Wednesday, January 21, 2009

မော်နဲ့ အလီတို့ရဲ့တိုက်ပွဲ

ဦးကြည်းရွှေ

ဒေါက်တာလွဏ်းဆွေရဲ့ ဘလော့ထဲမှာ ၁၃.၀၁.၀၉ နေ့စွဲနဲ့ "ဦးမောင်မောင်ရဲ့ မာဖီးယားဂိုဏ်း" ဆိုတဲ့ ဆောင်း ပါးကို ဖတ်ရပါတယ်။ ဆောင်းပါးပေးပို့သူက မင်းမောင်လှ၊ ဆောင်းပါးပြုစုသူက ၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင်တစုလို့ ဆိုပါတယ်။

ဆောင်းပါးဖတ်ရတဲ့ ပြည်သူတဦးအနေနဲ့ ဒေါသနဲ့အတူ ဝမ်းနည်းတုန်လှုပ်မိပါတယ်။ ဆောင်းပါးရှင်က ၂၀၀၅ ခုနှစ်လောက်မှာ ယူနိုကယ်ကုမ္ပဏီကပေးတဲ့ လျှော်ကြေးငွေ ဒေါ်လာသန်း (၇၀) (ဒီထက်များနိုင်) ဆိုတာကို ဦးမောင်မောင်က ရှင်းလင်းချပြမှုမရှိဘဲ လက်ဝါးကြီးအုပ်လိုက်တယ်ဆိုတဲ့ ကိစ္စပါ။ ဒီကိစ္စသည် အခုမှဘာ ကြောင့် ဖော်ထုတ်ရေးသားရတာလဲ၊ ဆောင်းပါးရှင်တစုသည် အခုမှသိလို့ အခုမှရေးတာလား၊ ဒီလိုမဟုတ်ရင် သုံးလေးနှစ်လောက် ဘာကြောင့်ထိန်ချန်ခဲ့ကြတာလဲ။ ပြည်သူ့အကျိုးစီးပွား၊ ပြည်သူ့ရပိုင်ခွင့်နဲ့ တိုက်ရိုက်ပတ် သက်တဲ့ကိစ္စကို ဒီလောက်ကြာအောင် ဘာကြောင့်စောင့်ဆိုင်းခဲ့ကြတာလဲ၊ ဆောင်းပါးရှင်ဆိုသူများသည် ခေ သူများတော့ မဟုတ်တန်ပါ။ ဦးမောင်မောင်နဲ့ ပတ်သက်ပြီး RFA ဦးတင့်ဇော် (အခြားနာမည်များလည်းရှိ) ကို အသုံးချနိုင်၊ ငွေများများရအောင်ရှာနိုင်၊ FTUB ကို အခြားနိုင်ငံရေးအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံမူဝါဒများနဲ့ မ တူဘဲ လှုပ်ရှားမှုအဖွဲ့တခုလိုလို၊ နိုင်ငံရေးအဖွဲ့လိုလိုနှင့် ပရီပိုဇယ်အများကြီးရနေတယ် ဆိုတာကိုလည်း ၎င်း ဆောင်းပါးရှင်များ သိထားကြပြီးသားပါ။

ယူနိုကယ်ကို တရားစွဲဖို့ စီစဉ်တုံးက KNU, NMSP, ABSDF တို့ဆီမှ အကူအညီ အထောက်အထားတွေ အ များကြီးရယူခဲ့တယ်။ နယ်မြေလူထုနဲ့တကွ၊ အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ တရားစွဲခဲ့တယ်။ တကယ့်တ ကယ် အမှုပိတ်ခ (နှုတ်ပိတ်ခ) လျော်ကြေးရတော့၊ ဦးမောင်မောင်က ဘာမှချပြရှင်းလင်းမှု မလုပ်တော့ဘူးလို့ ဆိုတယ်။ ဒေါ်လာသန်းလေးရာလောက်တောင် ရနိုင်တယ်လို့ဆိုပါတယ်။ ငွေဘယ်၍ဘယ်မျှရကြောင်း အများ ပြည်သူကို ရှင်းလင်းကြပါလို့လဲ တောင်းဆိုထားပြန်ပါတယ်။ ဒီလိုဆိုရင် ပြည်သူ့နစ်နာကြေးသည် ပြည်သူ့အ တွက်သာ ဖြစ်သင့်ပါတယ်။ အကယ်၍ ဆောင်းပါးရှင်တစုက စွပ်စွဲသလိုဟုတ်ခဲ့ရင်လည်း မေးစရာမေးခွန်းတွေ ရှိလာပါတယ်။ FTUB ဦးမောင်မောင်နဲ့ အတူပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ KNU လို အဖွဲ့အစည်းကြီးတွေက ဘာကြောင့်ငြိမ်နေကြတာလဲ။ အဖွဲ့အစည်းခေါင်းဆောင်တွေကို ယူနိုကယ်က နှုတ်ပိတ်ခရတဲ့ ငွေနဲ့ နှုတ်ပိတ်ခံ လိုက်ကြရတာလားလို့ တွေးစရာပါ။

ငွေရေး၊ ကြေးရေးနဲ့ပတ်သက်ပြီး ရေဒီယိုမှာ ဦးမောင်မောင်ရဲ့ အင်တာဗျူးတခုကို သတိထားမိပါတယ်။ ၂၀၀၇ ခုနှစ်လို့ ထင်ပါတယ်။ အချိန်ကတော့ သေသေချာချာ မမှတ်မိပါ။ အကြောင်းအရာကိုတော့ မှတ်မိနေပါတယ်။ မေးတဲ့လူက ဦးမောင်မောင်ဟာ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ငွေကြေးသုံးစွဲမှုမှာ တိကျတဲ့ငွေစာရင်း ထုတ်ပြန် ရှင်းလင်းမှုမရှိဘူးလို့ ပြောဆိုသံတွေကြားနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုပြောချင်ပါသလဲလို့ မေးတော့ ဦးမောင်မောင်က ကျွန်တော့်ကိုတော့ ဘယ်သူကမှ တိုက်ရိုက်လာမေးတာ မတွေ့ရပါဘူးလို့ ပြောပါတယ်။ ထို့ နောက် ဦးမောင်မောင်ကဆက်ပြီး ကျွန်တော်တို့ကို ငွေကြေးထောက်ပံ့နေတဲ့အဖွဲ့တွေဆိုတာ ခိုင်မာကြီးကျယ် စံနစ်ကျတဲ့ အဖွဲ့ကြီးတွေပါ၊ စံနစ်ကျတဲ့ စစ်ဆေးမှုတွေ အော့ဒစ်တွေ ရှိနေတယ်။ သူတို့က ယုံကြည်မှုရှိလို့ ဒီလို ပေးနေတာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ (စကားလုံးအတိအကျ မဟုတ်ပါ)

ဦးမောင်မောင်ရဲ့ ပြောစကားအတိုင်းဆိုရင် FTUB အဖွဲ့ဝင်လူကြီးများအနေနှင့်လည်းကောင်း၊ အခြားပတ် သက်ရာပတ်သက်ကြောင်းအဖွဲ့များမှ လူကြီးများက ဦးမောင်မောင်ရရှိထားတဲ့ ငွေနဲ့သုံးစွဲမှုပြ စာရင်းဇယားကို သေသေချာချာမေးမြန်းကြည့်ရှု သူ တကယ်မရှိဘူးလား။ ဒါမှမဟုတ် ဦးမောင်မောင်က အဖွဲ့အစည်းများ စည်း မျဉ်းစည်းကမ်းအရ တိကျတဲ့ ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွေကို ထုတ်ပြန်ကြေညာထားတာတွေ ပြည့်စုံနေလို့ မေးစရာမလိုလို့ မမေးကြတာလား။ သေချာကတော့ ဦးမောင်မောင်ပြောသလို တိုက်ရိုက်မမေးမြန်းကြပါ။

နိုင်ငံတကာက NGO တွေ အဖွဲ့အစည်းတွေကပေးတဲ့ ပရီပိုဇယ်ဆိုတာကလည်း မျက်စိမှိတ်ပြီးပေးတာမျိုး မ ဟုတ်ပါ။ သူတို့စစ်ဆေးစုံစမ်းရေးတွေနဲ့အတူ ယုံကြည်လောက်မှ ပေးကြတာပါပဲ။ သို့သော် အနှစ် ၂၀ နီးပါး ပရိုပိုဇယ်စားတို့ကတော့ ပိုပြီးသိကြမှာပေါ့။ အဖြူတွေက ဓာတ်သိရင် ညာလို့ကောင်းပါတယ်ကွာဆိုတဲ့ စကား တွေလည်း ကြားဖူးပါတယ်။ သေချာတာတခုကတော့ ပရိုပိုဇယ်ကို အလွဲသုံးစားလုပ်လို့ အရေးယူခံရတဲ့သူလို့ အတိုက်အခံ နိုင်ငံရေးလောကမှာ မကြားဘူးသေးပါဘူး။ နောက်တခုက ပရီပိုဇယ်ကို ပေးတဲ့သူရော၊ ခွဲဝေသုံး စွဲတဲ့သူတွေအထဲမှာ အလွဲသုံးစားဖြစ်ခဲ့လို့ တိုင်ကြားတရားစွဲဆိုဖို့ဆိုတဲ့ ကိစ္စတွေကိုလည်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံတကာဥပဒေပညာနဲ့ မီကမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိဦးမှ၊ ရှိရင်လည်း လုပ်ချင်ဦးမှ လုပ် ရဲမှဖြစ်မှာပါ။ ဒါမျိုးကလည်း မြန်မာ့အတိုက်အခံ နိုင်ငံရေးလောကမှာ အလှမ်းဝေးနေပါသေးတယ်။ သို့သော် ၁၉၉၀ ခု ပါတီစုံရွေးကောက်ပွဲမဲဆန္ဒရှင်တစုဆိုတဲ့ ဆောင်းပါးရှင်တစုက ဦးမောင်မောင်အပေါ်မှာ Credential Challenge (CC) ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ထားတာ တွေ့ရပါသေးတယ်။ အချုပ် ကတော့ ဦးမောင်မောင်ဟာ CC ကိစ္စကို တင်ဖြစ်ခဲ့ရင် ယူနိုကယ်မှာလို ဒေါ်လာထုပ်ကြီး ပိုက်သွားဦးမယ်။ ဦး သိန်းဦးကလည်း ဝန်ကြီးချုပ်ရာထူးကို လက်လွတ်မခံချင်လို့ဟု ဆိုပါတယ်။

ဦးမောင်မောင်တို့က CC လုပ်ငန်းနဲ့ မတိုက်တဲ့ အစိုးရကို ဖြုတ်ချပြီး CC လုပ်ငန်းနဲ့ တိုက်တဲ့ အစိုးရကို ဖွဲ့ရမယ်၊ တင်ရမယ်ဆိုပြီး MPU, NCGUB, MP များကို သပ်လျှိုဖြိုခွဲနေတယ်ဟုလည်းကောင်း၊ CC လုပ်ငန်းသည် တ ကယ်ပဲ ထိရောက်မယ်ဆိုရင် န.အ.ဖ ပြုတ်ကျမှာကို ဦးစိန်ဝင်းမှအစ MP အားလုံး စိုးရိမ်မယ့်သူတယောက်မှ မရှိဘူးဟုလည်း ဆိုထားပါတယ်။ ဆောင်းပါးရှင်တွေက ဦးမောင်မောင်သည် နိုင်ငံရေးအင်အားစုများကိုလည်း စီးမိ၊ CC အစ်ရှုးကြောင့်လည်း ပွပေါက်တိုးမယ့် တချက်ခုတ်၊ နှစ်ချက်ပြတ်အကြံကို ဦးစိန်ဝင်းက လက်မခံ၊ ဒါ ကြောင့် NUG အစိုးရသစ်တခု ထပ်ဖွဲ့တယ်လို့ ယူဆနိုင်အောင် ဖော်ပြထားပါတယ်။ CC ကိစ္စနဲ့ NUG အစိုးရ သစ်ဖွဲ့မယ့်ပြဿနာအထုပ်ကြီးသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့လက်ထဲမှာရှိတယ်ဆိုပြီး ဆောင်း ပါးရှင်တစုက သူတို့ယုံကြည်မှုနဲ့ ပုံအပ်နေတာကိုလည်း တွေ့ရပြန်ပါတယ်။ MPU ညီလာခံကို ဦးမောင်မောင် စိတ်ကြိုက် အမေရိကန်မှာမလုပ်ဘဲ အိုင်ယာလန်မှာလုပ်ဖို့ သတ်မှတ်လိုက်ခြင်းကိုလည်း ဆောင်းပါးရှင်တွေက အထူးလေးစားဂုဏ်ပြုနေကြပါတယ်။

ဆောင်းပါးရှင်ဆိုသူများသည် ဦးမောင်မောင်သွားနေသည့် လမ်းကြောင်းကို ကောင်းကောင်းသိထားပါသည်။ သို့သော် အခုမှထပြီး NUG အစိုးရသစ်ဖွဲ့မည်ဆိုတဲ့အသံကို ကြားမှ ပြာရီးပြာယာဖြစ်သွားပြီး နဂိုက ရေရှည် တော်လှန်ရေးလမ်းစဉ်ကြီးကို မရေမရာ လျှောက်လှမ်းနေတဲ့ အစိုးရသစ်တခု၏ အင်္ဂါရပ်နဲ့ သိက္ခာ ၀.၅ ရာခိုင် နှုန်းလောက်သာရှိတဲ့ တစ်ဆယ့်ရှစ်နှစ်ကြာမျှ မြန်မာပြည်သူတွေကို မျှော်လင့်ချက်မှားတွေ ပေးခဲ့မိတဲ့၊ မျက် နှာပြောင်ပြောင်နဲ့ ရှေ့ဆက်ပြီး မရေမရာ လျှောက်လှမ်းနေကြဦးမယ့် ပြတ်သားတဲ့ နိုင်ငံရေးလမ်းစဉ်ကို တိတိ ကျကျ မကြေညာနိုင်ဘဲ၊ စီအာပီပီရဲ့ လက်အောက်ခံလိုလို၊ ပြည်တွင်း NLD ရဲ့ ဦးဆောင်မှုအောက်ကလိုလို၊ ပြည်တွင်း NLD က လုံးဝ အသိအမှတ်ပြုခြင်းကိုလည်း မခံရတဲ့ ပြည်ပရောက် NCGUB နဲ့ MP တွေကို " ဆောင်းပါးရှင် ၁၉၉၀ ခုနှစ်ပါတီစုံ ရွေးကောက်ပွဲ မဲဆန္ဒရှင်တစု " ဆိုသူများသည် ပြာရီးပြာယာနဲ့ အတင်းကြီး နတ်ရူးဘုံမြှောက် လုပ်လိုက်ကြခြင်းသည် စဉ်းစားစရာတော့ ဖြစ်နေပါသည်။

ဘာကြောင့်လဲဆိုတော့ ပြည်ပရောက်နိုင်ငံရေးအင်အားစုဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ အဲဒီအဖွဲ့အ စည်းတွေရဲ့ ဘုံရည်မှန်းချက်မရှိမှုမှအစ အားနည်းချက်တွေ၊ ယိုယွင်းချက်တွေကို သိရှိနေကြပြီးသားဖြစ်ပါ လျက် အခုလို ဦးမောင်မောင်နဲ့အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခြင်းသည် ဦးမောင်မောင်တို့က နိုင်ငံ ရေးအဖွဲ့သစ်၊ မူဝါဒသစ်တွေနဲ့ ဆက်လက်ချီတက်မယ်ဆိုတာကို ဦးစိန်ဝင်းကို ဦးထိပ်ရွက်ပြီး အသုံးချနေသော ဆောင်းပါးရှင်တစုက သိပ်ပြီးကြောက်သွားကြလို့လား၊ အမေရိကန်ဝင်လာရင် န.အ.ဖနဲ့ ပေါင်းပြီး ပြည်ချစ်စစ် ပွဲကြီးကို ဆင်နွှဲမယ်ဆိုတဲ့ ဗ.က.ပ တွေလို ဦးမောင်မောင်တို့အဖွဲ့ကိုလည်း န.အ.ဖ နဲ့ ပေါင်းပြီး တိုက်များတိုက် ချင်လို့လား သံသယပွားစရာတွေ တပုံကြီးဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် ခေတ်သစ်မော်စီတုန်းနဲ့ အလီဘာ ဘာတို့ရဲ့ တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေရပါတော့မည် ဖြစ်ပါသည်။

ကျေးဇူးတင်လျက် …
ဦးကြည်းရွှေ
ခေတ္တ-ကာလီဖိုးနီးယား
အမေရိကန်

No comments: