Tuesday, January 27, 2009

စရိတ်မျှပေး ကျန်းမာရေးနဲ့ ဗူးလေးရာ ဖရုံဆင့်တဲ့ ပြည်သူ့ဆေးရုံ

ရွှေဆည်းဆာ (ရန်ကုန်မြို့)

ဒီနေ့မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ မြန်မာပြည်သူအများ တွေ့ကြုံခံစားနေရတဲ့ ပြည်သူလူထုနဲ့ ပြည်သူ့ဆေးရုံအကြောင်းလေး ပြောပြချင်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံဟာ နိုင်ငံတော်အတုမရှိ လူဆိုးလူ မိုက်ကြီးများလက်အောက်ကို ရောက်ခဲ့ရချိန်ကစပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ရှေးယခင်ကထက် ပိုပြီးဆိုးဝါး တဲ့ပင်ပန်းဆင်းရဲမှုတွေကို သာမန်ပြည်သူတွေတွေ့ကြုံခံစားခဲ့ကြရပါတယ်။ ပြည်သူ့ဆေးရုံဆိုပြီး ပြည်သူတွေ အနေနဲ့ အားကိုးအားထားပြုစရာ တခုမှမရှိပါဘူး။ နအဖက အမြဲတမ်းပြောနေကျ တိုင်းပြည်ရဲ့ တိုးတက်မှုတွေ ထဲမှာ တိုင်းနဲ့ပြည်နယ်အားလုံး တောင်တန်းဒေသမကျန် ခေတ်မီဆေးရုံအရေအတွက် မည်ရွေ့မည်မျှဆောက် လုပ်ပြီးစီးခဲ့ကြောင်း၊ ကျန်းမာရေးအတွက် ငွေကြေးကုန်ကျစရိတ် မည်မျှသုံးဆွဲခဲ့ကြောင်း သူတို့ရဲ့ ၀ါဒဖြန့်သ တင်းစာများကနေပြီး ပြောနေခဲ့တာပဲ။

အခုနောက်ပိုင်းမြန်မာနိုင်ငံမှာ အထူးကုဆေးခန်းတွေ အထူးကုခေတ်မီဆေးရုံကြီးတွေ ဖွင့်ထားတာ မြန်မာနိုင် ငံက ဆရာဝန်များသာမက နိုင်ငံခြားတိုင်းပြည်က ဆရာဝန်သမားတော်များနဲ့ ခေတ်မီလှတဲ့ ဆေးပညာ၊ ဆေး ၀ါး၊ ဆေးပစ္စည်းကရိယာများဟာ နိုင်ငံတကာအဆင့်မီ ရှိနေပေမယ့် အဲဒီနိုင်ငံတကာအဆင့်မီနေတဲ့ အထူးကု ဆေးခန်းတွေ၊ အထူးကုခေတ်မီဆေးရုံတွေ၊ အထူးကုဆရာဝန်တွေဆိုတာ သာမာန်ပြည်သူလူထုတွေ မတတ် နိုင်ဘဲ အထူးငွေကုန်ကြေးကျများလှတဲ့အတွက် အခွင့်ထူးခံလူတန်းစားများနဲ့ အထူးငွေကုန်ကြေးကျခံနိုင်သူ များအတွက်သာ ဖြစ်နေပါတယ်။

အဲဒီဆေးရုံကြီးတွေ ဆေးခန်းတွေမှာ ရောဂါကြီးကြီးမားမား ပြသကုသတဲ့ စရိတ်ကို မပြောနဲ့ဦး။ ကလေးတ ယောက် အမိဝမ်းထဲကနေ မီးဖွားဖို့အတွက်တောင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဆိုတဲ့ ငွေကြေးပမာဏ ကုန်ကျ ပါမယ်။ အဲဒါလူတယောက်ရဲ့အသက်အန္တရာယ်ကာကွယ်ဖို့ ကျန်းမာရေးအတွက် ရက်ရှည်ဆေးကုသရတာမျိုး မဟုတ်ပါဘူး။ ကျန်းမာရေးမကောင်းလို့ ရောဂါအဆောက်အအုံကြီးမားလို့ နာတာရှည်လူမမာများ ဖြစ်ခဲ့မယ် ဆိုရင် ကုန်ကျမယ့် ငွေကြေးပမေဏဟာ ရိုးရိုးပြည်သူတယောက်အနေနဲ့ ဘယ်လိုမှလက်လှမ်းမမီနိုင်တော့ဘဲ အသက်ဆုံးရှုံးခံရမယ့်အဖြစ်ပါ။ အထူးကုန်ကျခံနိုင်တဲ့ သူများမတော့ ရောဂါကိုကုတာ ဘယ်ရွေ့ဘယ်မျှကုန်ပြီ ရယ်လို့ ဂုဏ်ယူစရာဖြစ်ချင်လည်း ဖြစ်နေမှာပေါ့နော်။

ဒါပေမယ့် ကျွန်မတို့တိုင်းပြည်မှာ ဒီလိုကုန်ကျစရိတ်ကိုပေးနိုင်တဲ့ အကုန်အကျခံပြီး ရောဂါဝေဒနာသက်သာ ပျောက်ကင်းအောင် ကုသခံနိုင်မယ့် ပြည်သူတွေဟာ တတိုင်းပြည်လုံးအတိုင်းအတာထားဦးတော့ ရန်ကုန်မြို့ လိုနေရာမျိုးမှာတောင် ဒီလိုငွေအထူးကုန်မယ့် ဆေးခန်းတွေ ဆေးရုံတွေမှာ မကုသနိုင်လို့ ရေတိမ်နစ်ခဲ့ရသူ တွေဘယ်လောက်များရှိနေပါလိမ့်။ ဒီလိုဆေးခန်းဆေးရုံတွေသွားဖို့ဆိုရင် နောက်ကနေ ငွေကို အိတ်နဲ့ထည့် သွားမှ ဆေးကုသဖို့ အဆင်ပြေခွင့်ရပါမယ်။ ကဲ .. ဒီတော့ ဒီလိုဆေးရုံဆေးခန်းတွေ ဖွင့်ထားနိုင်တာကို ဆေး ကုသရေးမှာ တိုင်းပြည်နဲ့ချီပြီး ကျန်းမာရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်နေပါပြီလို့ ပြောလို့ရမလား၊ ငွေကုန်ခံနိုင်သူ တွေသာ ပြသကုသနိုင်တဲ့ နေရာတွေပါ။

ကျွန်မနဲ့သိတဲ့ ဦးလေးတယောက်ဟာ ဆီးကျိတ်ကင်ဆာလို့ သိလိုက်ရတဲ့အချိန်ကစပြီး အဲဒီလိုပုဂ္ဂလိကပိုင် ဆေးရုံမှာကုသလိုက်တာ တနှစ်အတွင်းမှာ ခွဲစိတ်ခန်း ၂ ခါဝင်ပြီး ဆေးရုံ ၅ ခါတက် ကုသရတယ်။ ဆီးကျိတ် ကင်ဆာမပျောက်ပေမယ့် လူလည်းဆုံး ငွေလည်း သိန်း ၁၀၀ လောက်ကို ကုန်သွားပါတယ်။ ဒါတောင် မရှိမ ရှားလို့ပြောလို့ရတဲ့ မိသားစုပါ။ တကယ်လို့သာ ၀င်ငွေအားဖြင့်လည်း တလမှ ရှစ်သောင်း တသိန်းဝင်ငွေပဲရှိ မယ်။ ပညာသင်ပေးရတဲ့ ကလေး ၂ ယောက် ၃ ယောက်ရှိတဲ့ မိသားစုတစုမှာသာဖြစ်ခဲ့ရင် သူတို့ဘ၀ကို ဘယ် လိုရပ်တည်ရင်ဆိုင်ကြရမလဲ။

ကျွန်မဒီလိုတွက်ပြပေမယ့် မြန်မာပြည် ရန်ကုန်မြို့မှာ တလ၀င်ငွေ ရှစ်သောင်း တစ်သိန်းဆိုတာ ရိုးရိုးကုမ္ပဏီ ၀န်ထမ်း အသေးလေးတွေဆိုရင် မန်နေဂျာအဆင့်တောင် ဒီလောက်လစာပေးတဲ့သူ ရှားပါတယ်။ ကုမ္ပဏီကြီး ပါမှ လုပ်ငန်းကြီးပါမှ ဒီလောက်လစာရတာပါ။ သာမန်မိသားစုတစ်စုမှာ ကျောင်းနေအရွယ်ကလေး ၂ ယောက် လောက်ပဲရှိဦးတော့ အဲဒီမိသားစု ၃၊ ၄ ယောက်ရဲ့ စားဝတ်နေရေးနဲ့ ကျောင်းစားရိတ်ပါပေါင်းရင် တလအသုံး စရိတ် တသိန်းဆိုတာ မနည်းကိုလောက်ငှအောင် သုံးရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဝင်ငွေ တသိန်းမရှိတာ တော့ အသေအချာပါပဲ။ ဒီလိုငွေကြေးဖောင်းပွမှုဒဏ်တွေကို ခံနေရတဲ့အထဲ ကျန်းမာရေးအတွက် ဘယ်ကိုမှ အားကိုးအားထားပြုစရာမရှိတဲ့ သာမန်ပြည်သူတွေရဲ့ဘ၀ပါ။

တော်ရုံနေမကောင်းတာလောက်တော့ လမ်းထိပ်က ဆေးစပ်ပြီးရောင်းတဲ့ဆိုင်ကိုသွား ဘာဖြစ်နေတယ်ဆို တာ ပြောပြီး ဆိုင်ကစပ်ပေးလိုက်တဲ့ ဆေးသုံးလေးခွက်စာနဲ့ပဲ သက်သာသလို နေလိုက်ကြရုံပဲပေါ့။ ရပ်ကွက်ထဲ က ရိုးရိုးဆရာဝန်ရှိတဲ့ ဆေးခန်းတောင် သွားမပြနိုင်ကြပါဘူး။ အစာမကြေ ဖျားနာတာမျိုးတောင် ဆေးထိုးခနဲ့ သောက်ဆေးက ဈေးအသက်သာဆုံး ၁၀၀၀ ကနေ ၁၅၀၀ ပေးရတာကြောင့် ...။ ဆေးရောင်းတဲ့ဆိုင်က စပ် ပေးတဲ့ ဆေးဘိုးက သုံးလေးခွက်စာမှ ၂၀၀၊ ၃၀၀ ပဲပေးရတာမို့ ဘာဆေးလဲ တွေးမနေ မေးမနေကြတော့ပါ ဘူး။ လောလောဆယ် လူသက်သာ။ ငွေသက်သာဖို့ အရေးကြီးတယ်ဆိုပြီး ချဉ်ချဉ်တူးတူး မူးပြီးရော လုပ် လိုက်ကြရတာပဲ။ ဒီလိုအဖြစ်မျိုးတွေက ရပ်ကွက်ထဲမှာ ၁၀ အိမ်ရှိရင် ၈ အိမ်က ဒီလိုပဲ စခမ်းသွားနေကြတာ လေ။

ဒီလိုပဲ စခန်းသွားနေရာကနေ ဖြစ်နေတဲ့ ဝေဒနာက သက်သာပျောက်ကင်းမလာဘဲ ပိုလို့ ဆိုးဆိုးဝါးဝါး ခံစားရ ပြီး မနေသာတော့တဲ့နောက်ဆုံး ငွေသာလျှင်ရှေ့သွားတဲ့ ပုဂဏ္ဍလိကပိုင်ဆေးရုံကို မသွားနိုင်တော့ ဆေးဝါးက မရှိ။ ဆေးပစ္စည်းကရိယာက မစုံလင်နဲ့မို့ လူနာကို ချက်ချင်းအရေးတယူနဲ့ ကုသမှုမပေးနိုင်တဲ့ ပြည်သူ့ဆေးရုံ ဆိုတဲ့ နေရာကို မလွဲသာမရှောင်သာနဲ့ ရောက်ကြရပါတယ်။ ပြည်သူ့ဆေးရုံမှာတော့ ဆင်းရဲနွမ်းပါးသူတွေအ တွက် စရိတ်မျှပေးစနစ်ဆိုတာကြီးကို လူတိုင်းသိကြပါတယ်။ သို့သော် အဲဒီစနစ်ကြီးကလည်း လိုအပ်တဲ့ ဆေး ၀ါးနဲ့အ သုံးပြုရမယ့် ဆေးပစ္စည်းကရိယာတွေရဲ့ ကုန်ကျငွေအတွက် ထက်ဝက်ကျခံငွေ ဒါမှမဟုတ် ဆေးရုံက အချိုးကျ လျှော့ပေးတာမျိုး လုံးဝမရှိပါ။ ဆရာဝန်ရေးပေးတဲ့ ဆေးစာအရ ဆေးရုံတိုင်းရဲ့အတွင်းမှာရှိတဲ့ စရိတ် မျှပေး ဆေးခန်းအမည်ခံ ပုဂ္ဂလိကပိုင်ဆေးဆိုင်မှာ ၀ယ်ပြီး ဆရာဝန်၊ ဆရာမများကို ပြရပါတယ်။

လူနာဘက်က အဲသလို လုပ်ပေးနိုင်ပါမှ ဆေးရုံဖက်က ဆရာဝန်က ဆက်လက်ကုသပေးပါတယ်။ ဒီလူနာ (သို့) လူနာရှင်ဘက်က ဘာမှလုပ်မပေးနိုင်ပါ။ မတတ်နိုင်ပါဘူးဆိုရင် ဆေးဝါးကုသမှုလုပ်ဖို့ အင်မတန်မှ ခက်ခဲပါ လိမ့်မယ်။ ဒီတော့ ပြည်သူ့ဆေးရုံကို သွားပြန်လည်း လက်ထဲမှာ ငွေပါမှဖြစ်ပါမယ်။ ငွေမရှိ ငွေမပါလို့ကတော့ ဆေးကုသမှုဆိုတာ အချိန်ကြာနှောင့်နှေးနေမှာပဲဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံမှာက ဆရာဝန်လာကြည့်တာလွဲ လို့ ဘာမှအားကိုးစရာမရှိပါ။ ဒါတောင် ဆေးရုံနဲ့ ဆရာဝန်အကြောင်းပဲရှိပါသေးတယ်၊ ဒိထက်ပိုပြီး စိတ်ပျက်စ ရာ ကောင်းတဲ့ ဆေးရုံအကူ၊ ဆေးရုံသန့်ရှင်းရေး၊ ဆေးရုံအစောင့်၊ ဆေးရုံခွဲစိတ်ခန်း စတာတွေ ရှိပါသေးတယ်။

အဲဒါတွေနဲ့ပတ်သက်ပြီး သိပ်မကြာသေးခင်က အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံခဲ့ရသူတယောက်က သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က သူ့ညီမတယောက် အမျိုးသမီးရောဂါဖြစ်တဲ့ သွေးဆင်းပုံမူမမှန်လို့ အပြင်ဆေးခန်းမှာ ပြနေရင်းက မသက်သာတဲ့အတွက် အင်းစိန်ဆေးရုံ တက်ရောက် ဆေးကုသဖို့ရောက်သွားပါတယ်။ သားဖွားနဲ့မီးယပ်ကုသဆောင်က တာဝန်ခံဆရာဝန်မက သူ့ကို ဆေးရုံတက် ဖို့ ရက်ချိန်းပေးတဲ့နေ့မှာ ဆေးရုံကိုရောက်သွားတော့ ထုံးစံအတိုင်း ဆေးရုံမှတ်ပုံတင်ပြီး ကုတင်နေရာချပေးပါ တယ်။

သူ့ရဲ့ဝေဒနာဖြစ်တဲ့ မူမမှန်သွေးဆင်းတာကလည်း ဆင်းမြဲဆင်းနေပေမယ့် ဆရာဝန်မက ဆေးကုသမှုနဲ့ပတ် သက်ပြီး ဘာမှလာမပြောပါဘူး။ လက်ထဲမှာ ငွေတစ်သိန်းလောက်တော့ ပါလာပါတယ်။ ဒါကလည်း စုပြီး ဆောင်းပြီးသား မဟုတ်ပါဘူး။ ဆေးရုံတက်ရတော့မယ်ဆိုတာနဲ့ ပေးဖို့ငွေလိုတော့မှာမို့ ချေးတန်တာချေး၊ ငှား တန်တာငှားလုပ်ပြီး ရှာလာတာပါ။ ဆေးရုံရောက်တာနဲ့ သန့်ရှင်းရေးခပေးရတယ်။ ဆေးရုံလူနာဆောင်မှာ ရေ မရှိလို့ အောက်မှာရှိတဲ့ ရေချိုးတဲ့နေရာမှာ ရေချိုးခ ၁၀၀ ကျပ်ပေးပြီး ရေချိုးရပါတယ်။ ဆေးရုံပေါ်ရောက်သာ နေတယ်၊ ဆေးကုသမခံရသေးပါဘူး။ ခွဲစိတ်မယ်ပြောထားပေမယ့် ဘယ်နေ့ဘယ်ရက်ရယ်လို့ အတိအကျ မ ပြောသေးပါ။

ဒါနဲ့ ဆေးရုံပေါ် ၅ ရက်သာကြာရော သွေးကလည်း ဆင်းမြဲဆင်းနေတော့ လူနာမုဆိုးမလေးခမျာ ဖြူဖတ်ဖြူ လျော် ဖြစ်လာပါတယ်။ တခြားကုတင်ကလူတွေကို မေးမြန်းကြည့်တော့ ဆေးရုံတင်တဲ့ ဆရာဝန်မကို မြန်မြန် သွားကန်တော့လိုက်တဲ့၊ နို့မို့ရင်တော့ ဘယ်လောက်ကြာမယ် မပြောနိုင်ဘူးတဲ့။ အဲဒါနဲ့ ငွေ ၅၀၀၀၀ကျပ် (ငါး သောင်းကျပ်) စာအိတ်ထဲထည့်ကန်တော့လိုက်မှ လူနာအတွက် ဆေးကုသဖို့ ညွှန်ကြားချက်ရပြီး ဆေးစစ်ပါ ဟဲ့၊ သွေးစစ်ပါဟဲ့၊ သွေးရှာပါဟဲ့၊ သွေးသွင်းပါဟဲ့နဲ့ လုပ်စရာရှိတဲ့အလုပ်တွေ သက်ဝင်လှုပ်ရှားလာပါတယ်တဲ့။ မယုံနိုင်စရာ။ ဟုတ်မှဟုတ်ရဲ့လားလို့ ထင်စရာပဲနော်။

ဒါပေမယ့် ဒီအဖြစ်အပျက်ဟာ အင်းစိန်မြို့နယ်ဆေးရုံကြီးမှာ တကယ်ဖြစ်ခဲ့ပါတယ်တဲ့။ အားကိုးလောက်တဲ့ ပြည်သူ့ဆေးရုံပါတကား။ နောက်ထပ်တမျိုးပြီးတမျိုး မရိုးရလေအောင် ရှိပါသေးရဲ့။ ခွဲစိတ်ခန်းမ၀င်ခင်သွေး နှစ်ပုလင်းပေးရပါမယ်။ တစ်ပုလင်းကို ကျပ်တစ်သောင်းခွဲဆိုတော့ကာ ၀ယ်ဖို့ရာအဆင်မပြေတာနဲ့ သူ့မေး ငါ့ မေးနဲ့ရှာလိုက်တာ အိမ်ကိုဆွမ်းခံကြွတဲ့ ကိုယ်တော်က သူကူညီပါမယ်ဆိုပြီး သွေးလှူပေးပါတယ်။ အဲဒီကိုယ် တော်ရဲ့အကူအညီနဲ့ သွေးနှစ်ပုလင်းရသော်ငြားလည်း သွေးအိတ်ဖိုးဆိုပြီးငွေ ၄၅၀၀ ကျပ်(လေးထောင့်ငါးရာ) ပေးရပါသေးသတဲ့။ ခွဲစိတ်တဲ့နေ့မှာလည်း သွေးနှစ်ပုလင်း ထပ်ရှာပေးရပါသေးတယ်။ တကယ်သွင်းတဲ့သွေးက သုံးပုလင်းပဲသွင်းရတာပါ။

နောက်တနေ့နံနက် ၁၀နာရီခွဲမှာ ခွဲစိတ်ခန်းဝင်ရပါတယ်။ အဲဒီအချိန်ကစလို့ လက်ထဲမှာ ငွေမပြတ်ကိုင်ထားရ ပါသတဲ့။ ခွဲစိတ်ခန်းသုံးဝတ်စုံဆိုတာကလည်း ဘာရောင်ရှိမှန်းတောင် မခွဲခြားနိုင်လောက်အောင် ဟောင်းနွမ်း မွဲခြောက်နေပြီး တိုနံ့နံ့လက်ရဲ့ ချုပ်ရိုးတွေကပြုတ်နေပြီး နောက်ကျောမှာ ချည်နှောင်ဖို့ကြိုးတပ်ထားတဲ့ နေရာ မှာ ကြိုးကမရှိတော့ လည်ပင်းနောက်က ကြိုးတစ်ချောင်းထဲချည်နှောင်မှုဟာ လူနာကို ဘယ်လောက်များစိတ် အနှောက်အယှက်ဖြစ်စေမလဲဆိုတာ မပြောနဲ့ဦး။ မြင်ရတဲ့သူတောင် အဲဒီလိုမြင်ရတာ စိတ်ပျက်စရာပါတဲ့။ အဲဒီ ၀တ်စုံရဲ့ အနံ့ကလည်း ညှီစို့စို့နဲ့ သွေးညှီနံ့မစင်တဲ့ အနံ့မျိုးပါတဲ့။ ၀ယ်ပေးရတဲ့ဆေး၊ လိုအပ်တဲ့ ဆေးထိုးအပ်၊ ဂွမ်း၊ အရက်ပြန်၊ သွေးသွင်းပိုက် စတာတွေကလည်း ခွဲစိတ်ခန်းမ၀င်ခင်တခါ၊ ခွဲစိတ်ခန်းက ထွက်လာပြီးမှတခါ အဲဒါကတင် ၅၀၀၀ကျပ် (ငါးထောင်)ဘိုးလောက်ရှိပါတယ်။ ခွဲစိတ်ခန်းသွားဖို့ လှည်းတွန်းပေးတဲ့သူ၊ ခွဲစိတ်ခန်း ထဲမှာ လူနာကို သန့်ရှင်းရေးလုပ်ပေးတဲ့သူ အဲဒီလိုလူတွေကိုလည်း အနည်းဆုံး ၅၀၀(ငါးရာ)ကနေ ၂၀၀၀ (နှစ် ထောင်)ထိ ပေးရပါတယ်။ ပြည်သူ့ဆေးရုံကို စပြီးဝင်ကတည်းက တံခါးစောင့်က အစပြုပြီးပေးရတာတွေက ခွဲစိတ်ခန်းသုံး အလှူငွေအလယ် ဓာတ်လှေကားပြုပြင်ခ အဆုံး ပေးလိုက်ရတာတွေ ဒါတောင်ခွဲစိတ်ရာမှာသုံး တဲ့ ပစ္စည်းကရိယာဖိုးယူမထားဘူးလို့ ခွဲစိတ်ခန်းက ဆရာမက ပြောသေးတယ်။ အံ့သြစရာပါပဲ။

ပြည်သူ့ဆေးရုံမှာပေးလိုက်ရတဲ့ အမျိုးမျိုးသောအလှူငွေ လူနာနဲ့ လူနာရှင်ခမျာ ငွေကြေးမတတ်နိုင်လို့ ပြည်သူ့ ဆေးရုံလာပါတယ်။ စရိတ်မျှပေး ကျန်းမာရေး ဆိုတာကလည်း ဗူးလေးရာ ဖရုံဆင့်ပါပဲလား၊ ပြည်သူ့ဆေးရုံကို အားကိုးတကြီးနဲ့ ငွေတသိန်းရှာယူခဲ့ပြီး တက်ရောက်ကုသဖို့ရောက်လာတဲ့ မုဆိုးမလေးခမျာမတော့ ဆေးရုံ တက်ရက် ၆ ရက်၊ ခွဲစိတ်ခန်းကထွက်တဲ့အထိ ပေးခဲ့ရသမျှ တသိန်းခွဲရှိနေပါပြီ။ ဆေးကုသမှုကတော့ မပြီး သေးပါဘူး။ သူ့ရဲ့ ခွဲစိတ်မှုက ထုတ်လာတဲ့ စွန့်ပစ်ပစ္စည်းကို ခွဲစိတ်ခန်းအစောင့်က ကျွတ်ကျွတ်အိတ်နဲ့ ထုတ် လာပြီး ဒါကိုယူ မီးသင်္ဂြိုလ်စက်ထဲ ထည့်လိုက်တဲ့၊ ခွဲစိတ်ခန်းရှေ့မှာ စိတ်ပူပန်စွာနဲ့စောင့်နေတဲ့ လူနာစောင့် အမဖြစ်သူကို ပြောပါတယ်တဲ့။ ဆေးရုံလာတက်တာ ဘယ်နေရာသွားပစ်ရမလဲ မသိဘူးဆိုမှ ငွေ ၁၀၀၀(တ ထောင်) သူ့ကိုပေး သူသွားပစ်ပေးမယ်တဲ့။ အဲဒါ ဓားပြတိုက်ခြင်းတမျိုးပဲထင်ရဲ့။ ဆေးရုံရဲ့ အာဏာပိုင် တာဝန် ရှိသူတွေကို တိုင်တန်းဖို့ရာကလည်း အရေးတယူနဲ့ ဖြေရှင်းပေးကြမှာမဟုတ်မှန်း သိနေတော့လည်း ဘာမှအ ကျယ်ကျယ် မငြိမ်းဖွယ်ပြောမနေတော့ပါဘူးတဲ့။ ပေါက်တဲ့ နဖူးမထူးတော့ဘူးမဟုတ်လား။

အခုရေးနေတာတွေဟာ ဝေဒနာရှင်ပြည်သူတယောက်ရဲ့ ပြည်သူ့ဆေးရုံ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ လွတ် လပ်ပြီး ကိုယ့်လူမျိုးအုပ်ချုပ်တဲ့ ကိုယ့်မိခင်တိုင်းပြည်မှာနေတဲ့ သာမန်ပြည်သူတယောက်ဟာ အစိုးရအာဏာရဲ့ လက်အောက်မှာရှိနေတဲ့ ပြည်သူ့ဆေးရုံတွေကို အားကိုးအားထားပြုမရတဲ့ အချက်မှာ ပြည်သူအများအတွက် ရင်လေးဖွယ်ကောင်းတဲ့အချက် ဖြစ်နေတာကို တွေ့ရပါတယ်။ သာမန်ပြည်သူတွေဟာ ကိုယ့်လူမျိုးအုပ်ချုပ်ပြီး ကိုယ့်တိုင်းပြည် လွတ်လပ်ရေးရရှိနေပါရက်နဲ့ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး ... စတဲ့ ပြည်သူတွေ လက်လှမ်းမီတဲ့ အရေးကိစ္စတွေမှာတောင် အားကိုးဖွယ်ရာမရှိတဲ့ အဖြစ်တွေကို မြန်မာနိုင်ငံသူ/သားတိုင်း သိ သိကြီးနဲ့ ဒုက္ခခံစားနေကြရတာပါ။

ကျွန်မပြောချင်တာက ပြည်သူ့ဆေးရုံဆိုတဲ့နေရာကို ပြည်သူတွေ တကယ်အားကိုးလို့မရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတော်သစ်ဆီသို့ဆိုပြီး သွားနေတာလည်း ကြာခဲ့ပါပြီ။ တ ကယ်ပဲ ပြည်သူတွေအတွက် လုပ်ပေးနေပါတယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ ပြည်သူတွေခံစားရပါ့မလား၊ ဒါဟာ ကျန်းမာရေးရှုထောင့်တနေရာပဲ ရှိပါသေးတယ်။ တကယ်တော့ ဒီလိုအကြောင်းအရာမျိုးတွေကို ပြည့်နား ပြည့် မျက်လုံးလို့ခေါ်တဲ့ နိုင်ငံပိုင်သတင်းစာမျိုးတွေမှာ အများပြည်သူတွေ (သို့) အစိုးရအာဏာပိုင်များသိစေဖို့ ရေး သားပေးပို့ရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ သတင်းစာတွေဟာ လက်ရှိ နအဖရဲ့ ၀ါဒဖြန့်ရာတွေပဲ ဖြစ်နေတာ ရယ်၊ ပို့ပြန်သော်လည်း ဒါမျိုးကို ကိုရွှေစာတည်းမှူးများက ယောင်လို့တောင် ဖေါ်ပြပေးရဲပုံမပေါ်လို့ ကိုယ်ပို့လို့ ရတဲ့ နေရာကိုပဲ ရေးသားပေးပို့လိုက်ပါတယ်။

ရွှေဆည်းဆာ
ရန်ကုန်မြို့

No comments: