Friday, January 9, 2009
မြေခွေးတစ်ကောင် မစားသောက်ဖူးတဲ့ ညစာ (ကဗျာ)
မြေလွတ် တော်တော်များများ ရှိတာနဲ့
စပျစ်ပင်တွေ တပိုင်တနိုင် စိုက်မိတဲ့အခါ
မြေခွေးတွေက ဟားတိုက်လှောင်ပြောင်ကြတယ်။
ဒါနဲ့ စပျစ်သီးဆွတ်တဲ့ တေးတွေ
မြေခွေးတို့ရဲ့ တဲအိမ်ပေါ် နွေဦးနဲ့အတူ ပျံ့လွင့်ခဲ့
ညမှာ စပျစ်ဝိုင်ချက်တဲ့ အနံ့တွေ ယစ်မူးလာခဲ့
သူတို့ အိပ်မပျော်နိုင်ကြတော့ဘူး။
မြေလွတ်တွေ တော်တော်များများ စပျစ်ခင်းဖြစ်လာတဲ့အခါ
မြေခွေးတွေ သူတို့မြေမှာ ဘာစိုက်ရမှန်းမသိ
သူတို့ရဲ့ ကောက်ကျစ်တဲ့ ဦးနှောက်ထဲ ဘာအသီးအရသာရှိမှန်းမသိ
ဘုရားသခင်ကလည်း တိတိကျကျ မညွှန်းဆိုခဲ့တော့
သူတို့ရဲ့ သိက္ခာတွေက ခြောက်သွေ့တဲ့ မြေလွတ်တွေလို
ကျက်သရေမဲ့လာတယ်။
ဒီလိုနဲ့ ဆာလောင်မှုမီးတဟုန်းဟုန်းတောက် မြေခွေးတွေက
သူတို့ရဲ့ ဒေါသဖြစ်နေတဲ့ ၀ိညာဉ်တွေကို နှစ်သိမ့်လို့
မြေခွေးအခွင့်အရေး ကာကွယ်ထိန်းသိမ်းဖို့ အစဉ်အလာ ဆုံးဖြတ်ချက်အတိုင်း
ကျိန်စာသင့် မြေလွတ်မြေရိုင်းတွေပေါ်မှာ တုံးကနဲ တုံးကနဲ သေဆုံးပြကြ။
ကျနော်ဟာ
စပျစ်သီးတလုံးနဲ့ ပတ်သက်ပြီး
ဒီထက်မလေ့လာမိခဲ့ဘူး
စပျစ်သီးတလုံးရဲ့ အချက်အလက်ကို
ဒီထက်ပို မတင်ပြနိုင်ခဲ့ဘူး။
စပျစ်သီးစိုက်တဲ့သူလည်း မဟုတ်ဘူး
မြေခွေးတွေရဲ့ ရယ်သံကို ကြားခဲ့ရသူလည်း မဟုတ်ဘူး
စပျစ်သီးခိုးစားတဲ့ မြေခွေးတစ်ကောင်လည်း မဟုတ်ခဲ့ဘူး။
ကျနော်ဟာ စပျစ်သီးတစ်လုံးကြောင့် ဖြစ်လာတဲ့ ပုံပြင်သက်သက်ပါ
စပျစ်သီးတစ်လုံးကြောင့် နာမည်ပျက်ခဲ့ရတဲ့
စပျစ်သီးစစ်စစ်တစ်လုံး ဖြစ်ရုံကလွဲပြီး …။
ကျနော်ဟာ
မြေခွေးတစ်ကောင် မစားသောက်ခဲ့ဖူးတဲ့ ညစာပါ။ ။
ပိုင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၂ ခုနှစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment