း (၁၂) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ တိုက်(၂)တိုက်ကြားတွင် အုတ်နံရံ ကာထားလျက်ရှိပါသည်။ ထို (၄)တိုက် တွင် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးဖေအောင်လင်း၊ ဦးနိုင်းနိုင်းတို့နှင့်တွေ့ရပြီး ထောင်ဝင်စာလာသည့်အခါ တွင် ကျနော်တို့အခန်းသို့ ဟင်းများကို ခွဲပို့ထားပါသည်။

ဦးတင်အောင်အောင်မှာ ထမင်းစားသည့် သံပန်းကန်ပြားကို အုတ်ခဲဖြင့်ထု၍ ဒယ်အိုးလုပ်ပြီးလျှင် ပလတ်စတစ် များကို မီးရှို့၍ အသားဟင်း၊ ခေါက်ဆွဲကြော်၊ ဟင်းချိုချက်၍ ရေချိုးဆင်းသည့်အခါ ချက်ပြီးသော ဟင်းများကို ၎င်းတို့ထံသို့ ပို့ပေးပြီး ဟင်းကိုခိုးချက်၍ စားသောက်ကြရပါသည်။

ယင်းသို့ လပေါင်းများစွာကို ကျော်ဖြတ်ရင်း ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးစောမောင် တာဝန်မှ ရပ်နားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်နောက်ပိုင်း ဧပြီလတွင် န၀တမှ အမိန့်ကြော်ငြာ စာ ၅/၉၂ ကို ထုတ်ပြန်ပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ ပြစ်ဒဏ်များကို လျော့ပေါ့၍ အကျဉ်း သားများကို လွှတ်ပေးသည့် ကြေညာချက် ထွက်ပေါ်လာပါသည်။

ထိုသို့ကြေညာချက်ထုတ်ပြနှ်ုပီး တပတ်အတွင်း ဧပြီလကုန်ကာနီး ရုတ်တရက်တွင် ကျွန်ုပ်အပါအ၀င် နိုင်ငံရေး သမားအချို့အား ထောက်လှမ်းရေးမှခေါ်ယူပြီး အင်းစိန်ထောင်အတွင်းရှိ စစ်ကြောရေးရုံးအတွင်းတွင် မေးခွန်း (၁၀) ခုကို မေး၍ဖြေခိုင်းပါသည်။ ယင်းအမေးအဖြေ စာရွက်အောက်တွင် မိမိနာမည်နှင့် လက်မှတ်ရေးထိုး၍ ပြန်ပေးလိုက်ရပါသည်။

မေးခွန်းအားလုံးကို မမှတ်မိတော့ပါ၊ မှတ်မိသမျှထဲမှ အချက်အချို့မှာ ...

(၁) သင်ဘာကြောင့် နိုင်ငံရေးလုပ်ရသလဲ။
(၂) သင်အပြင်ရောက်လျှင် နိုင်ငံရေး ဆက်လုပ်မလုပ်။
(၃) န၀တအပေါ် သင်မည်ကဲ့သို့ သဘောထားသနည်း။
(၄) န၀တ၏ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ချက်များအပေါ် သင့်သဘောထား။
(၅) သင်နိုင်ငံရေးလုပ်၍ အဘယ်အကျိုးရလဒ်ရသလဲ စသည်ဖြင့် မေးခွန်းများကို ဖြေခိုင်းပါသည်။

မေးခွန်းများမေးပြီး (၂) ရက်အကြာတွင် နိုင်ငံရေးအကျဉ်းသမားတချို့ စတင်လွှတ်ပေးပါတော့သည်။ ကျနော် တို့နေသော (၄) တိုက်မှ နိုင်ငံရေးအကျဉ်းသားတချို့ကို မေ (၁) ရက်နေ့မှ စတင်၍ လွှတ်ပေးပါသည်။ ထိုအစ ဦးနေ့ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးဖေအောင်လင်း၊ ဦးတင်မောင်ဝင်း (လေးကိုတင့်) တို့အား လွှတ်ပေးပြီး နောက်နေ့များတွင် ဦးရဲထွဋ်၊ ဦးသိန်းထွန်း၊ ဦးခင်မောင်သိန်းတို့အား လွှတ်ပေးပါသည်။ နောက်ပိုင်းတွင် မေး ခွန်းဖြေဆိုသူတိုင်း အားလုံးကို လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ၊ တဖြည်းဖြည်း လွှတ်ပေးသူ နည်းသွားပါသည်။

တပတ်လျှင် (၄-၅) ဦးမျှသာ လွှတ်ပေှးုပီး နှစ်ပတ်၊ သုံးပတ်အကြာတွင် လွှတ်ပေးသူမရှိသည့် အခါမျိုးလည်း ရှိသဖြင့်၊ အချို့မှာ တရက် တရက်နှင့် ဘယ်နေ့လွှတ်ပါ့မလဲဟု မျှော်လင့်ကာ လွှတ်ကြောင် ကြောင်နေကြပါ သည်။ ၁၉၉၂ ခု ဇွန်လ (၂၉) ရက် နံနက်ပိုင်းတွင် ထောင်မှူးတဦးရောက်လာပြီး ကျွန်ုပ်နာမည်အားခေါ်၍ ယ နေ့ ထောင်မှ လွှတ်ပေးမည် ယူစရာရှိတာထုတ်ပိုးထားပါဟု လာရောက်ပြောကြားသဖြင့် လွတ်လွတ်လပ်လပ် ၀မ်းမသာရဲပါ။ ဟုတ်နိုးဟုတ်နိုးနှင့် စောင့်နေရပါသည်။ ကျနော့်အနောက်ဘက်ရှိတိုက် (၃) တွင် ဦးချမ်းအေး နှင့် မင်းသိင်္ခတို့အား ယနေ့လွှတ်ပေးမည်ဟုပြောသည်ကို ယုံ၍ ရှိသမျှပစ္စည်း ခွဲဝေပြီးကာမှ ထိုနေ့တွင် မလွှတ် ဘဲ နောက်(၄-၅)ရက်မှ လွှတ်ပေးတာမျိုးလုပ်သဖြင့် အလွှတ်ခံရမည့်သူများမှာ လွှတ်ကြောင်ကြောင်ကြသည် ဟု ထောင်တွင်း ပြက်လုံးတခု ဖြစ်လာပါသည်။

မိမိနှင့်အတူ ထိုနေ့က ကျနော်တို့နေသော (၄) တိုက်မှ လွှတ်မည့်သူတဦးမှာ ဦးအောင်ဆန်းမြင့် ဖြစ်ပါသည်။ နံနက်စာစားသောက်ပြီးချိန်တွင် မိမိပိုင်ဆိုင်သော ပစ္စည်းတချို့ကို ခွဲဝေပေးကမ်းခဲ့ပြီး အ၀တ်အစား သုံးလေးစုံ လောက် ကျွတ်ကျွတ်အိတ်ထဲထည့်ကာ အခန်းထဲမှ စောင့်မျှော်နေပါသည်။

နေ့လယ် (၂) နာရီလောက်တွင် ကျွန်ုပ်တို့ (၂) ဦးအား လာရောက်ခေါ်ဆောင်ပြီး ထောင်မကြီးရှိ ထောင်မှူးကြီး ရုံးခန်းသို့ ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းထားပါသည်။ ထိုအခန်းတွင် ယနေ့လွှတ်မည့်သူ နှစ်ဦးကို ထပ်တွေ့ရာ ဦးထွန်းကြိုင် (အဖွဲ့ချုပ် အိမ်ရှင်)နှင့် ကိုဝခေါ် (ရဲနိုင်အောင်)တို့ ဖြစ်နေပါသည်။ ထောင်စာရေးမှ ထောင်လွှတ် လက်မှတ်ရေးပေးပါသည်။ ကျွန်ုပ်တို့လေးယောက်အား ညွှန်ချုပ်အခန်းအတွင်းသို့ ထပ်မံခေါ်ဆောင်သွားခဲ့ရာ ယင်းအခန်းအတွင်းတွင် ထောင်မှအရာရှိများ၊ စစ်ယူနီဖောင်းဝတ်ထားသည့် ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့် ရှိ ပုဂ္ဂိုလ် (၁၀) ဦးခန့် ထိုင်နေကြပြီး ကျွန်ုပ်တို့ လေးဦးအား ထိုင်ခိုင်းပြီးနောက် ဓာတ်ပုံများရိုက်ခြင်း၊ ဗွီဒီယို မှတ်တမ်းများရိုက်ခြင်း၊ အမည်မသိ ဗိုလ်မှူးကြီးတဦးက သြ၀ါဒမိန့်ခွန်းခြွေ၍ န၀တ၏ တိုင်းကျိုး၊ ပြည်ကျိုးလုပ် ဆောင်ချက်များ၊ ၎င်းတို့၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာများ စသည့် န၀တစစ်အစိုးရ၏ ကောင်း သော အကြောင်းအရာများကိုပြောကြားပြီး ကျွန်ုပ်တို့အား တိုင်းပြည်ကို နှောင့်ယှက်ဖျက်ဆီးမည့်သူများမဟုတ် ၍ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မိန့်ခွန်းခြွေ၍ ဓာတ်ပုံများရိုက်ခြင်း၊ ဗွီဒီယိုကင်မရာများနှင့် အခန်းတွင်း ရိုက် ကူး၍ မှတ်တမ်းများယူထားသည်ကို မြင်တွေ့ခဲ့ရပါသည်။

ထို့နောက် ကျွန်ုပ်တို့အား ထောင်မှ လွှတ်ပေးသဖြင့် ထောင်ဘူးဝတံခါးမှ ငုံ့၍ အပြင်သို့ ရောက်ရှိသွားပါသည်။

ချစ်တင် (မင်းလှ - မကွေးတိုင်း)
(ခေတ်ပြိုင်ဂျာနယ်၊ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလထုတ်မှ ...)

No comments: