ရဲရင့်အောင် (နယူးဒေလီ)
ဆေးပေါင်းခတဲ့ နှစ်
၂ဝဝ၉ ခုနှစ် ရောက်ပါပြီ။ ပြည်သူတွေအတွက် - ဓာတ်သက်အားကောင်း ဆေးပေါင်းခမယ့်၊ ပန်းပေါင်းဝေဆာ ချောမွေ့သာယာမယ့် နှစ်လား။ ဒါမှမဟုတ် နောင်အရေး စိတ်မအေးရတဲ့ နှစ်များ ဖြစ်မှာလား။ တပ်အပ်မပြော နိုင်ပါ။
တဖက် ဗဟိုချက်မ ရင်ညွန့်ဆီကို ပစ်ခွင်းဖို့အရေး ဆန့်ကျင်ဘက် အင်အားစုတွေ မျက်ခြေမပြတ် စောင့်ဆိုင်း ကြမယ့် အခါသမယဆိုတာက အသေအချာပါပဲ။ မိတ်ဘက်/ရန်ဘက်တွေရော၊ ကြားက ခွထိုင်သူတွေအတွက် ပါ ထိပ်တိုက်တိုးနိုင်တဲ့ ကာလပါ။
တက်ကြွလှုပ်ရှားတိုက်ပွဲဝင်သူတွေနဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုသူတွေကို ၂ဝဝ၉ က လက်ယပ်ခေါ်နေပါပြီ။ ခြေတလှမ်းမှားတာနဲ့ သက်ရောက်မှုက ဆိုးကျိုးများသာ ဖြစ်သွားနိုင်ပါတယ်။ လွတ်မြောက်ဖွယ်ရာနဲ့ ချောက် ကျစရာ၊ စီးပွားပျက်စရာနဲ့ စီးပွားတက်ဖွယ်ရာ၊ အဲဒီလို အစွန်းထွက်နှစ်မျိုးနဲ့ စခန်းသွားရဖွယ်ပင်။
၂ဝ၁ဝ အဆုံးအဖြတ်ကို ၂ဝဝ၉ ကနေ ပြဋ္ဌာန်းသွားနိုင်ပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ထုံးစံအတိုင်း ဆေးခါးတိုက်ဖို့ နောက်တွန့်မှာ မဟုတ်သလို၊ နိုင်ငံရေးအရ ပေါင်းဖက်ရင် စီးပွားရေး အခွင့်အလမ်းတွေ ဖိပုံ ပေးဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ အတိုက်အခံတွေဘက်ကတော့ အထူးအထွေ ရွေးချယ်စရာ နည်းပါး ပြီး၊ ကျားနဲ့ဆင် လယ်ပြင်မှာ တိုးဝှေ့ပေရော့၊ ယှဉ်ပေရော့ ဆိုသလိုပါပဲ။ လေလောက်နဲ့ မရတော့ဘဲ လက်တွေ့ အားဖြင့် ခံချင်ခံ၊ စံချင်စံရမယ့် အခြေအနေပဲ ကျန်ပါတော့တယ်။ ရန်သူကတော့ သူ့သွားရိုးသွားစဉ်အတိုင်း သွားနေမှာပါပဲ။
၂ဝ၁ဝ ရွေးကောက်ပွဲအတွက် သူခိုးကို ဓားရိုးကမ်းမယ့် ဆန္ဒမဲတွေပဲ သန္ဓေတည်မှာလား၊ တော်လှန်အုံကြွမှု တွေ ထူထပ်နေမှာလား။ ဒါမှမဟုတ် မယ်မယ်ရရ ဖမ်းဆုပ်နိုင်စွမ်းမရှိဘဲ အာဏာလွန်ဆွဲပွဲ ဝရုန်းသုန်းကားလှုပ် ရှားမှုတွေ ဖြစ်သွားမှာလား။ ကြိုတင်တစ်ပေးမယ့်၊ နိမိတ်ဖတ် ကျိန်စာတိုက်မယ့် အနေအထားများ ပေါ်ထွက် လာတော့မယ်။
အခိုင်အမာ စုစည်းနိုင်တဲ့ဘက်က အဆုံးအဖြတ်ပေးမှာပါ။
သူတို့အတွက်တော့ ဆေးပေါင်းခတဲ့နှစ် ဖြစ်မှာပေါ့။
နေသာသပ လေညာက
ရန်သူအတွက် စစ်တပ်ဟာ တခုတည်းသော အားကိုးရာ၊ အတွင်းအင်အားပါ။ တပ်ရှိသရွေ့ ဘယ်အရာမှ ဂရု စိုက်မှာ မဟုတ်ပါ။ အတိုက်အခံတွေဘက်က မဆွဲနိုင်သရွေ့ စစ်တပ်ကြီးခမျာ အခိုင်းအစေ ကျွန်ဘဝက ကျွတ် လွတ်ဖွယ် မမြင်ပါဘူး။ ဘုံလုပ်ငန်းစဉ်မရှိဘဲ တိုက်ပွဲဝင်ရင် ရန်သူက နေသာသပ လေညာကပါပဲ။ စစ်တပ်ကြီး ကလည်း သတိ၊ သက်သာ၊ နေမြဲပဲ ဖြစ်နေပါလိမ့်မယ်။
ရန်သူက ၂ဝ၁ဝ ကို ပြင်နေပါပြီ။ ဒါပေမယ့်လည်း ပြည်သူ့စိတ်နှလုံးကို ထိုးဖောက်နိုင်စွမ်းမရှိလို့ အခြေခံကျကျ မပြင်နိုင်ပါ။ ဒါက သူ့ပြဿနာ။ ကိုယ့်ဘက်မှာ ဒီပြဿနာမရှိပါ။ ပြည်သူ့ရင်ထဲမှာ အတူတကွ တလုံးတဝတည်း နက်နက်ရှိုင်းရှိုင်း ရှိနှင့်နေပြီးသား။ ဒါပေမယ့် ပြည်သူလူထုအနေနဲ့ ပိုင်းဖြတ်ချက်မှန်မှန်နဲ့ နိုးကြားတက်ကြွပြီး ပြုပြင်ပြောင်းလဲလိုတဲ့ အာသာဆန္ဒတွေ ပြင်းထန်လာအောင် နေထိုင်လုပ်ကိုင်ဖို့တော့ လိုအပ်ပါတယ်။
အခုလို ဟိုဘက်ဒီဘက် အခြေခံအားသာချက်၊ အားနည်းချက်တွေရှိနေတဲ့ အခြေအနေကြားထဲမှာပဲ နေရင်း ထိုင်ရင်း ပွဲမဝင်ခင်ကတည်းက ရှုံးခဲ့ပြီလို့ တွက်ထားသူတွေ ရှိပါတယ်။ သူတို့ထဲမှာ လေးစား၊ အားထားရသူ တွေ ပါပါတယ်။ လက်ရှိအနေအထားမှာ တကယ့်အန္တရာယ်ပါ။ ပညာရှင်တွေ၊ နိုင်ငံရေးပရောဟိတ်တွေက ဖွဲ့ စည်းပုံ ပြီးကတည်းက ပွဲပြတ်ပြီ၊ လူထုဟာ မတိုက်နိုင်တော့ဘူးဆိုပြီး ရွေးကောက်ပွဲဝင်ရေး တိုက်တွန်းနေတာ ပါ။ အန်ဂျီအိုတွေကလည်း ဘေးတီးပေးလို့ပေါ့။ သူတို့က ၂ဝ၁ဝ အလွန်အတွက် ပြင်နေတယ်။ ဝင်ပေါက်ကို ပညာ သားပါပါ ချောင်းနှင့်နေတာ။
ရယ်စရာတခု ပြောရပါဦးမယ်။ သူငယ်ချင်းတွေ ပြောဖူးတယ်။ "ကိုယ်တို့ကတော့ ဆည်ပေါက်ကနေ ထိုင် စောင့်နေတဲ့ ဗျိုင်းလိုပဲ။ မျောလာတဲ့ဟာ ကောက်စားလိုက်ရုံပဲ" တဲ့။ နောက်တယောက်က "ဒါဆို ချေးတုံးကြီး မျောလာရင်လည်း ကောက်သာစားလိုက်" တဲ့။
၂ဝ၁ဝ ရှုံးပြီဆိုဦးတော့၊ သူတို့တွေ အမြော်အမြင်ကြီးလို့ဆိုပြီး ချီးမကျူးနိုင်ပါ။ လူထုရဲ့ နိုးကြားတက်ကြွနေတဲ့ ရေချိန်ကို ဆွဲချခဲ့သူတွေအဖြစ်ပဲ အနာဂတ်မှာ အသိအမှတ်ပြုချင်ပါတယ်။ သူတို့က ကျောင်းသင်္ခန်းစာတွေ လောက်နဲ့တင် လူထုခေါင်းဆောင်တွေအဖြစ် မှတ်ယူနေသလို၊ အာဏာရှင်တွေလိုပဲ လူထုရဲ့ရှေ့ရေးကို အ ကြားအမြင်ရသူတွေလို ကိုယ့်ဟာကိုယ် ထင်မြင်နေဟန်တူပါတယ်။
လူထုဘာပြောတယ်ဆိုတာ ရေဒီယိုတွေကနေ ကြားနေရပါတယ်။ ဆရာသမားတို့ကို လမ်းညွှန်နေတာ အဲဒီ ပြည်သူတွေပဲ ဖြစ်စေချင်ပါတယ်။ သူတို့အသံတွေကို ခင်ဗျားတို့ သင်ကြားထားတဲ့ ပညာတွေအတိုင်း စနစ်တ ကျ စုစည်းသုံးသပ်ပေးပါ။ ဆက်လက်တည်ဆောက်မှုကတော့ ခင်ဗျားတို့ရဲ့ ပညာရပ်တွေ ဖြစ်နိုင်ပါတယ်။ ဒါ့ အပြင် မကုန်ဆုံးနိုင်တဲ့ ပညာတွေအဖြစ် ဆက်လက် သင်ယူစေမှာက အခြေခံက ပြည်သူတွေပါ။
ပြည်သူလူထုသဘောဆန္ဒနဲ့ ကွဲလွဲတဲ့ အသံတွေ ကျယ်လောင်လာတာကို ရန်သူက ကြိုက်လှပါတယ်။ ကိုယ် တိုင် အင်အားစိုက်ထုတ်စရာမလိုဘဲ သူ့အလိုလို ပြိုကွဲနေတာမျိုးကို ပိုလိုလားပါတယ်။ ယိုယွင်းပျက်စီးပြီး တ ယောက်တပေါက်နဲ့ ဘုံလုပ်ငန်းစဉ်မဲ့နေတဲ့ တိုက်ပွဲမျိုးကိုတော့ ရန်သူက နေသာသပ လေညာကပါပဲ ခင်ဗျား။
တခုတည်းသောအသံ
ပြည်သူကို အထင်ကြီးတဲ့၊ ခေါင်းဆောင်အဖြစ် အရာထားတဲ့၊ ပြည်သူ့အသံဗလံတွေကို လမ်းညွှန်ချက်အဖြစ် ခံ ယူသူတွေကိုပဲ ကျနော်တို့က အသိအမှတ်ပြုချင်တာ။ ၃-၄ နှစ် ကျောင်းသင်ခန်းစာတွေကို အလေးထားပေ မယ့် အရင်းရှင်နိုင်ငံတွေက ပညာတွေကို ဆည်းပူးပြီး ပြည်သူ့အကြောင်း အကုန်သိပြီလို့ မထင်မှတ်စေလိုပါ။ ကျနော်တို့တော့ ကကြီးတန်းကနေ လေ့လာနေတုန်းပါ။
"ကျုပ်တို့တပ်ဖွဲ့ထဲက ပျော့ညံ့ညံ့ အတွေးအခေါ်မှန်သမျှကို ဖယ်ရှင်းပစ်ရမယ်။ ရန်သူ့အင်အားကို ပို တွက်ပြီး ပြည်သူ့အင်အားကို လျှော့တွက်တဲ့ အမြင်တွေ အကုန်လုံးမှားတယ်"
(မျက်မှောက်အခြေအနေနှင့် ကျွန်ုပ်တို့၏ တာဝန်၊ ၁၉၄၇-၁၂-၂၅၊ အတွဲ ၄)
"တရားသေဝါဒ၊ အတွေ့အကြုံဝါဒ၊ အမိန့်ပေးဝါဒ၊ နောက်မြီးဆွဲဝါဒ၊ ဂိုဏ်းဂဏဝါဒ၊ ဗျူရိုကရေစီ ဝါဒ၊ အလုပ်လုပ်ရာမှာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သဘောထား စတဲ့ ချွတ် ယွင်းချက်တွေဟာ တကယ့်ကို မကောင်းရတဲ့ အကြောင်းကတော့၊ တကယ့်ကို မလိုလားအပ်ရတဲ့ အကြောင်းကတော့ ဘယ်သူပဲဖြစ်ဖြစ် ဒီချွတ်ယွင်းချက်တွေရှိရင် မုချပြုပြင်ရမယ့် အကြောင်းက တော့ ဒါတွေဟာ လူထုနဲ့ ကင်းကွာစေလို့ပဲ"
(ညွန့်ပေါင်းအစိုးရ၊ ၁၉၄၅-၄-၂၄၊ အတွဲ ၃)
သူတို့နဲ့ မတူကွဲပြားတဲ့ ကျန်အင်အားစုတွေက ဒီအခြေခံပေါ်မှာ ရပ်တည်၊ စုစည်းသင့်ပါတယ်။ အန်အယ်ဒီ၊ တိုင်းရင်းသားအင်အားစု၊ မီဒီယာ၊ နယ်စပ်ထိုင် ပြည်တွင်းထိုးဖောက်ရေးလှုပ်ရှားသူတွေဟာ ၂ဝ၁ဝ အရေးမှာ တာဝန်အရှိဆုံးပါ။ မီဒီယာကနေ ပြည်တွင်းကို ကျယ်လောင်စွာ အသံပေးနိုင်တဲ့ ဘယ်သူမဆိုလည်း တာဝန်ရှိ ပါတယ်။ လူထုလိုအပ်ချက်အတိုင်း ကိုက်ညီအောင် မနေရင် လူထုနဲ့ ကင်းကွာပြီး ဘေးထွက်ရပါမယ်။ ပြည်သူ လူထုက နိုးကြားတက်ကြွစွာ တောင်းဆိုနေတဲ့အတိုင်း တသားထဲ လိုက်ပါအသံပြုဖို့ လိုပါတယ်။
ပြည်တွင်းက ကျပ်တည်းနေပေမယ့် ပြည်ပမှာ ချောင်လည်ပါတယ်။ တသံထဲဖြစ်လောက်အောင် အစိုးရ၊ ကောင်စီ၊ ဒီမိုကရက်တစ်နဲ့ တိုင်းရင်းသားအင်အားစု မလုပ်နိုင်ရင် လူကြားသူကြားမှာ အတည်ပေါက်နဲ့ မစားရ ဝခမန်းပြောတတ်၊ မဖြစ်ညစ်ကျယ်လုပ်တတ်၊ လက်တွေ့မကျတဲ့ လုပ်ရပ်တွေဟာ သေဆုံးတော့မှာပါ။ အားနာ လို့ အားနာကောင်းမှန်း မသိ၊ အားကိုးလို့ အားကိုးမှန်း မသိ မဖြစ်စေလိုပါ။
ရန်သူက ရှင်းပါတယ်။ လူထုရဲ့ ထင်မြင်ချက်တွေ ဝေဝါးထွေပြားအောင်၊ စိတ်တွေ ခြောက်ခြားမှောက်မှား အောင် တောက်လျှောက်လုပ်နေခဲ့တာ။ အခုလည်း ဖောက်ပြန်ရေး အင်အားစုတွေကတဆင့် လွဲမှားတဲ့ အယူ အဆတွေ သွတ်သွင်းနေပြီ။ ဗုံးတွေနဲ့ ခြိမ်းခြောက်၊ သေနတ်ပြ ဟိန်းဟောက်ရင်း အရိုင်းတဖက် အယဉ်တဖက် နဲ့ လူထုရဲ့ ဂုတ်ကို ဆွဲတယ်၊ လည်မြိုညှစ်နေတယ်။
စစ်ခေါင်းဆောင်တချို့ ယူနီဖောင်းချွတ်၊ ကြံ့ဖွတ်နဲ့ အပစ်ရပ်တွေ အမည်ပြောင်း ပါတီထောင်ဖို့ လုံးပမ်းနေ တယ်။ လမ်းပြမြေပုံ အဆင့် ၅ ဆီ သွားနေတယ်။ ကျန်တဖက်မှာ လူထုခေါင်းဆောင်တွေက ထောင်ကျ၊ လွတ် လပ်စွာ စည်းရုံးလှုပ်ရှားခွင့် မရ၊ အများပြည်သူတွေ သောက။
လူထုနဲ့ အနီးကပ်ဆုံးနေတဲ့သူတွေ ရှိပါသေးတယ်။ ပြည်တွင်းမှာသာမက၊ ပြည်ပကနေလည်း လူထုနဲ့ တထပ် ထဲကျတဲ့ အယူအဆတွေနဲ့ နေတဲ့သူတွေပါ။ ပြည်တွင်းခေါင်းဆောင်တွေ လုပ်ကွက်မသာတဲ့အချိန် ပြည်ပက စုစည်းတက်ကြွတဲ့ အင်အားစုတွေက တခုတည်းသော အသံမျိုး ဖော်ထုတ်မြှင့်တင်နိုင်တဲ့ နည်းလမ်း ရှိရမှာပါ။ ခေါင်းဆောင်ကြီးတွေအဖို့ ၂ဝ၁ဝ မနိုင်ရင် ပြည်တွင်းထဲဝင်၊ ဒါမှမဟုတ် ပြည်ပမှာ သေချင်ရင်လည်း သေရဖို့ တောင် ဖြစ်နိုင်ပါတယ်။ ငြင်းမရတဲ့ အနာအဆာတွေကတဖက်၊ အရေးထဲ အရာထဲမှာ ခေါင်းဆောင်ဖြစ်ပြီး စည်းရုံးနိုင်စွမ်းမရှိလို့ အခြေမလှတာက တဖက်၊ ဒုက္ခနဲ့ အရှက် တွဲဖက်ထားသင့်ပါတယ်။
"ခေါင်းဆောင်အများစုကသာ တက်ကြွပြီး၊ လူထုကြီးရဲ့ တက်ကြွမှုနဲ့ မပေါင်းစပ်ရင် လူအနဲစုက အ လကား အလုပ်များနေတာသာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် လူထုကြီးကသာ တက်ကြွပြီး၊ အင်အား တောင့်တင်းတဲ့ ခေါင်းဆောင်အဆင့်က လူထုရဲ့ တက်ကြွမှုကို ကောင်းကောင်းစည်းရုံးမပေးရင် အဲ ဒီတက် ကြွမှုဟာ ကြာရှည်ခံမှာ မဟုတ်တဲ့အပြင် မှန်ကန်တဲ့ဘက်ကိုလည်း ရှေ့ရှုသွားအောင် လုပ် ပေးနိုင်လိမ့်မယ်မဟုတ်၊ မြင့်မားတဲ့အဆင့် ရောက်အောင်လည်း မြှင့်တင်ပေးနိုင်လိမ့်မယ်မဟုတ်" (ခေါင်းဆောင်နည်းများနှင့် ပတ်သက်သော ပြဿနာတချို့၊ ၁၉၄၃-၆-၁၊ အတွဲ ၃)
ဒါက ၂ဝဝ၉ ဝေဒနာ ကောက်ကြောင်း တချို့တလေပါ။
(အစောင်း စာပိုဒ်များမှာ 'ဥက္ကဋ္ဌကြီး မော်၏ သြဝါဒများ' စာအုပ်မှ ကောက်နုတ်ချက်များဖြစ်ပါသည်။ ကမ္ဘာ ကျော် ကွန်မြူနစ်ခေါင်းဆောင်တဦး၏ သဘောတရားရေးရာ ကျမ်း၊ လမ်းညွှန်ချက် မှာတမ်းအဖြစ် ယူဆပါ သည်။ ပြည်သူလူထုအပေါ် ထားရှိအပ်သည့် သဘောထားများကို သဘောကျသည့်အတွက် ကိုးကားတင်ပြ ခြင်းသာ ဖြစ်ပါသည်။ ကိုက်ညီသည့် ကိုးကားချက်များ မဖြစ်ပါက မြန်မာကွန်မြူနစ်ရဲဘော်များကို တောင်း ပန်ပါသည်။)
ရဲရင့်အောင် (နယူးဒေလီ)
Thursday, January 1, 2009
၂ဝဝ၉ - ဝေဒနာကောက်ကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment