(၁)
ဒီနေရာကို ကိုယ်ပြန်ရောက်ခဲ့ရပြန်ပါပြီ ဒေးမူ။ ကိုယ်ရပ်နေတဲ့ တောင်ကုန်းလေးနဲ့ ဟိုတုန်းက ဒေးမူ ဆော့ပြေးကစားပြီး အခုတော့ ထာဝရ လဲလျောင်းအိပ်စက်နေတဲ့ တောင်ကုန်းကလေးကို ခြားထားတဲ့ ဒူးရင်းခြံတွေ၊ ကွမ်းသီးခြံတွေကို လှမ်းတွေ့နေရတယ်။ ဆရာနိုင်ဝင်းဆွေရဲ့ ‘အချစ်ည’ ၀တ္ထုထဲက စာသားလေးတခုကိုတောင် ပြေးအမှတ်ရမိသေးတယ်။ ဘာတဲ့ တောင်ကုန်းတခုနဲ့ တခုကို တောင်ခိုးတွေက ဆက်သွယ်ပေးထားတယ်ဆိုလား ဘာလား။ သိပ်အပြည့်အစုံတော့ မမှတ်မိတော့ပါဘူး။
အဲဒီလိုပဲ ကိုယ်နဲ့ ဒေးမူရဲ့ဘ၀ကိုလည်း ဘယ်အရာက ဆက်စပ်ဆုံစည်းခဲ့စေသလဲ ဆိုတာကို အခုထိ ကိုယ်အဖြေရှာလို့ ကောင်းဆဲပဲ။ တိကျတဲ့ အဖြေတော့ မရသေးပါဘူး။ ချစ်ခြင်းမေတ္တာက အဓိက အဖြေပဲလို့လည်း ကိုယ်က လက်မခံချင်ဘူး။ အဲဒီလို စကားလုံးသုံးရင်လည်း ဒေးမူက ရယ်ဦးမယ်။ ကျမမှ ဒါတွေ နားမလည်တာ ဆိုတဲ့ လက်သုံးစကားကို သုံးရင်းနဲ့လေ။ ဖြစ်နိုင်တာတခုတော့ရှိတယ် ဒေးမူ။ သဘာဝတရားအရကိုက ပြဌာန်းထားချက်တွေ ရှိတယ်။ ကိုယ်တို့ ကြိုက်သည်ဖြစ်စေ။ မကြိုက်သည်ဖြစ်စေ အဲဒီတရားတွေကနေ လွန်ဆန်လို့ မရနိုင်ဘူး။ ဒီထဲမှာ တချက်ရှိတယ်ကွယ့်။ သက်ရှိလောကပဲဖြစ်ဖြစ်။ သက်မဲ့လောကပဲဖြစ်ဖြစ် မျိုးတူတာကို စုတတ်တဲ့ သဘာဝရှိတယ်။ ကျွန်းပင်ဆို ကျွန်းပင်ချည်းပဲ ပေါက်တာမျိုးပေါ့။ ဒါမှမဟုတ် မျောက်တွေ တစုတစည်းတည်း နေထိုင်တတ်တဲ့ သဘာဝမျိုးတွေ။ ဒီလိုပါပဲ ကိုယ်နဲ့ ဒေးမူလည်း မျိုးတူလို့ ဆုံစည်းမိတယ်လို့ ထင်မိတယ်။ မျိုးတူတယ်ဆိုတာက လူမျိုးကွဲပြားတာတွေနဲ့လည်း မဆိုင်ဘူး။ ပညာတတ်ခြင်း မတတ်ခြင်းကိုလည်း ကိုယ်ရည်ညွှန်းတာ မဟုတ်ဘူး။ ကိုယ်တို့နှစ်ယောက် ဘယ်မှာ မျိုးသွားတူသလဲဆိုတော့ အဖိနှိပ်ခံရခြင်းဆိုတဲ့ အကြောင်းတရား သွားတူကြတယ်လေကွယ်။ ကိုယ်တို့ရဲ့ခေတ်အပါအ၀င် ခေတ်အဆက်ဆက်ဟာ အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေက ဖိနှိပ်သူအဆက်ဆက်ကို တုန့်ပြန်တော်လှန်ခဲ့တဲ့ သမိုင်းအဆက်ဆက်ပါ။ နှစ်ရှည်ကြာ လာတာနဲ့အမျှ ဟောဒီအလွမ်းဇာတ်ဟာ အဆုံးမသတ်နိုင်တော့ဘူးလားလို့ မြင်ကြတဲ့အထိကို အားလုံးကို လောင်ကျွမ်းခဲ့တာပါ။
အဲဒီ လောင်ကျွမ်းခံခဲ့ရတဲ့ အရာတွေထဲမှာ ကိုယ်တို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာထုံလွှမ်းတဲ့ နှလုံးသားတစုံလည်း ပါခဲ့ပါတယ်။ တနည်းပြောရရင် မြန်မာသူပုန်ကောင်လေးတယောက်နဲ့ တောင်ပေါ်သူ ဒေးမူတို့ရဲ့ လူသူမသိနိုင်တဲ့ အလွမ်းဇာတ်ပေါ့။
ဟော့ဒီ ပတ္တလားတောင်ပေါ်ရောက်တိုင်း ရနံ့တွေ၊ အထိအတွေ့တွေ၊ အငွေ့အသက်တွေက ဘာမှမပြောင်းလဲခဲ့ဘူး ဒေးမူ။ မင်းမရှိတာက လွဲလို့ပေါ့။ မင်းနားမလည်ပေမယ့် ကိုယ်က အတင်းပုံပြောပြသလို ပြောပြခဲ့တဲ့ နေရာလေး မှတ်မိသေးလား။ မင်းအဘိုးရဲ့ ဒူးရင်းသီးခြံထဲက ကြွေကျတဲ့ ဒူးရင်းသီးတွေကို သိမ်းထားတဲ့ ကျင်းလေးလေ။ အဲဒီမှာပြောပြခဲ့တဲ့ ၀တ္ထုတပုဒ် ရှိသေးတယ်မဟုတ်လား။ ဆရာဦးကျော်အောင် ဘာသာပြန်တဲ့ ‘အမှောင်ခေတ်က ချစ်သူများ’ ဆိုတဲ့ ၀တ္ထုပေါ့။ အဲဒီ ဇာတ်လမ်းကို နားထောင်ပြီးတော့ ဘာကိုမှမသိတဲ့ ဒေးမူတောင်မှ မျက်ရည်လည်နေခဲ့တယ်။ ပိုလန်ကောင်လေး ပေါလ်နဲ့ ဂျူးမလေး အက်စ်သာရဲ့ ဇာတ်လမ်းပေါ့။ မင်းတောင်မှ ပြောခဲ့သေးတယ်။ အဲဒီလိုများဖြစ်ခဲ့ရင် ကျွန်မ ဘယ်လိုဖြစ်ကျန်မလဲ မသိဘူး။ ဆိုပြီးတော့လေ။ ဘာလို့ဆိုတော့ ကိုယ်က လက်နက်ကိုင်တော်လှန်ရေးသမားလေ။ တိုက်ပွဲတွေ ဆင်ရင်းနဲ့ သေဆုံးသွားနိုင်တာကိုး။ ဒါပေမယ့် ဇာတ်လမ်းထဲက အတိုင်းပါပဲ။ မင်းက တိမ်းပါးသွားခဲ့ပြီ။ ဇာတ်လမ်းက ဇာတ်လမ်းပါပဲကွယ်။ အဖြစ်အပျက်က အဖြစ်အပျက်အတိုင်းပေါ့။ မတူတဲ့ တချက်က ဂျူးမလေး အက်စ်သာက တိုင်းတပါးသား ဖက်ဆစ်နာဇီစနစ်က သတ်ဖြတ်ခဲ့တာ။ ဒေးမူကတော့ ပြည်တွင်းဖြစ် ဖက်ဆစ်တွေကြောင့် ကြေမွလွင့်စင်ခဲ့ရတာ။
ကိုယ် ကဗျာတပုဒ် ဖတ်ရတယ်။ ကဗျာခေါင်းစဉ်က ‘လွမ်းစေတီ’ တဲ့၊ မိုဃ်းဇော် ဆိုတဲ့ ကိုယ်တို့ရဲ့ ပြည်မက ကဗျာဆရာတဦး ရေးတာ။ တပုဒ်လုံး ကြိုက်တယ်။ ဒါပေမယ့် စာသားလေးတခုကိုတော့ မှတ်မှတ်ရရ ဖြစ်မိတယ်။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးနောက်
အငွေ့အသက်တွေ ကျန်ရစ်ခဲ့တယ်။
ဒီလိုပါပဲ ဒေးမူ။ အဖြစ်အပျက်တွေဆိုတာ သမိုင်းတွေမဟုတ်လား။ ၀မ်းသာစရာကောင်းတဲ့ သမိုင်းတော့ မဟုတ်ပါဘူး။ ရှိပြီးသား အငြိုးအတေး အာဃာတတရားတွေကို ပိုပိုပြီး တောက်လောင်စေမယ့် အစိတ်အပိုင်းလေးတခုပေါ့။
(၂)
ကိုယ်တို့ စတွေ့ခဲ့ရာ မင်းအဘိုးရဲ့ ဒူးရင်းခြံထဲက တဲကလေးဆီကို စိတ်ကပြေးသွားပြန်တယ်။ မင်းအဘိုးကို ဆေးကုဖို့ ရောက်လာတဲ့ ဆေးမှူးသူပုန်လေးတယောက်ကို မီးဖိုချောင်ကွယ်ကနေ မျက်ဝန်းနက်နက်ကလေးနဲ့ ကောင်မလေးတယောက်က စူးစူးရှရှ လေ့လာအကဲခတ်နေတဲ့ မြင်ကွင်းကိုလေ။ အဲဒီသူပုန်လေးက ကိုယ်ဖြစ်ပြီး မျက်ဝန်းနက်ကလေးက ဒေးမူဖြစ်လိမ့်မယ်ဆိုတာကို အဲဒီအချိန်တုန်းက ဘယ်သူက သိခဲ့ကြမလဲ။ ကာယကံရှင်နှစ်ဦး ကိုယ်တိုင်တောင်မှ မရိပ်စားမိခဲ့သေးတဲ့အချိန် မဟုတ်လား။
ဒေးမူရဲ့ အဘိုးကို ဆေးကုပေးနေရင်း မင်းနဲ့ ကိုယ်နဲ့ ပိုပိုပြီး နီးစပ်လာခဲ့တယ်။ တဖြည်းဖြည်းချင်း ရင်းနှီးမှုတွေ ပိုတိုးလာခဲ့တယ်။ အဲဒီအချိန်က ဒူးရင်းသီးတွေ ဖြိုင်ဖြိုင်ပေါ်တဲ့ ကာလလေ။ ဒူးရင်းသီးဆိုမှ ကိုယ်တို့က ဒူးရင်းသီး အရမ်းကြိုက်တာ မှတ်မိသေးတယ် မဟုတ်လား။ ကြိုက်တယ်ဆိုတာထက်ကွယ် အဓိကက စားစရာမရှိလို့ ဒူးရင်းသီးကို ထမင်းနဲ့ နယ်စားရတာလို့ပြောရင် ပိုမှန်မယ်ထင်ရဲ့။ အဲဒါကို မင်းကသိသွားပြီး မင်းအဘိုးရဲ့ ဒူး ရင်းသီးကြွေတွေကို သိမ်းထားတဲ့နေရာကို မင်းကခိုးပြတော့ အဘိုးက ဆူသေးတယ်လေ။ နောက် ဒူးရင်းသီး အစားများပြီး ရင်တွေပူတော့ မင်းဂွတ်သီးစားဖို့ အကြံပေးတာတွေ။ စခန်းချတဲ့နေရာမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ အတွက် ဒူးရင်းသီးများများသယ်သွားမယ်ကြံတော့ မင်းက အခွံနွှာပြီး အသားချည်းသက်သက် သယ်သွားဖို့ အကြံပေးခဲ့တာတွေ။ ဘာပဲပြောပြောပေါ့ ချစ်သူရယ်။ မင်းနဲ့ ထိရှခဲ့တဲ့ အရာတိုင်းဟာ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲဖြစ်ဖြစ် အလွမ်းတွေချည်းသက်သက်ပဲ။
မင်းအဘိုးကို ဆေးကုပေးပြီးနောက်ပိုင်း မင်းရော ကိုယ်ရော စိတ်ထဲက တွေ့ချင်တာကို ဘယ်လိုမှ ထိန်းသိမ်းမရအောင်ဖြစ်ခဲ့ပြီး ဆုံဖြစ်အောင် အခွင့်အလမ်းတွေ ရှာခဲ့ကြတယ် မဟုတ်လား။ ချစ်ခြင်းမေတ္တာဆိုတာက ကန့်သတ်လို့ ရတဲ့အရာမှ မဟုတ်တာ။ လူမျိုးရေးတွေ၊ ဘာသာရေးတွေ၊ လူမှုရေး အလေ့အထတွေက ဘယ်လိုပဲကွာကွာ ဒါတွေကလည်း ချစ်ခြင်းမေတ္တာအတွက် အဟန့်အတားလေးလောက်ပါပဲ။ တကယ်တမ်း တဦးနဲ့တဦး မြတ်နိုးသွားပြီဆိုတဲ့ အချိန်ရောက်တော့ အားလုံးဟာ နောက်ကောက်ကျ ပြိုလဲခဲ့ရတာပဲ မဟုတ်လား။
(၃)
ရာသီဥတုဝင်းပတဲ့ အချိန်တွေမှာ ဟိုးမြေပြန့်က လယ်ကွင်းတပြန့်တပြောကြီးကို ကျော်ဖြတ်ပြီး ကြည့်လိုက်ရင် ပဲခူးရိုးမတောင်တန်းကို ရေးရေးလေး မြင်ရတဲ့ တောင်ကုန်းလေးတကုန်းမှာ ထိုင်ပြီးစကားပြောခဲ့ဘူးတာ မှတ် မိဦးမယ်ထင်တယ်။ ဒေးမူက “အဲဒီမှာရော ဗမာတောင်ပေါ်သားတွေ နေတာလား” ဆိုတာကိုလေ။ ကိုယ်ရုတ်တရက် မှင်သက်မိသွားတယ်။ ဘာပြန်ပြောရမလဲဆိုတာ စဉ်းစားနေမိတယ်။ အေးပေါ့လေ ဒေးမူက အရှေ့ရိုးမရဲ့ သမီးပျိုဆိုတော့ အဲဒီမှာနေတဲ့သူတွေဟာ လူမျိုးစုံရောနှော နေထိုင်ခဲ့တယ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ကိုယ်က ပဲခူးရိုးမရဲ့ သမိုင်းကို ပြန်ရှင်းပြတော့ တွေတွေငေးငေးနဲ့ ဟုတ်လို့လားဆိုပြီး တွေးနေပုံရတယ်။ နောက်မှ ထပ်မေးတယ်။
“ဒါဆို အဲဒီမှာလည်း စစ်ဖြစ်တာပေါ့နော်” “ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အခုလောလောဆယ်တော့ စစ်ပွဲတွေ မဖြစ်တော့ဘူး။ နောင်ကျရင် ထပ်ဖြစ်ဦးမှာပဲ” လို့ ပြန်ရှင်းပြတော့ “စစ်ကလည်း မပြီးနိုင်တော့ဘူးနော်”လို့ ဒေးမူက ဆိုပြန်တယ်။ “ဘယ်ပြီးနိုင်မလဲ။ ဒေးမူရယ်။ ဒီစစ်အုပ်စု အဲ ... ဒေးမူတို့ ပြောပြောနေတဲ့ ဗမာစစ်တပ် ရှိနေသရွေ့ စစ်ပွဲတွေက ရှိနေဦးမှာပဲ” ကိုယ်ပြန်ပြောတော့ ဘာမှပြန်မပြောတော့ဘဲ လက်ထဲက ကိုင်ထားတဲ့ သစ်ကိုင်းနဲ့ ခြုံပုတ်တွေကို ရိုက်ရင်း ဒေးမူက ၀င်လုဆဲဆဲနေကို လှမ်းကြည့်နေခဲ့တယ်။ ဖြူစင်လှတဲ့ ဒေးမူကို နားမလည်နိုင်တဲ့ စကားလုံးတွေနဲ့ ကိုယ်အနှောင့်အယှက် မပေးချင်တာကြောင့် မြန်မာပြည်တ၀ှမ်းလုံးဟာ စစ်မီးလျှံတွေ တောက်လောင်နေတယ်ဆိုတာ အဲဒီတုန်းက မရှင်းပြခဲ့ပါဘူး။ တကယ်တော့ ကိုယ်တို့နှစ်ဦးဟာလည်း ဘယ်အချိန်မှာ ဘယ်သူက အဲဒီစစ်မီးလျှံတွေရဲ့ တောက်လောင်ခြင်းခံရမလဲဆိုတာ အနာဂတ္တိဆရာတွေလည်း ရှင်းပြနိုင်မှာ မဟုတ်ပါဘူးကွယ်။
(၄)
“ဆေးမှူးနဲ့ ချစ်ရတာ အားငယ်တယ်” ဒူးရင်းတောထဲမှာ လမ်းလျှောက်ရင်း စကားပြောတဲ့ တညနေ ရုတ်တရက် ဒေးမူပြောစကားကြောင့် အံ့အားသင့်သွားခဲ့တယ်။ အလောသုံးဆယ် ပြန်မေးမိတယ်။ “ဆေးမှူးက ပညာတတ်တယ်။ ဒေးမူက ဘာမှမတတ်ဘူး။ နောက် ဆေးမှူးက တောင်ပေါ်အလုပ် ဘာမှမလုပ်တတ်ဘူး။ ဟိုတနေ့က အမိုးကို ဆေးမှူးလက်လေးတွေက ချောမွေ့နေတာပဲလို့ပြောတော့ အမိုးကပြန်ပြောတယ်။ သိလား။ ချောမွေ့မှာပေါ့ အလုပ်မှမလုပ်တာဆိုပြီး” ကိုယ် ဟက်ဟက်ပက်ပက် တချက်ရယ်လိုက်မိတယ်။ “ဘာရယ်တာလဲ။ ဒီက အကောင်းပြောနေတာ” လို့ဆိုတော့ မျက်နှာပိုးသတ်ပြီး ရှင်းပြရပြန်တယ်။ ပညာတတ်ခြင်း မတတ်ခြင်းနဲ့ ပညာတတ်ပြီး အမှန်တရားကို မမြင်သူတွေ၊ သွေဖယ်သူတွေ၊ ဖောက်ပြန်သွားသူတွေ၊ စစ်တပ်ဘက် ရပ်တည်သွားသူတွေအကြောင်းပေါ့။ ပြီးတော့မှ တွေးတွေးဆဆပုံစံမျိုးနဲ့ “အဲဒီလိုလူတွေရော ရှိလား” “ရှိတာပေါ့၊ အဲဒီလိုလူမျိုးတွေက လူမျိုးတိုင်းမှာ ရှိနိုင်တယ်။ နောက် ကိုယ်တို့ တော်လှန်ရေးသမားတွေထဲမှာလည်း ရှိနိုင်တာပဲ”လို့ ကိုယ်ပြောတော့ “ကျွန်မတော့ မစဉ်းစားတတ်တော့ဘူး။ ဆေးမှူးရော အဲဒီထဲမှာ ပါသွားမှာလား။ အဲဒီအခါကျရင် ကျွန်မကတော့ ကျန်ခဲ့မှာပေါ့နော်” ကိုယ် အကျပ်ရိုက်သွားခဲ့တယ်။ “မပါပါဘူး ဒေးမူရယ်၊ မပါပါဘူး၊ ဒေးမူလည်း မကျန်ခဲ့ပါဘူး” လို့ ပြန်ဖြေမိတယ်။ အဲဒီလို မေးတတ်အောင် ဘာအတန်းပညာမှ မတတ်ရှာတဲ့ ဒေးမူကို ဘယ်အရာက သင်ပေးလိုက်တာလဲ။ ကိုယ်နားမလည်နိုင်တော့ဘူး။ ဘ၀အတွေ့အကြုံကပဲ လား။ မေတ္တာတရားကလား။
အခုအချိန်မှာတော့ ဒေးမူရှိရင် ကိုယ်ခေါ်ပြချင်ပါတယ်။ ကိုယ်ရှိနေသေးတယ်ဆိုတဲ့ အကြောင်းနဲ့ ကိုယ်ပြောခဲ့သလို ပညာတတ်ပြီး ဖောက်ပြန်သွားတဲ့ လူမျိုးစုံတော်လှန်ရေးသမားတွေရဲ့ အကြောင်းကိုလေ။
(၅)
ဒီလိုနဲ့ ကိုယ်တို့ဇာတ်လမ်းဟာ ခဏတာနားဖို့ ဖြစ်လာတယ်။ မာနယ်ပလောမှာ တိုက်ပွဲတွေ ဖြစ်နေပြီတဲ့။ ကြေးနန်းဝင်လာတယ်။ ကိုယ်တို့စစ်ကြောင်းကို အမြန်ဆုတ်လာပါလို့ ညွှန်ကြားထားတယ်။ ဒါနဲ့ ဒေးမူဆီကို နှုတ်ဆက်ရင်းသွားပြောတော့ ဒေးမူက “သွားပေါ့ ဆေးမှူးရယ်။ ဒါပေမယ့် တိုက်ပွဲပြီးရင်သာ အရောက်ပြန်လာခဲ့နော်။ ရွာထဲမှာက ဆေးမှူးနဲ့ ကျွန်မအကြောင်းကို အားလုံးက သိထားကြတယ်” ကိုယ်တို့နှစ်ဦး စကားတွေ ဆက်မပြောနိုင်တော့ဘူး။ တယောက်နဲ့တယောက်လည်း စိုက်ကြည့်မနေကြဘူး။ ပဲခူးရိုးမကိုတွေ့ရတဲ့ တောင်ကုန်းလေးအထက်မှာ။ နေရောင်ဖျော့ဖျော့အောက်မှာ ၀န်းကျင်တခုလုံးကလည်း မြက်ရိုင်းတွေကို လေ၀င်တိုးတဲ့ အသံကလွဲလို့ ဆိတ်ငြိမ်လို့။ “ကိုယ်ပြန်လာခဲ့ပါမယ်။ အားလုံးပြီးသွားရင် ဟိုးမြင်ရတဲ့ တောင်တန်းတွေဆီကို၊ လယ်ကွင်းတွေဆီကို ဒေးမူကို ကိုယ်ခေါ်သွားမယ်” လို့ ကိုယ်ပြောတော့ “ကျွန်မလည်း ဆေးမှူးကို စောင့်နေမယ်လေ။ တကယ်လို့ ဒီတိုက်ပွဲပြီးလို့ ဆေးမှူး ပြန်မရောက်လာခဲ့ရင် ဆေးမှူးပြောပြတဲ့ စာအုပ်ထဲကအတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရတော့မယ်ထင်တယ်” ဆို ပြီး ပြန်ပြောတဲ့ ဒေးမူရဲ့စကား ကိုယ်အခုထိ နားထဲစွဲနေတုန်းပဲ။
(၆)
ဒီလိုနဲ့ ကိုယ်တို့ မာနယ်ပလောခုခံရေးစစ်မှာ ၆ လတာ ခံစစ်ဆင်ခဲ့ရတယ်။ တိုက်ပွဲပြီးချိန် အခိုက်အတန့်လေးတွေမှာ ဒေးမူကို သတိရနေမိတယ်။ နောက်တခုက စိုးရိမ်မိတယ်။ ရွာထဲက ပြောဆိုမှုတွေကြားမှာ ဒေးမူ ကိုယ်ခံအားကျဆင်းပြီး နောက်တယောက်ကိုများ လက်လှမ်းသွားပြီလား ဆိုတာကို။ ဒီလိုနဲ့ ကိုယ်တို့လည်း မိုးကာလ အစပြုတော့ ခံစစ်ကုန်းပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်။ တပ်ရင်းစခန်းမှာ ခဏနားပြီးနောက် ဒေးမူတို့ ဒေသကို တခေါက်ပြန်ရောက်လာခဲ့တယ်။ ဒီတခေါက်ဟာ ကိုယ့်ရဲ့အလွမ်းဇာတ် အစပြုမယ်ဆိုတာ လုံးလုံး မရိပ်မိခဲ့သေးဘူး။ ကိုယ်တို့မရောက်ခင် တပတ်အလိုလောက်မှာ ဒေးမူတို့နေတဲ့ ဂွင်ထဲ ရန်သူတပ်ခွဲတခွဲ ရောက်လာတာကို သိရတယ်။ ဒေသခံတပ်နဲ့ တိုက်ပွဲတွေဖြစ်တာကို သိရတယ်။ ကျန်တာ ပြည့်ပြည့်စုံစုံတော့ မသိရဘူး။ စစ်ကြောင်းက ဒေးမူတို့ ဂွင်စပ်ကို ခြေချပြီး ဒေသခံတပ်မှူးက အရှေ့ကို ဆင်းဖို့ပြောတော့ ကိုယ်တို့စစ်ကြောင်း ဆက်ဆင်းလာခဲ့တာ အဲဒီမှာတင် သတင်းကြားရတော့တယ်။
(၇)
“ကျနော်တို့ တပ်ရောက်သွားတော့။ ရန်သူ့တပ်က ထွက်သွားတာ နာရီဝက်လောက်ပဲ ရှိသေးတယ်။ ဘာလို့ဆိုတော့ ဆေးမှူးရဲ့ကောင်မလေး ခန္ဓာကိုယ်က နွေးနေတုန်းပဲ” ဒေသခံ ရဲဘော်တဦးရဲ့ ရှင်းပြနေသံက မကြားတချက်၊ ကြားတချက်။ အားလုံးပေါင်း ရွာသူရွာသား တဆယ့်လေးယောက် အသတ်ခံခဲ့ရတာတဲ့။ ဒေးမူကို တပ်စုတစုလောက်ရှိတဲ့ စစ်ခွေးတွေက အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့တာတဲ့။
နားထဲကို ချော်ရည်တွေ လောင်းချလိုက်သလိုပါပဲ။ အဲဒီအချိန်မှာ ဒေးမူစိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲ။ ကိုယ်တွေးဖို့တောင်မှ ကြောက်နေခဲ့တယ်။ နာကျင်မှုတွေ၊ ရှက်ရွံ့မှုတွေ၊ ကြောက်လန့်မှုတွေ၊ ခါးသည်းမုန်းတီးမှုတွေ ဘယ်လိုဝေဒနာတွေများ တကိုယ်လုံး တောက်လောင်နေခဲ့မလဲ။ ဟော့ဒီ မြေပုံမို့မို့အောက်မှာ မင်းလဲ လျောင်းနေတာတဲ့။ မင်းဝိဉာဉ်က ကိုယ့်ကို စောင့်ကြည့်နေမှာလား။ ဗမာဆိုပြီး မုန်းတီးနာကျည်းတဲ့ အကြည့်နဲ့လား။ ဒါမှမဟုတ် ကျွန်မကိုသာ လွမ်းရစ်နေပေတော့ဆိုတဲ့ ကျိန်စာနဲ့လား။ သေချာတာကတော့ ကျိန်စာနဲ့သာ တိုက်ထားခဲ့ပါ ဒေးမူ။
ပဲခူးရိုးမကို မြင်ရတဲ့ တောင်ကုန်းကလေးအထက်ကို ကိုယ်တက်လာခဲ့မိတယ်။ “ဆေးမှူး ပြောပြတဲ့ စာအုပ်ထဲကအတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရတော့မယ် ထင်တယ်” ဆိုတဲ့ ကိုယ်နားထဲစွဲကျန်ဆဲ ဒေးမူစကားလေ။ အခုတော့ ကိုယ်က အတိတ်တွေကို ပြန်ပြောပြမယ့် တောင်တန်းတွေကို ဒေးမူကိုယ်စား တသက်လုံး မျှော်ငေးနေရပါပြီ။ ဆက်ပြီးတော့လည်း မျှော်ငေးနေရဦးမှာပါ။ ဟောဒီလောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်မီးကြီး မပြီးဆုံးသရွေ့ပေါ့။ ဒီစစ်ကြီး မပြီးဆုံးသရွေ့လည်း လူမသိ သူမသိ အညတရတွေရဲ့ အလွမ်းဇာတ်တွေဟာလည်း ဆက်ဖြစ်နေဦးမှာပါ။ ကိုယ်နဲ့ ဒေးမူအဖြစ်အပျက်ကလည်း အဲဒီထဲမှာ တပုဒ်အပါအ၀င်ပေါ့။
(၁၉၉၂ ခုနှစ်အတွင်း၊ ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်၊ ကေအဲန်အယ်လ်အေ အမှတ် ၈ တပ်ရင်း၊ ပတ္တလားတောင်အနီးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အား အခြေခံပါသည်။)
ပွင့်သစ်(ကရိန်ကန်)
(နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်၊ မတ်လ၊ ၂၀၀၇ ခုနှစ်မှ ...)
Thursday, February 7, 2013
Subscribe to:
Post Comments (Atom)
2 comments:
ကိုဖိုးဇေရဲ့ ဝတ္ထုလေးကို အမှတ်တရပြန်တင်ပေးထားတဲ့ အတွက် ကျေးဇူးပါ။
တကယ့်အဖြစ်အပျက်အပေါ်အခြေခံပြီးရေးထားတဲ့ ဝတ္ထုလေးကရင်နာစရာကောင်းသလို..စိတ်နာစရာလဲကောင်းပါတယ်။
ဒီလိုစာတွေအများကြီးရေးနိုင်နေသေးပြီး၊သူယုံကြည်ရာ ကို တစိုက်မတ်မတ်လုပ်ကိုင်နေရင်း လွင့်ပါးသွားရတဲ့ ကိုဖိုးဇေ..ကိုနှမြောမိပါတယ်...။
ထပ်တူထပ်မျှခံစားရပါတယ် တပ်မတော်မှာ တပ်နဲ့မတော်တဲကောင်တွေ ရှိနေသမျှ ငြိမ်းချမ်းမှုဆိုတာလဲ ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး
Post a Comment