Sunday, January 4, 2009

ဒုက္ခသုက္ခတွေ၊ ဆုံးရှုံးမှုတွေအလွန် ၂၀၀၉

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

၂၀၀၈ ခုနှစ်ကတော့ နိဋ္ဌိတံသွားပေပြီ။ သမင်လည်ပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ခုနှစ်ဟာ မြန်မာပြည်သူပြည် သားတွေနဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေအဖို့ ဒုက္ခသုက္ခအရောက်ဆုံးနှစ်၊ အဆုံးအရှုံးအများဆုံးနှစ် လို့ ပြောရပါမယ်။ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ အတိုက်အခံအင်အားစုတွေ အထူးလေးစားအားကိုးတဲ့ ကေ အင်ယူအမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရတယ်။ ဧပြီလ (၇) ရက်မှာ မြန်မာပြည်သူပြည်သားတွေ ကြည်ညိုလေးစားဦးထိပ်ထားတဲ့ စာရေးဆရာမကြီး အမေလူထုဒေါ်အမာ ကွယ်လွန်အနိစ္စရောက်တယ်။ မေလ (၂) ရက်နေ့ ညနဲ့ (၃) ရက်နေ့ မနက်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရန်ကုန် တိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေကို နာဂစ်ဆိုင်ကလုန်မုန်တိုင်းဝင်မွှေလို့ အပြစ်မဲ့ပြည်သူတွေ တသိန်း ခွဲလောက်သေဆုံးပြီး နှစ်သန်းခွဲလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။

အဲဒီလို အဆုံးအရှုံးတွေ ဒုက္ခသုက္ခတွေ များလွန်းလှတဲ့ကြားထဲမှာ စစ်အုပ်စုက မျက်နှာပြောင်တိုက် လိမ်လည် ကျင်းပတဲ့ ညောင်နှစ်ပင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲကို အားမတန် မာန်လျှော့ ပြီး လက်ပိုက်ကြည့်နေခဲ့ရတယ်။ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ စစ်ကျွန်ပြုရေး အခြေခံဥပေဒ (၂၀၀၈) ကို အတည်ပြုကြောင်း တဖက်သတ် ကြေညာသွားခဲ့တယ်။ ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေ အပါအ၀င် ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ရဟန်းရှင် လူ ကျောင်းသားပြည်သူအတော်များများ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရပြီး ဝေးလံသီခေါင်တဲ့ နယ်စွန်နယ် ဖျားထောင်တွေဆီ အပို့ခံရတယ်။ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ၀င်တွေ ဒုက္ခအဖုံဖုံ အလီလီ ကြုံတွေ့ခံစားကြရတယ်။ ဒီကြားထဲမှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သ မား (၅၄) ယောက် ကွန်တိန်နာကားထဲမှာ အသက်ရှူကျပ်ပြီး သေရတဲ့ ဖြစ်ရပ်လိုမျိုး စိတ်ထိခိုက်ကြေကွဲစရာ အဖြစ်ဆိုးတွေကိုလည်း မကြာခဏ ကြားခဲ့ရပြန်ပါတယ်။

ဆိုတော့ … ကုန်လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ဟာ မြန်မာပြည်သူတွေနဲ့ အတိုက်အခံတွေအဖို့ ပြန်တွေးချင်စရာ မ ကောင်းလောက်အောင်ကိုပဲ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။ အကြီးအကျယ် ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ မင်္ဂ လာရှိတဲ့ ဖြစ်ရပ်ဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာမေ၀င်းမြင့်တို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရာကနေ ပြန်လည်လွတ်မြောက်လာ ကြတာလောက်ပဲ ရှိပါတယ်။

အဲဒီလို ဒုက္ခအကျပ်အတည်းတွေ၊ စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်မှုတွေကို ခါးစည်းခံခဲ့ကြရပေမယ့် မြန်မာပြည်သူ တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ ဒူးထောက် လက်မြှောက်သွားခြင်း၊ ကြောက်ရွံ့ နောက်တွန့် သွားခြင်း အလျဉ်းမရှိခဲ့ပါဘူး။ သန်းခေါင်ထက် ညဥ့်မနက်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ပိုလို့ပင် သတ္တိရှိလာကြ ပြီး တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့ ၂၀၀၉ နှစ်သစ်ထဲ ၀င်ရောက်လာခဲ့ကြတာကို ဆရာကြီး ဦးဝင်းတင်ရဲ့ ကိုယ်တွေ့နဲ့ယှဉ်တဲ့ ပြောစကားတွေက သက်သေပြနေပါတယ်။

''အခု ကျနော်သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေ မယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြော ဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာမ ရှိဘူး။ အဲဒီတော့ ကျနော်ထင်တယ် ဒီလိုထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက် သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ် ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာမဟုတ်ဘူး။ ကျနော့်ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီ တော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာ လည်းမဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတာက အကျဉ်း ထောင်ထဲမှာရောက်နေတဲ့ ကျောင်းသားလူငယ်တွေတင် မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့မိဘတွေ ကလည်း ဘာမှကို ဂရုစိုက်မှာမဟုတ်ဘူး။ ဘာမှ ကြောက်မှာမဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မ ဟုတ်ဘူးလို့ဘဲ ပြောချင်တယ်''

ဘယ်လောက်ပဲ ဝေးလံသီခေါင်တဲ့ ထောင်တွေကို ပြောင်းရွှေ့ပါစေ စိတ်ဓာတ်မကျဘဲ ရင်ဆိုင်မှာပါဆိုတဲ့ (လေလှိုင်းတွေမှာ ကြားကြရတဲ့) နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဇနီးသည်တွေ၊ မိသားစုဝင်တွေရဲ့ နှုတ် ထွက်စကားတွေဟာလည်း အဖိနှိပ်ခံနေရတဲ့ ပြည်သူလူကြီးအတွက် အားဆေးတွေပါပဲ။ အဲဒီလို အဖိနှိပ်ခံပြည် သူတချို့ရဲ့ စကားသံတွေကို နားဆင်ကြည့်ရင် စစ်အစိုးရက ဘယ်လို ဘယ်လောက်ပဲ ဒုက္ခပေးပေး ဖိနှိပ်ဖိနှိပ် မြန်မာပြည်သူတွေဟာ "ဖိရင်ကြွမယ် ထိရင်ချမယ်" ဆိုတဲ့အသိနဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ ခေါင်းမော့ရင်ကော့ထားတဲ့ အနေအထားမှာ အသင့်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အနေ အထားဟာ ဦးဆောင်မှုကောင်းကောင်းသာ ရှိပါစေ၊ မကြောက်မရွံ့ နောက်မတွန့်ဘဲ လိုက်ပါဆင်နွှဲ အုံကြွ ပေါက်ကွဲဖို့ ရင့်မှည့်နေတဲ့ အနေအထားမှာ ရောက်ရှိနေတာ ထင်ရှားပါတယ်။

အဲဒီတော့ စစ်အာဏာရှင်စနစ်အောက် လွတ်မြောက်ဖို့အတွက် ၂၀၀၉ ထဲမှာ အတိုက်အခံအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုဦးဆောင်မှုပေးနိုင်တဲ့ အနေအထားတွေရှိမလဲ၊ ဘယ်လိုတိုက်ပွဲဝင်ဖို့ ပြင် ဆင်နိုင်မလဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုမယ်ထင်ပါတယ်။ တိုက်ပွဲဝင်မှုအပိုင်းကို ကြည့်မယ်ဆိုရင် ဦး ဆောင်ပါတီ အန်အယ်လ်ဒီအပါအ၀င် ပြည်တွင်းပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အ စည်းတွေ၊ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရဲ့ လှုပ်ရှားနိုင်မှု အခြေအနေအရပ်ရပ်ကို တွက်ဆကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အန်အယ်လ်ဒီပါတီက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ပြည်သူ့လွှတ် တော်ခေါ်ယူပေးရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တောင်းဆိုနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အန်အယ်လ် ဒီဗဟိုကော်မတီက နအဖဖွဲ့စည်းပုံအခြေခံဥပေဒ (၂၀၀၈) ကို ပြန်လည်သုံးသပ်ရေးအတွက် ၆ လ အချိန်ပေး ပြီး တောင်းဆိုထားပါသေးတယ်။ ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်း တော်တော်များများကလည်း အန် အယ်လ်ဒီ တောင်းဆိုတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးကိုပဲ တောင်းဆိုနေကြတာတွေ့ရပါတယ်။

စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကလည်း တဖြေးဖြေး နီးကပ်လာတာမို့ တောင်းဆိုနေမှုတွေ ဟာ လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှုရှိမရှိကို အလျင်အမြန်ဆုံးဖြတ်ပြီး ဖြစ်နိုင်ခြေမရှိရင် ပြင်ဆင်သင့်တာ ကို ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ မဖြစ်နိုင်တာကို ထိုင်ပြီးတောင်းဆိုနေရင် အချိန်ဖြုန်းသလိုဖြစ်ပြီး လုပ်သင့် လုပ်ထိုက် ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာကို မလုပ်မိ မပြင်ဆင်မိ ဖြစ်တတ်တာကို ရွှေဝါရောင်တော်လှန်ရေး ကနေ သင်ခန်းစာရထားပြီး ဖြစ်ပါတယ်။ ဘလော့မှာ တလကြာ စစ်တမ်းကောက်ယူကြည့်ချက်အရလည်း မြန် မာ့ဒီမို ကရေစီရေးစိတ်ဝင်စားသူ ၁၀၃၉ ဦးက ဆန္ဒပြုရာမှာ ၈၃ % က တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေမရှိဘူး လို့ ဆန္ဒပြုကြတာကိုတွေ့ရပါတယ်။ ဆန္ဒပြုသူတွေအနေနဲ့ နအဖနဲ့အန်အယ်လ်ဒီတို့ရဲ့ ရှေ့ကဖြစ်စဉ်တွေ အား လုံးကို ယှဉ်ထိုးသုံးသပ်ပြီး ဖြစ်နိုင်ခြေမရှိဘူးလို့ တွက်ဆမဲပေးခဲ့ဟန်တူပါတယ်။

တကယ့်လက်တွေမှာလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေဟာ မရှိသလောက် နည်းပါးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုဟာ ရွှေဝါရောင်တော်လှန်ရေးလို နာဂစ်လို ဖိအားတွေ ကြီးကြီးမားမား ကျရောက် တုန်းကတောင် တွေ့ဆုံဆွေးနွေးရေးဆိုတာကို အယောင်ပြလောက်သာ အသံပေးပြီး ဖိအားတွေလည်း နည်း သွားရော လျစ်လျူရှု မျက်ကွယ်ပြုခဲ့တာကို တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။ သူတို့အာဏာတည်မြဲဖို့အတွက်ဆို လိမ်ဖို့ညာဖို့ ကတိက၀တ်ဖောက်ဖျက်ဖို့ ၀န်မလေးတတ်တဲ့ စစ်အုပ်စုရဲ့ စရိုက်သဘောထားကို သိပြီးဖြစ်ပြီမို့ အခုလို အခြေအနေ (စစ်အုပ်စုအပေါ် ဖိအားတွေ လျော့ပါးနေချိန်) မှာ တွေ့ဆုံဆွေးနွေးရေးကို ဆက်မျှော်နေ မယ့်အစား အစွမ်းကုန် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ခြင်းကသာ အကျိုးများမယ်လို့ မြင်မိပါတယ်။ နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်ရေးနဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူနိုင်ရေး ဆိုတာတွေဟာ တောင်းရုံနဲ့ ရလာမယ့်အရာ တွေ မဟုတ်တဲ့အတွက် တိုက်ယူဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ နအဖဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေးဟာ ဖြစ်နိုင်ခြေမရှိတော့ဘူးလို့ သုံးသပ် ရင် အန်အယ်လ်ဒီအနေနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို နောက်ဆုံးအနေနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစား ကြည့် သင့်သလို အချိန်မရွေး အုံကြွပေါက်ကွဲနိုင်တဲ့ တိုင်းပြည်ရဲ့အနေအထားမှာ လူထုတိုက်ပွဲပေါ်လာရင် အ ဆင်သင့် ဦးဆောင်မှုပေးနိုင်ဖို့၊ တိုက်ပွဲကို အဆုံးသတ်နိုင်ဖို့ အတိုက်အခံအဖွဲ့အစည်းတွေအားလုံးနဲ့ ညှိနှိုင်းပြင် ဆင်ထားဖို့ လိုမယ်လို့ မြင်မိပါတယ်။ အခြားနည်းလမ်းတရပ်အနေနဲ့လည်း လူထုတိုက်ပွဲဖော်ဆောင်ရေး၊ စစ်အ စိုးရယန္တရား ရပ်ဆိုင်းရေးကို ရှေးရှုတဲ့ ၂၀၁၀ မတိုင်မီ ပြည်လုံးကျွတ် အထွေထွေသပိတ်ပေါ်ပေါက်ရေးကို လည်း အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုနဲ့ ညီညီညွတ်ညွတ် လှုံ့ဆော်ကြံဆကြည့်သင့်တယ်လို့ အကြံပြုလိုပါတယ်။ အဲသလိုမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးကို ထိုင်စောင့်ရင်း ဖြစ်နိုင်ခြေမရှိတဲ့အခါကျမှ နအဖ ကျင်းပမယ့် ၂၀၁၀ ကို ခြေဦးလှည့်မယ်ဆိုရင်တော့ ၉၀ မှာ မဲပေးခဲ့တဲ့ ပြည်သူလူထုကြီး အမှန်တကယ် ရင်ကျိုးကြရမှာ ဖြစ်သလို အန်အယ်လ်ဒီရဲ့ သမိုင်းဟာလည်း အမဲစက်တင်ကျန်ပြီး ပြည်ဖုံးကားချရတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့ “နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာ အရေးကြီးပါတယ်။ သက်ဝင်နေရ မယ်၊ လှုပ်ရှားနေရမယ်၊ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကို ခေါင်းဆောင်နိုင်ရမယ်။ ခေါင်းဆောင်တယ်ဆိုတာလည်း စည်း ရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့မရဘူး၊ ဆိုင်းဘုတ်တင်ထားရုံနဲ့လည်း ခေါင်းဆောင်လို့ မရဘူး။ အ မြဲတမ်းလှုပ်ရှားနေရမယ်” လို့ ဆရာကြီး ဦးဝင်တင် ပြောတဲ့အတိုင်း အန်အယ်လ်ဒီအနေနဲ့ တနှစ်သာ အချိန် ရတော့တဲ့ ၂၀၀၉ ခုနှစ်ထဲမှာ တိုက်ပွဲဝင်ဖို့၊ တိုက်ပွဲဖော်ဖို့ အစွမ်းကုန် စည်းရုံးလှုပ်ရှားရတော့မယ်လို့ မြင်မိပါ တယ်။ အဲဒီလို စည်းရုံးလှုပ်ရှားနိုင်ဖို့အတွက် ပါတီတွင်း ဦးဆောင်းမှုအပိုင်းမှာ ပြုပြင်သင့် ပြောင်းလဲသင့်တာ တွေကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။

ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေအနေနဲ့ကတော့ ၂၀၁၀ မတိုင်မီ စစ် ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ အစွမ်းကုန်ဖိအားပေးနိုင်ဖို့ ပြင်ဆင်ကြရမှာဖြစ်သလို ၂၀၁၀ ပြီးတဲ့အထိ ကျေနပ်လက်ခံနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်း မပေါ်ပေါက်ခဲ့ရင်လည်း ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် ပြင် ဆင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ တပ်ပေါင်းစုဖွဲ့စည်းရေးကို ဦးတည်ကြိုး ပမ်းကြရမှာဖြစ်သလို ကျစ်လစ်ခိုင်မာပြီး အမှန်တကယ် အင်အားတောင့်တင်းတဲ့ မဟာမိတ်လက်နက်ကိုင်တပ် ပေါင်းစု ဖွဲ့စည်းနိုင်ရေးကိုလည်း ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုမယ်လို့ မြင်မိပါတယ်။ ဒါမှသာ ပြည်တွင်းက တိုက်ပွဲ ခေါ်ရင် (သို့) ပြည်တွင်းမှာ တိုက်ပွဲပေါ်ပေါက်လာရင် တညီတည်း တသံတည်း ထောက်ခံအားပေး ၀န်းရံနိုင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ၂၀၀၉ ခုနှစ်ထဲမှာ အတိုက်အခံတွေအနေနဲ့ အပူတပြင်း လုပ်ဆောင်ရမယ့် လုပ် ငန်းစဉ်တွေ တသီတတန်းကြီး ရှိနေတယ်လို့ မြင်ပါတယ်။ အဲဒါကြောင့်မို့ စစ်အစိုးရဆီက လိုက်လျောမှာကို မျှော်လင့်စောင့်စားမနေဘဲ ကိုယ့်ဘက်က လုပ်စရာရှိတာ၊ လုပ်နိုင်တာတွေကို တက်ညီလက်ညီ အားသွန်ခွန် စိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ တောင်းတာကိုရပ်ပြီး အတွင်းအပြင် ညီညီညွတ်ညွတ် တိုက်ပွဲ ခေါ် လုပ်ဆောင်နိုင်မယ်ဆိုရင် စစ်အုပ်စု စိတ်ကူးယဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ လမ်းကြောင်းပြောင်း သွားပြီး မြန်မာပြည်သူတွေ ငံ့လင့်နေတဲ့ ဒီမိုကရေစီပန်းတိုင်ကို အသေအချာ လှမ်းကိုင်နိုင်မယ်လို့ မြင်မိ ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

No comments: