တုတ်ကြီး (ခေတ္တ တာဝတိံသာ)
လောင်စိန်တုတ်ကြီးတို့ လူမျိုးတွေအတွက်ကတော့ ယခုနှစ်သည် ထူးခြားသည့်နှစ်ဖြစ်ပေသည်။ ထုံးစံအတိုင်း အစီခံမပါသည့် ပြည်ကြီးထုတ် စီးကရက်ကလေးတလိပ်ကို ဘူးထဲကထုတ်ကာ ဆင်စွယ်စွပ်တံတွင်စွပ်လျက် ရွှေသွားသုံးချောင်း ပြူးပြဲနေအောင်ပေါ်နေသော နှုတ်ခမ်းထော်ထော် ပါးစပ်ပေါက်ထဲသို့ ထိုးသွင်းရင်း ပေသီး ကို ဘယ်လက်နှင့် ခေါက်နေ၏။
မျက်မှန်အ၀ိုင်းကလေးအပေါ်မှကျော်ကာ တလှမ်းချင်းလျှောက်လာနေသော ဆင်မယဉ်သာ ခြေလှမ်းဖြင့် အ ကြွေးယူနေကျ တလမ်းကျော်က မသိန်းစိန်၏ သမီးလေးကို မမှိတ်မသုန်လှမ်းကြည့်ရင်း စီးကရက်ကို အငမ်းမ ရ ဖွာလိုက်မိတော့ လောင်စိန်တုတ်ကြီး မီးခိုးသီးကာ အဟွတ်အဟွတ်ဖြင့် ဘောင်းဘီထဲ သေးထွက်သွားသည် ပင် ထင်ရပေတော့၏။
လောင်စိန်တုတ်ကြီးက လူကသာ တရုတ် အသားအရေက ဒီဇင်ဘာလ ဆောင်းတွင်းမနက်တွေမှာ အငွေ့ တ ထောင်းထောင်းထနေလေ့ရှိသော ကောက်ညှင်းငချိတ်နှင့်က တဆင်တည်း။ ဒီတော့ ... လောင်စိန်တုတ်ကြီး ကို အရပ်က ကွယ်ရာတွင် တရုတ်ငချိတ်ဟုခေါ်၏။ လမ်းထိပ်က ဆိုက်ကားသမားတွေက တရုတ်ချစ်တီးဟုခေါ် ၏။ ရှိပစေတော့၊ မည်သို့ပင်ခေါ်ကြခေါ်ကြ လောင်စိန်တုတ်ကြီးက ဒီရပ်ကွက် ဒီမြို့မှာ အကောင်။ အသပြာ လေးကရှိ၊ အပေါင်းအသင်းက ပေါင်းတတ်၊ လာဘ်ကလေးကမြင်၊ မြန်မာလို ပီပီသသပြောနိုင်ပြီး မြန်မာတို့၏ အထာကိုနပ်၏။ ဒီတော့ လောင်စိန်တုတ်ကြီးတို့ လူတောတိုး၏။
ရပ်ကွက်ထဲ သာရေးနာရေးရှိလျှင်လည်း လောင်စိန်တုတ်ကြီးတို့က မသိချင်ယောင်မဆောင်။ တာဝန်သိ အိမ် နီးချင်းစိတ်အပြည့်ဖြင့် ရောက်နေကြ။ မသာဆိုလျှင် ကွာစိရောင်းရ၏။ညပိုင်းကာလသားများနှင့် တရုန်းရုန်း ဖဲဝိုင်းမှာ ချွေးပြန်ရ၏။ မင်္ဂလာဆောင်ဆိုလျှင်လည်း အနည်းဆုံး ရေခဲမုန့်သွားစားလို့ ဖြစ်၏။ ကိုယ်ဘယ်တော့ မှ ပိုးလို့မရနိုင်တော့သော သတို့သမီးကို ကြေကြေကွဲကွဲကြည့်ကာ လက်ဖွဲ့စားပွဲကို ကွေ့ရှောင်ရင်း ပြန်လာလို့ ဖြစ်၏။
တနေ့သားမတော့ လောင်စိန်တုတ်ကြီးတို့ လမ်းထိပ်က အင်တာနက်ဆိုင်တွင် နိုင်ငံခြားကရည်းစားနှင့် စကား ပြောလျှင် အမြဲတမ်း “ကိုကို ... ကိုကို ... “ ဟု ဘေးဘီကို ဝေ့၀ဲကြည့်ကာ အော်တတ်သော မလှမြိုင်၏ သမီး အာကျယ်မတယောက် လောင်စိန်တုတ်ကြီး၏ ဆိုင်သို့ရောက်လာကာ ဈေးဝယ်၏။
“ဦးတုတ်ကြီး ... အောင်မယ် သတင်းစာကို ဖတ်နေလိုက်တာတော် ဘာများထူးမှာမို့လဲ”
လောင်စိန်တုတ်ကြီးက ဘူးသီး လက်သည်းနှင့် ဆိတ်ထားသည်နှင့်တူသော သူ၏ မျက်လုံးများကို ထပ်မံမှေး စင်းကာ ပေစောင်းစောင်းကြည့်ရင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် “ဟဲ့ကောင်မလေး လူဆိုတာ ခေတ်နဲ့ အ ဆက်မပြတ်မှ ... နင်နားလည်လား ဒါမှ သူများနိုင်ငံတွေ ဘာတွေလုပ်လို့ ဒို့နိုင်ငံဘာတွေဖြစ်နေတယ်ဆိုတာ သိရမှာ”
“ဟားဟားဟား ... ဦးတုတ်ကြီးရယ် သတင်းစာဖတ်တော့ ဦးတုတ်ကြီး နေ့တိုင်းအလိမ်ခံရတာ အဖတ်တင်မှာ ပေါ့။ တကယ်သတင်းတွေသိချင်ရင် အင်တာနက်သာ အိမ်မှာတပ်လိုက် တကမ္ဘာလုံးက သတင်းတွေအကုန် သိရမယ်”ဟု ပြောရင်း ယိုးဒယားမှလာသော ပုဇွန်မုန့်အထုပ်လေးထုပ်ကို ယူပြီး ပိုက်ဆံပေးချေကာ အင်တာ နက်ဆိုင်သို့ ပြန်သွားတော့၏။ ထပ်မံ၍ အရပ်စိတ်ပျက်အောင် “ကိုကို ... ကိုကို” ဟု အသံပြဲဖြင့် အော်ဦးမည် ဖြစ်ပေတော့၏။
သို့ဖြင့် အာကျယ်မ၏ စကား နားဝင်သွားသော လောင်စိန်တုတ်ကြီးသည် ရန်ကုန်ရွှေမြို့တော် တက်ကွန်ပြူ တာစက်တစ်လုံးဝယ် ဘာညာဘာညာတွေနှင့် အလုပ်ဖြစ်အောင်စီမံရင်း အင်တာနက်ဆိုသော ဘဏ္ဍာတိုက် ကြီးပေါ် ဖင်ခုထိုင်ကာ သွေးကြီးသွားပါပေတော့၏။
ဤမှအစပြု၍ ကျွန်ုပ်လောင်စိန်တုတ်ကြီး၏ ပုန်းကွယ်တိမ်မြုပ်နေသော စာရေးသားလိုစိတ် ပြန်လည်ပေါ် ပေါက်လာရပေတော့သတည်း။ ထို့နောက် အကြောင်းကြောင်းကြောင့် ကျွန်ုပ်လောင်စိန်တုတ်ကြီး၏ အိမ်ဆိုင် ကလေးပြုတ်သွားပြီး အပြင်ထွက်ကာ အလုပ်လုပ်ရသောအခြေအနေသို့ ရောက်ရှိလျှောဆင်းသွားရပြန်တော့ ၏။
ကျွန်ုပ်သည် ထမင်းတလုတ်အတွက် တနေ့တာ ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှားပြီး ငွေစကြေးစ ကလေးများ ရှာဖွေရ၏။ သားကျွေးမှု မယားကျွေးမှု မရှိသော်လည်း ကျွန်ုပ်၏ ခန္ဓာကိုယ် အတ္တဘောကြီး ဆက်လက်တည် တံ့ရှင်သန်နိုင်ရေးအတွက် စား ၀တ် နေ ရေး သုံးပါး ကိစ္စကို ဖြေရှင်းရန် အလုပ်လုပ်ရ၏။
ယခုညနေလည်း ထုံးစံအတိုင်း အလုပ်မှနောက်ကျပြီး ပြန်ရောက်လာ၏။ အခန်းမီးကလေးကိုဖွင့်ပြီး လွယ် အိတ်ကလေးကို စာအုပ်စင်အပုလေးပေါ် တင်လိုက်ပြီး မီးဖိုမီးကို ဖွင့်ပြန်၏။ ထို့နောက် အာလူးနှင့် မုန်ညှင်း ဟင်းချိုကလေးကို နွှေးလိုက်၏။ ထမင်းအိုးကလေးကို ဖွင့်ကြည့်ပြန်တော့ ထမင်းမရှိတော့။ ထမင်းအိုးကလေး ကို သေချာဆေးပြီးနောက် ဆန်နို့ဆီဗူးတလုံး ထည့်ဆေးကာ တည်လိုက်၏။
အိမ်ရှေ့ခန်းပြန်လာပြီး ကွန်ပြူတာကိုဖွင့် အင်တာနက်စာမျက်နှာများအား ဖတ်ဖြစ်တော့ ...
NCUB က အစိုးရသစ်ထူထောင်တော့မည်ဟု နှစ်သစ်ကူးအထူးထုတ်ပြန်ချက်တွင် ဖတ်လိုက်ရ၏။
ထို့ပြင် သမိုင်းဆရာမလိုလို ဘာလိုလို အမျိုးသမီးတယောက်သည် ဓာတ်ဆီဈေး ကြီးမြင့်ရသည့်ကြားထဲတွင် သူမအကယ်ဒမီဖြစ်ရေးအတွက် နီးစပ်ရာမြို့များ၏ စာကြည့်တိုက်များ မိတ်ဆွေများ၏အိမ်များသို့ သွားရောက် လည်ပတ်ကာ သူမကိုယ်သူမ မဲပေးနေသည်ကိုလည်း နတ်မျက်စိဖြင့် အိပ်မက်မက်မိပြန်လေသတည်း။ အော် မိမိငဲ့ ... လွယ်နေတာကို ခက်အောင်လုပ်သည်။ ကမ္ဘာကြီးတစ်ခုလုံးတွင် proxy server တွေ ပေါမှပေါ။ ကိုယ့် အိမ်ကထိုင်နေရင်း ကိုယ့်ဟာကိုယ် မဲပေါင်းထောင်ချီပေးလို့ ဖြစ်လျက်နဲ့ လကွယ်ဟု ငြီးငြူမိပြန်၏။
ဒါကတော့ ကိုမောင်မောင်မြင့်တို့ အားရှိစရာပေါ့။
ဒီကြားထဲ အရိပ်သုံးပါးကို ဘယ်သောအခါမှ နားမလည်သည့် ပုဂ္ဂိုလ်တို့ကလည်း သူတို့၏ စာမျက်နှာများတွင် အလကားမတ်တင်း ကြေညာကာ အကယ်ဒမီိစိတ်ကူးယဉ်ကြပြန်ရင်း တောင်ရှည်ပုဆိုးများ ခေါင်းပေါင်းများ အမီဝယ်ရန် ကြံစည်နေကြပြန်၏။
စိတ်ထဲမှာ ဘီအမ်အေ ဥက္ကဌကြီး ဦးမောင်မောင်မြင့်တို့အကြိုက် ကြိုတင်ဆင်ဆာဖြတ်ကာ တွေးလိုက်မိသည် က “NCGUB က ဂီလာနတွေက ဘယ်နားသွား အနိစ္စရောက်နေလို့ လူကြီးမင်းတို့က ဒီလိုဖွဲ့ရတာတုန်း ...”
ဟုတ်သားပဲ ခုလိုဆိုတော့လည်း နားဝင်ချိုသား။ “NCGUB က သေခါနီးတွေက ဘယ်သင်္ချိုင်းသွားသေနေလို့ ဒင်းတို့က ဒီလိုဖွဲ့ရတာတုန်းလို့ တွေးလိုက်ရင် ...” ဒါ ကြမ်းတမ်းနားဝင်မချိုသော စကားဖြစ်သွားပေလိမ့်မည်။ စာပေဒေါသသင့်သွားပေလိမ့်မည်။
ဟုတ်ပေသကိုး၊ ပျားသကာသို့ ချိုလှစေအပြင် တုတ်ကြီးဟု ရာဇ၀င်နှင့် အမည်တွင်သည့် ကျွန်ုပ်သည် မိမိစိတ် ကိုမိမိ အတိအကျဆုံးမကာ ဆေးသကြားပါ အုပ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်၏။
ထိုကြေညာချက်ကို သေချာအနုလုံပဋိလုံဖတ်ရင်း NCUB မှ ဦးဆောင်သည့် Credential Challange ဆိုသည့် ကိစ္စကို သွားသတိရ၏။ UN မှ Credential Challange ကို အစိုးရတစ်ရပ်မှ ပြုလုပ်လျှင်သာ အကြုံးဝင်သည် ဆိုသော သဘောရှိသည့် တုန့်ပြန်အကြောင်းကြားချက်ကို ကြားလိုက်မိဖူး၏။ အကယ်၍ အဲသည်ကာလက Credential Challange ကို အမေရိကားနိုင်ငံ ၀ါရှင်တန်မြို့တော်နေ အဝေးရောက် အစိုးရမင်းများအနေဖြင့် သာ ကိုင်တွယ်လိုက်မည်ဆိုလျှင် အဖြေမည်ကဲ့သို့ ထွက်မည်နည်း။
သို့သော် အဝေးရောက်အစိုးရမင်းများမှ သီရိပျံချီ အဂ္ဂမဟာ အာပလာကျော်စွာ ဦးစိန်ဝင်းတို့ ဦးဘိုလှတင့်တို့ က ခင်ပွန်းလည်းရချင် သံဝါသ အပြုခံရမည်ကိုလည်းကြောက်သော ယင်ဖိုမသမ်းဖူးသည့် အပျိုကြီး မူနေ သည့် အချိုးဖြင့် အချိုသပ်ကာ မချင့်မရဲလက်ရှောင်ခဲ့ကြ၏။
NCUB က ယခုလို အစိုးရတစ်ရပ်အဖြစ် ဦးတည်သည့် ကြေငြာချက်အတွက် NCGUB အနေဖြင့် မည်ကဲ့သို့ စဉ်းစားထားသနည်း။ နအဖစစ်အာဏာရှင် အဘယ်ကဲ့သို့ တုန့်ပြန်မည်ကို အသာခဏထားလို့ ယခုဒီဘက်ခြမ်း မှ အတိုက်အခံများအနေဖြင့် အင်္ဂလိပ်ကြက်ဖ ဗိုလ်ကြက်ဖ ခွပ်ပွဲကို စတင်လိုက်သလိုများ ဖြစ်မနေဘူးလား။
NCUB မှာတော့ လက်နက်ကိုင်အင်အားရှိသည်။ တပ်ရှိသည်ဟု သတ်မှတ်လို့ ဖြစ်သည်။ NCGUB တုန်းက တော့ ရှိသမျှ လက်နက်ကိုင်အင်အားစုများက အားကိုးတကြီး အရေးပေး ချည်းကပ်စဉ်ကာလက အာပလာ ကျော်စွာဘွဲ့ရ အမတ်မင်းတို့က “အိုင်တို့က အကြမ်းမဖက်ရေးလေ အိုင်တို့က အိုင်တို့က” ဖြင့် အိုင်တွေ့တိုင်း ခြေဆေးရင်း ခြေအေးဝမ်းရောင်တွေ ဖြစ်ကုန်တော့၏။
အလုပ်မဖြစ် အနှစ်နှစ်ဆယ် ရှေ့လည်းမသွား ဘေးလည်းမထွက် နောက်လည်းမဆုတ် ခက်တာက ရှေ့က ပိတ်နေရုံမက အသားကုန်ကလည်း ဘုန်းပေးတော်မူရင်း ကျမ်းမာရေးတွေ စွတ်ကောင်းပြီး လေကလည်း လည်တော်မူ၏။
ဒီတော့ကာ နောက်ကလူတွေမဆိုထားနှင့် ၀န်းကျင်တခွင်ပါ နံတော်မူ၏။ ညွန့်ပေါင်းအစိုးရ စဖွဲ့သည့်နေ့က မွေးသည့်ကလေးပင် လူလားမြောက်ပြီး လူလူသူသူ ဖြစ်နေပေပြီ။ ကျွန်ုပ်တို့၏ အစိုးရမင်းများစည်းရုံးရေး ကောင်းမှု ဦးဆောင်မှု ပြောင်မြောက်မှုက ရှိသည့်ဝန်ကြီးများပင် ပဲ့ထွက်ကုန်ကာ အသီးသီး အသက အသက ဆိုင်ရာပိုင်ရာ လုပ်ငန်းဆောင်တာလေးများဖြင့် စားကောင်းသောက်ကောင်းရုံ ရပ်တည်နေကြ၏။
သို့သော် တဖက်တွင် တကယ်တမ်း စိတ်ဓာတ်ရှိပြီး လုပ်ချင်ကိုင်ချင်သော အမတ်များမြောက်များစွာရှိသေး၏။ ထိုအနေအထားတွင် NCUB ၏ ကြေငြာချက်သည် လိုအပ်ချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်၏။ သို့သော် ထိုလို အပ်ချက်က ဘယ်အင်အားစု၏ လိုအင်ကိုဖြည့်ဆည်းပေးမည့် လိုအပ်ချက်ဖြစ်သည်ကိုတော့ ကောင်းကောင်း တွေးဖို့လို၏။
ထို့ပြင်တ၀ တလျှောက်လုံး မဆလပါတီ၏ တက်ကြွသော ပါတီဝင်တယောက်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တွင် အမတ်တက်ဖြစ်ကာ ခေါင်ရေမူးရင်း အော်ကြီးဟစ်ကျယ် ထရမ်းပြန်၏။
အော် ... ဒုက္ခ ... ဒုက္ခ ...။
အားလုံးထဲ လူနပ်ချမ်းသာ အမတ်မင်း ဦးဇီဝက တယောက်ကတော့ ကလောင်သွေးကာ အနောက်ဖက်ချောင် ကလေးက ထထအော်နေသည်ကတော့ “သား ... သား ... ပါဘူး ... သား ... သား ပါဘူး” ဟူသတတ်။
ထိုအချိန်တွင် တရုတ်နှစ်သစ်ကူးကလည်း နီးလာပြီဖြစ်သဖြင့် ကျွန်ုပ်တို့အာရှတခွင်တွင် အကုန်လုံး နွားစိတ် တခုတည်းဖြင့် နှစ်သစ်ကိုကြိုဆိုရန် ပြင်ဆင်နေကြ၏။
ကျွန်ုပ်တို့မြန်မာ့တပ်မတော်မှ ခေါင်းဆောင်ကြီး ဘကြီးဦးသန်းရွှေတို့ကလည်း ဒီကိစ္စမျိုးတွင်တော့ အားကျမခံ ပေ။
တရက်တွင် တရုတ်မှ အဆင့်မြင့်အရာရှိတဦး နေပြည်တော်သို့ လာရောက်ကာ ဘကြီးဦးသန်းရွှေအကြိုက် တရုတ်နိုင်ငံလုပ် ဘိလိယက်ခုံတစ်ခုံနှင့် ထိုးတံတဒါဇင်လာပို့ရင်း ဘကြီးဦးသန်းရွှေနှင့် စကားလက်ဆုံကျကြ ၏။ တရုတ်အရာရှိက ဘကြီးဦးသန်းရွှေအား တရုတ်နှစ်သစ်ကူးတော့မည်ဖြစ်ကြောင်း ဘကြီးဦးသန်းရွှေအနေ နှင့် အန်ပေါင်းပေးရမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် နွားနှစ်သို့ကျရောက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စင်္ကာပူ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တိုင်ဝမ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် နွားရုပ်များ နွားပိုစတာများ နေရာအနှံ့ကပ်ကာ နွားနှစ် ကို ကြိုဆိုမှုအတွက် ပြင်ဆင်နေကြကြောင်း ပြောလေတော့၏။
ဘကြီးဦးသန်းရွှေက မျက်ခုံးကိုပင့်ကာ ဘိလိယက်ထိုးတံထိပ်ကို လေးထောင့်မြေဖြူခဲဖြင့်ပွတ်ရင်း ပြန်ဖြေ လိုက်၏။ “မပူပါနဲ့ ... ကျုပ်တို့ကလည်း နွားနှစ်မှာ အစီအစဉ်တွေရှိပါတယ်။ အဲဒီနိုင်ငံအားလုံးထက်ကို သာစေ ရမယ်ဗျာ ... သူတို့က ပိုစတာတွေနဲ့ အရုပ်တွေနဲ့ပဲ လုပ်တာမဟုတ်လား။ ကျုပ်တို့မြန်မာက နွားနှစ်မှာ နွားဖြစ် အောင်ကို ပြင်ဆင်ထားပြီးသားဆိုတာ ခင်ဗျားတို့ ခေါင်းဆောင်တွေကို ပြန်ပြောလိုက်ပါ” ဟု ပြန်ဖြေလိုက် တော့သတည်း။
ထို့နောက် ဘကြီးဦးသန်းရွှေ၏ အနားပြာတို့သည် တဆင့်စကား တဆင့်နားဖြင့် ဗိုလ်ချုပ်မှူးကြီး၏ အမိန့်ကို အမြန်ဆုံး နာရီပိုင်းအတွင်း အကောင်အထည်ဖော်ရန်အတွက် လမ်းညွှန်ချက်အသီးသီး ပေးလိုက်ပြီး တညီတ ညွတ်ထဲ ၀န်ကြီးဌာနနှင့် တပ်မတော်အင်အားစုအားလုံးသို့ အမိန့်ရောက်လာသည်မှာ.....
ယခုနှစ်သည် တရုတ်လူမျိုးတို့ ရိုးရာအစဉ်အလာရ နွားနှစ်သို့ ကျရောက်ပြီဖြစ်ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ် မှူးကြီး၏ ဥပဒေထက်အာဏာတည်သော အမိန့်အရ သက်ဆိုင်ရာ အစိုးရဌာနအသီးသီး တပ်မတော်၏ တပ် ရင်း တပ်ခွဲအသီးသီးနှင့် ပြည်သူလူထုတရပ်လုံးအား ယခုကဲ့သို့ အမိန့်ချမှတ်လိုက်သည်။
၁။ မည်သည့် တယ်လီဖုန်းမြည်သံကိုမဆို ပြန်လည်ဖြေကြားရာတွင် ဟယ်လိုဟု ထူးမည့်အစား ဘွတ်အဲ ဟု ထူးရမည်။
၂။ မည်သည့်တပ်တွင်မဆို မနက်ပိုင်းလမ်းလျှောက်ရာတွင် ဘယ်ညာ ဘယ် ညာဟု အော်မည့်အစား ဘွတ်အဲ ... ဘွတ်အဲဟု အော်ရမည်။
၃။ မည်သည့်နှုတ်ဆက်စကား ပြောဆိုမှုတွင်မဆို မင်္ဂလာပါခင်ဗျာဟု နှုတ်ဆက်မည့်အစား ဘွတ်အဲ ......... ဟု အမျိုးသားများက နှုတ်ဆက်ရမည်ဖြစ်ပြီး အမျိုးသမီးများအနေဖြင့် ... ဘွတ် ... အွတ်အွတ် ... အဲ ... ဟဲ့ ... ဟု နှုတ်ဆက်ရမည် ... ဟူ၍ ဖြစ်လေတော့သတည်း။
ထိုအမိန့်ထွက်ပြီးနောက် ဘကြီးဦးသန်းရွှေသည် သူ၏အိမ်တော်တွင် ထိပ်တန်းလျှို့ဝှက်အစီအစဉ်ဖြင့် မည်သူ မှသိခွင့်မရှိအောင် တည်ဆောက်ထားသည့် လျှို့ဝှက်အခန်းတစ်ခုကို ကုတင်ပေါ်မှ ရီမုကွန်ထရိုးဖြင့် ဖွင့်လိုက် ရာ အိပ်ခန်းနံရံကြီးသည် တကျွီကျွီမြည်လျက် ကောက်ရိုးများ နွားစာခွက်အရှည်များဖြင့် နွားတင်းကုတ်ကြီး တခု ဘွားကနဲပေါ်လာကာ ဘကြီးဦးသန်းရွှေသည် ပြုံးပြုံးကြီးဖြင့် လေးဘက်ထောက်၍ “အင်း ခုမှပဲ ........” ဟု ကျေကျေနပ်နပ်ကြီး မြည်တန်းဟစ်ကျွေးပြီးနောက် တလှမ်းချင်း ၀င်သွားပါတော့သတည်း။
ထို့အတူ ဂျီမပါသော NCUB နှင့် NCGUB ခေါင်းဆောင်များသည် မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ။ အားလုံးလိုလို ဦးထုပ်ကလေးများစောင်းကာ သူတို့၏ ချိုဇောင်းနေရာများသို့ ခဏခဏ မသိမသာ စမ်းစမ်း ကြည့်ရင်း မြက်ခင်း၊ ကောက်ရိုးပုံတိုနှင့် ဝေးနိုင်သမျှဝေးရန် စိတ်အားကိုတင်းလျက် ကြိုးစားနေကြပေတော့ သတည်း။ ထိုအချိန်တွင် ကျွန်ုပ်တုတ်ကြီးသည် အားလုံးကိုလှောင်ကာ နှမ်းဖတ်ချဉ်ကို ရှောက်ရွက်ဖြင့်သုတ်၍ ထန်းရည်တစ်မြူနှင့် ကောက်ရိုးပုံဘေးတွင် ဇိမ်ကျနေပါတော့၏။ မကြာခင်ပင် အူမြူးချိုကြွမှုများအား မည်သို့ မည်ပုံ ကျွန်ုပ်တို့မြင်ကြရမည်ကိုကား ဆက်လက်စောင့်ကြည့်ရပေတော့မည် ဖြစ်ပေတော့သတည်း။
ထိုအချိန်တွင် ခေတ်မီကွန်ပြူတာများဖြင့် ထိန်းချုပ်မောင်းနှင်သော နွားနှင့်လည်ပတ်သည့် လျှပ်စစ်ဓာတ်အား ပေးစက်စီမံကိန်းမှ နွားများသည်လည်း “အင်း ... ခုမှပဲ ” ဟု သက်ပြင်းချကာ online တက်ရန် အားခဲကြပါ တော့၏။ ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းကိုလည်း အကန့်အသတ်မဲ့ ရပ်ဆိုင်းကာ တတိုင်းပြည်လုံး မြက်စိုက် ရန်အတွက် တာဆူနေကြပါလေတော့သတည်း။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
(www.mrtotekyi.blogspot.com မှ ကူးယူဖော်ပြပါသည်)
Monday, January 12, 2009
ဂျီမပါ အသာလှုပ်ပါတဲ့ ထိုကာတစ်ရယ် အိုဘယ့်နွားနှစ်
****************
Subscribe to:
Post Comments (Atom)
No comments:
Post a Comment