တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၈)
ဒီမိုကရေစီနိုင်ငံကို ပုံဖော်ရာမှာ ယဉ်ကျေးမှုနဲ့ လူမှုအရင်းအနှီးများရဲ့ အကျိုးသက်ရောက်မှု
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ ခုနှစ် စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
ဒီမိုကရေစီနိုင်ငံကို ပုံဖော်ရာမှာ ယဉ်ကျေးမှုနဲ့ လူမှုအရင်းအနှီးများရဲ့ အကျိုးသက်ရောက်မှု
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ ခုနှစ် စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
တလောက ပြည်တွင်းကထုတ်တဲ့ International Eleven Journal မှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရတယ်။ ‘ဒီမိုကရေစီသွတ်သွင်းမှုနှစ်မျိုး၌ လူမှုအရင်းအနှီးနှင့် ယဉ်ကျေးမှုနှစ်မျိုးကို စစ်ကြည့်ခြင်း’ ဆိုတဲ့ ဆောင်းပါးပါ။ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် သုံးသပ်ဆင်ခြင်စရာတွေပါတဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။ ဒီမိုကရေစီနိုင်ငံကို ပုံဖော်တည်ဆောက်ရာမှာ ယဉ်ကျေးမှုနဲ့ လူမှုအရင်းအနှီးတွေရဲ့ အကျိုးသက်ရောက်မှုကို ဆန်းစစ်ထားတာပါ။
ယဉ်ကျေးမှုဟာ အပျော့ထည်ပါဝါ ဆိုပေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးတို့အပေါ် စူးစူးရှရှ ခပ်စပ်စပ် သက်ရောက် မှုရှိပါသတဲ့။ နိုင်ငံရေးသိပ္ပံပညာရှင် လောရင့်စ်ဟာရီဆန်ကတော့ သူ့ရဲ့ Central Liberal Trust စာအုပ်မှာ ယဉ်ကျေးမှုကို အခြေခံအားဖြင့် (၁) တိုးတက်မှုကို အားပေးတဲ့ ယဉ်ကျေးမှု (Progress-prone culture)နဲ့ (၂) တိုးတက်မှုကို ခုခံတဲ့ ယဉ်ကျေးမှု (Progress-resistant culture) ဆိုပြီး နှစ်မျိုးခွဲခြားထားပါသတဲ့။ တိုးတက်မှု ကို အခုအခံမရှိ အားပေးတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိတဲ့ လူအဖွဲ့အစည်းတွေမှာ ဒီမိုကရေစီစနစ်ကို တည် ဆောက်ရင် အောင်မြင်ဖြစ်ထွန်းလွယ်တယ်လို့ သူက ဆိုလိုတာပါ။ အယူသည်းမှုတွေ၊ အစွန်းရောက်မှုတွေ၊ အမြင်ကျဉ်းမြောင်းမှုတွေ၊ ခေတ်နဲ့ မလျော်ညီတော့တဲ့ ၀တ်စားဆင်ယင်မှုတွေ၊ ရိုးရာဓလေ့ထုံးစံတွေ၊ သက်ဝင် ယုံကြည်မှုတွေဟာ တိုးတက်မှုကိုခုခံတဲ့ အရာတွေပဲလို့ လောရင့်စ်ဟာရီဆန်က ဆိုလိုပုံရပါတယ်။
ဟုတ်ပါတယ်။ ကျနော့်တို့ မြန်မာလူ့အဖွဲ့အစည်းမှာလည်း အဲသလို တိုးတက်မှုကို အခုအခံဖြစ်စေတဲ့ ယဉ်ကျေး မှု ဓလေ့ထုံးစံတွေ အများကြီး မဟုတ်တောင် အတော်အသင့် ရှိနေတယ်လို့ ထင်ပါတယ်။ အရိုးရှင်းဆုံး ဥပမာ အနေနဲ့ ကျနော်တို့ နိုင်ငံသား အများစုဝတ်တဲ့ အ၀တ်အစားကိုပဲ ကြည့်ပါ။ ကျနော်တို့ နိုင်ငံသား အများစုဟာ ဘယ်လိုလုပ်ငန်းခွင်မျိုးကိုပဲ သွားသွား ယောင်္ကျားဆိုရင် ပုဆိုး၊ မိန်းမဆိုရင် ထမီပဲ ၀တ်ကြတာများတယ်။ ပု ဆိုး၊ ထမီဝတ်စားမှုဟာ ဥာဏအားကိုးတဲ့ လုပ်ငန်းကိုင်ငန်းတွေမှာ သိပ်အခုအခံမရှိလှပေမယ့် ကာယအားကို ဦးစားပေးလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာတော့ ဘောင်းဘီရှည်ထက် ပိုပြီးအခုအခံဖြစ်စေတာ အမှန်ပဲ။ ပုဆိုးနဲ့ ထမီဝတ်တာက ဘောင်းဘီရှည်ဝတ်တာထက် လုပ်ငန်းခွင်အန္တရာယ်နဲ့ ပိုမိုကြုံတွေ့ရနိုင်ပြီး အလုပ်ပြီးမြောက်မှု အပိုင်းမှာလည်း ပိုမိုဖင့်လေးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါက ကျနော်တို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းထဲက အ သေးအဖွဲ ဥပမာလေးပါ။
ကျနော်တို့ လူ့အဖွဲ့အစည်းမှာ တိုးတက်မှုကို အခုအခံဖြစ်စေတဲ့ အခြားသော ကျင့်ဝတ်တွေ၊ ဓလေ့ထုံးစံတွေ၊ အတွေးအခေါ် အယူအဆတွေရှိတယ်ဆိုရင်လည်း ပြတိုက်မှာ ထားသင့်တဲ့အရာကိုထားပြီး ဘယ်လိုအရာမျိုး တွေကိုပဲ ဆက်လက်သယ်ဆောင်သင့်တယ်ဆိုတာကို သက်ဆိုင်ရာပညာရှင်တွေက သေသေချာချာ စေ့ငုတင် ပြပေးရင် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အများကြီး အကျိုးရှိနိုင်မှာပါ။ အခုက တည်းက ပြင်ဆင်ထားကြဖို့ လိုမယ်လို့ မြင်မိပါတယ်။
ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးမှာ ပြောထားတဲ့ နောက်တချက်က ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ လူ မှုအရင်းအနှီး (Social capital)ဟာ ဗဟိုသော့ချက် ဖြစ်ပါသတဲ့။ ဒါလည်း နိုင်ငံရေးသိပ္ပံပညာရှင် လောရင့်စ် ဟာရီဆန်ရဲ့ အယူအဆပါပဲ။ ဒီမိုကရေစီသစ်ပင် ပေါက်မပေါက် ဆိုတာကို မိမိတို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူ မှုအရင်းအနှီးရဲ့ ပကတိအခြေအနေကို သုံးသပ်ရမယ်။ နောက်ပြီး ယဉ်ကျေးမှုအရ တိုးတက်မှုကို အားပေးသ လား ဒါမှမဟုတ် ခုခံနေသလား ဆိုတဲ့အပေါ်မှာလည်း မူတည်ပါသတဲ့။ ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးတဲ့ ဖက် ဆစ်နိုင်ငံတွေဖြစ်တဲ့ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေမှာ ဒီမိုကရေစီသွတ်သွင်းမှု အောင်မြင်ခဲ့တာဟာ လူမှုအရင်း အနှီးအားကောင်းပြီး ယဉ်ကျေးမှုအရလည်း တိုးတက်မှုကို အခုအခံ ဖြစ်စေတဲ့ အရာတွေ နည်းပါးလို့ပါတဲ့။ အီ ရတ်မှာ ဒီမိုကရေစီသွတ်သွင်းမှု မအောင်မြင်ဘဲ မချိမဆန့် ပြိုလဲနေတာကျတော့ လူမှုအရင်းအနှီး အလွန်အ မင်း ဆင်းရဲခေါင်းပါးပြီး တိုးတက်မှုကို အခုအခံဖြစ်စေတဲ့ အရာတွေက များပြားလွန်းလို့ပါတဲ့။
လောရင့်စ်ဟာရီဆန်ပြောတဲ့ လူမှုအရင်းအနှီး ဆိုတာကတော့ (၁) စာတတ်မြောက်မှု မြင့်မားခြင်း၊ အသိပညာ မြင့်မားခြင်း (၂) လူ့အဖွဲ့အစည်းဟာ အင်စတီကျူးရှင်းတွေနဲ့ ဖွဲ့စည်းမှုရှိခြင်း (Institutionalized Society) (၃) လူ့အဖွဲ့အစည်းဟာ အက်ကွဲပြိုကွဲမှု မရှိဘဲ စုစည်းမှုရှိခြင်း (Unified Society)နှင့် (၄) အဖွဲ့အစည်းများဖွဲ့ပြီး ဆောင်ရွက်တဲ့ ဓလေ့ထုံးစံ အင်အားကြီးမားခြင်း (Strong Tradition of Association) စတာတွေကို ရည် ညွှန်းတာပါတဲ့။
လက်ရှိအခြေအနေမှာတော့ စစ်အစိုးရအဆက်ဆက် ဖျက်ဆီးထားတဲ့ ကျနော်တို့နိုင်ငံဟာ လောရင့်စ်ဟာရီ ဆန်ပြောတဲ့ လူမှုအရင်းအနှီးဆိုင်ရာ ရည်ညွှန်းချက်ကြီး (၄) ရပ်စလုံးမှာ လိုအပ်ချက်တွေ အမြောက်အမြားရှိ နေဆဲပါ။ ရည်ညွှန်းချက် (၁) နဲ့ (၂) ကိုတော့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အားထုတ်မှု၊ နိုင်ငံတကာကူညီမှုတွေ နဲ့ အလျင်အမြန်တိုးတက်အောင် အကောင်အထည်ဖော်လို့ရနိုင်ပေမယ့် ကျနော်တို့ကို ခက်ခဲစေမယ့် အပိုင်း တွေကတော့ ရည်ညွှန်းချက် (၃) နဲ့ (၄) လို့ ထင်မိပါတယ်။
အီရတ်မှာဆိုရင် ရည်ညွှန်းချက် (၃) ဖြစ်တဲ့ ‘လူ့အဖွဲ့အစည်းသည် အက်ကွဲပြိုကွဲမှု မရှိဘဲ စုစည်းမှုရှိခြင်း’ဆိုတဲ့ လူမှုအရင်းအနှီးကြီး အဓိကခေါင်းပါးလို့ ဒီမိုကရေစီသွတ်သွင်းမှု မအောင်မမြင်ဖြစ်ရတာပါတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အီရတ်မှာ အင်အားတွေက ပြောက်သောက်၊ ဘာသာရေးဂိုဏ်း အမျိုးမျိုး၊ လူမျိုးစုဂိုဏ်း အမျိုးမျိုး၊ စစ်ဘုရင်တွေက အမျိုးမျိုးနဲ့ အများစုတွေက အာဂျင်ဒါတွေ မျိုးစုံ၊ ဓားပြလူဆိုးဂိုဏ်းတို့က တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို အကြောင်းမျိုးစုံပြပြီး အားလုံးက အားလုံးကို တိုက်ခိုက်သတ်ဖြတ် နေကြလို့ပါတဲ့။
အဲဒါကြောင့်မို့ အီရတ်ပဋိပက္ခကို ပြည်တွင်းစစ်လို့တောင် မခေါ်နိုင်တော့ဘူးတဲ့။ ပြည်တွင်းစစ်ဆိုတာက ရန် ဘက်အင်အားစုတွေ သတ်သတ်မှတ်မှတ်ရှိတယ်။ ကိုယ့်ခေါင်းဆောင် ကိုယ့်နောက်လိုက် ပီပီပြင်ပြင်ရှိတယ်။ ခေါင်းဆောင်တွေနဲ့ အပေးအယူ သဘောတူညီချက်တွေ လုပ်လို့ရတယ်။ ဒါပေမယ့် အီရတ်မှာ အဲဒါမျိုးတွေ တခုမှ မရှိဘူးတဲ့။ ပြည်တွင်းစစ်လက္ခဏာ ပျောက်နေပြီး ပြည်တွင်းစစ်ရဲ့ အနက်အဓိပ္ပါယ်ကို ကျော်လွန်နေ တယ်တဲ့။ ဒါကြောင့် ပြည်တွင်းစစ် အဆုံးသတ်ရေး ဆိုတဲ့အမြင်နဲ့ အီရတ်ပဋိပက္ခကို အဖြေရှာဖို့ ပြောလာသူ တွေဟာ ရူးသွပ်လို့သာ ဖြစ်ရမယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီး မင်းက ပစ်ပစ်ခါခါ ပြောဆိုခဲ့ပါသတဲ့။
သောမတ်စ်ဖရီးမင်းရဲ့ သုံးသပ်ချက်နဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ပဋိပက္ခက အီရတ်လို မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း နှစ်ပေါင်း ၆၀ နီးပါးကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ကို ဒီကနေ့အထိ မငြိမ်းသတ်နိုင်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ ပြည်တွင်းစစ်က ကိုယ့်ခေါင်းဆောင် ကိုယ့်နောက်လိုက် ပီပီပြင်ပြင်ရှိပြီး အပေးအယူလုပ်လို့ရတဲ့ ပြည်တွင်းစစ်ပါ။ စစ်အုပ်စုက တဖက်သတ် ဗိုလ်ကျ ပြီး ချေမှုန်းရေးလမ်းစဉ်ကိုပဲ ကျင့်သုံးနေလို့သာ ပြည်တွင်းစစ်မီးတောက်ကို ငြှိမ်းလို့မရနိုင် ဖြစ်နေတာပါ။ စစ် အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရတက်လာရင် နိုင်ငံရေးနည်းနဲ့ ပြေလည်အောင် ငြှိမ်းသတ်လို့ရမယ့် ပြည် တွင်းစစ်ပါ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အခက်အခဲ အတားအဆီးတွေ ရှိ ကောင်းရှိနိုင်ပေမယ့် သောမတ်စ်ဖရီးမင်းပြောသလို ရူးသွပ်မှုမဟုတ်တာတော့ သေချာပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းလို့ ရနိုင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည် တွင်းစစ် စတင်ကတည်းက အပွဲပွဲနွှဲခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ၁၉၅၇ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာထုတ်ပြန်တဲ့ ‘ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျနော်၏ သဘောထား’ဆိုတဲ့ စာတမ်းမှာ အခုလို ရေးသားခဲ့ပါတယ်။
“နိုင်ငံရေးသည် ပြည်တွင်းစစ် အတက်အကျ၏ ကျောရိုးမဏ္ဍိုင် ဖြစ်သည်။ စစ်ရေးသည် အထောက်အကူ အ ပိုင်းသာ ဖြစ်သည်။ သူပုန်အရေးနိမ့်စေမည့် ထူးခြားသည့် နိုင်ငံရေးပြောင်းလဲမှုမပါဘဲ စစ်ရေးသက်သက်ဖြင့် သာ ရင်ဆိုင်နေလျှင် သူပုန်အရေးမှာ အလွန်ရှည်ကြာ ခက်ခဲနိုင်ကြောင်း၊ လက်ရှိအစိုးရအနေနဲ့ စစ်ရေးသက် သက်ချည်း အားမကိုးဘဲ နိုင်ငံရေးအရ ကြိုးစားသင့်ကြောင်း၊ ဤအတိုင်း ဆက်သွားနေပါက ပြည်တွင်းစစ်ကြီး ရှည်ကြာသွားမည့် အလားအလာရှိကြောင်း၊ စစ်တပ်တိုးချဲ့ရ၍ ပြည်တွင်းစီးပွားရေးလည်းကျဆင်းနိုင်ကြောင်း၊ စစ်ရေးသက်သက်ဖြင့် နောက်ထပ် ၇ နှစ် ဆက်တိုက်လျှင်လည်း၊ သူပုန်အင်အား မကျဆင်းနိုင်ကြောင်း … … လက်ရှိပြည်သူလူထုတို့၏ ဒုက္ခမျိုးစုံ ဆုံချက်ဖြစ်နေသည့် ပြည်တွင်းစစ်ကြီးကို ပြည်သူလူထုအကျိုးစီးပွားပြု နိုင်ငံရေးအခြေခံပေါ်တွင် ရပ်စဲနိုင်ပါက တိုင်းပြည်အပေါ် အကြီးမားဆုံး အကျိုးပြုနိုင်ချက်ဟုလည်း ယုံကြည် လာမိပါသည်”
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ယုံကြည်ခဲ့တဲ့အတိုင်း နအဖ ပြုတ်ကျပြီး နောက်တက်လာမယ့် အရပ်သားအ စိုးရက နိုင်ငံရေးနည်းနဲ့ ပြေလည်အောင် အားထုတ်ကြိုးပမ်းမယ်ဆိုရင် ပြည်တွင်းစစ်သံသရာဟာ ချုပ်ငြိမ်း နိုင်မယ့် အနေအထားရှိတဲ့အတွက် ဟာရီဆန်ရဲ့ ရည်ညွှန်းချက် (၃) ဖြစ်တဲ့ Unified Society ဟာ ကျနော်တို့ နိုင်ငံမှာ မုချဖြစ်လာနိုင်တယ်လို့ ဆိုရမှာပါ။ နောင်လာမယ့် နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။
ရည်ညွှန်းချက် (၄)ဖြစ်တဲ့ ‘အဖွဲ့အစည်းများ ဖွဲ့ပြီးဆောင်ရွက်တဲ့ ဓလေ့ထုံးစံအင်အား ကြီးမားခြင်း’ဆိုတဲ့ အ ပိုင်းကိုလည်း ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ အထူးတလည် ကြိုးပမ်းအားထုတ်ဖို့ လိုဦးမယ်လို့ မြင်မိပါ တယ်။ ချစ်လွယ်၊ မုန်းလွယ်၊ ကွဲလွယ်၊ ပြဲလွယ်၊ ထိုးနှက်လွယ်၊ တိုက်ခိုက်လွယ်၊ အပုပ်ချလွယ်ဆိုတဲ့ အတိတ် ကာလ ပါလီမန်ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေရဲ့ အကွဲအပြဲဇာတ်လမ်းတွေကို သင် ခန်းစာယူပြီး နိုင်ငံရေးယဉ်ကျေးမှုမြင့်မားအောင် ကျင့်ကြံအားထုတ်ကြရဦးမှာမို့လို့ပါ။ လွယ်လွယ်ကူကူ ကျင့် ကြံနိုင်ကြမှာ မဟုတ်ပေမယ့် မဖြစ်နိုင်တဲ့အရာလည်း မဟုတ်တဲ့အတွက် ဒီမိုကရေစီစနစ်ကို ခိုင်မြဲစေချင်သူ တွေအနေနဲ့ အထူးသတိထားပြီး ကျင့်ကြံအားထုတ်ကြရမယ့် ရည်ညွှန်းချက်ဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် လော့ရင့်စ်ဟာရီဆန် တင်ပြတဲ့ ယဉ်ကျေးမှုနဲ့ လူမှုအရင်းအနှီး နှစ်မျိုးအပေါ် အခြေခံပြီး ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ပုံဖော်တည်ဆောက်နိုင်မယ့် အနေအထားကို ယှဉ်ထိုးဆန်းစစ်ကြည့်ခြင်း ဖြစ်ပါတယ်။
ဒေါက်တာလွဏ်းဆွေ
No comments:
Post a Comment