တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၂)
လူထုခေါင်းဆောင်ကို ၀န်းရံရေး
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
လူထုခေါင်းဆောင်ကို ၀န်းရံရေး
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
မလွတ်မြောက်သေးတဲ့ တိုင်းပြည်တွေရဲ့ တိုက်ပွဲနိုင်ငံရေးကာလတွေမှာ တိုက်ပွဲထဲကနေ လူထုခေါင်းဆောင် တွေ ပေါ်ထွက်လာစမြဲပါပဲ။ လူထုခေါင်းဆောင်ဆိုတာ လူထုက နာမည်သိရုံပဲသိတဲ့ ခေါင်းဆောင်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ရင်ထဲအသည်းထဲက တကယ့်ကို ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်မျိုးကို ဆို လိုတာပါ။ ယုံကြည်ကိုးစားတယ် ဆိုရာမှာလည်း သူသာလျှင် တိုင်းပြည်ကိုလွတ်မြောက်အောင် လမ်းပြနိုင် မယ်၊ အောင်ပွဲဆီရောက်အောင် ဦးဆောင်ခေါ်ငင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုမျိုးပါ။
ဟိုအရင်တခေတ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟတ္တမဂန္ဒီတို့ဟာ တိုက်ပွဲထဲက ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်း ဆောင်တွေ ဖြစ်ခဲ့ကြသလို ဒီဘက်ခေတ်မှာဆို တောင်အာဖရိကက နယ်လ်ဆင်မင်ဒဲလား၊ ပိုလန်က ၀ါလက် ဆာ၊ ချက်က ဗားကလပ်ဟာဘယ်လ်၊ တောင်ကိုးရီးယားက ကင်ဒေးဂျုံတို့ဟာ တိုက်ပွဲထဲက ထွက်ပေါ်လာခဲ့တဲ့ အထင်ကရ လူထုခေါင်းဆောင်တွေပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ရှစ်လေးလုံးတိုက်ပွဲထဲကနေ ပေါ် ထွက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုက ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင်ဖြစ်တယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။
လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခဲ့၊ ၀င်နေဆဲ ဘယ်တိုင်းပြည်မှာမဆို ပြည်သူလူထုတွေအနေနဲ့ သူတို့ရဲ့ နှ လုံး သားထဲက သူတို့အတွက် အမှန်တကယ် အနစ်နာခံ ပေးဆပ်တယ်လို့ ခံစားယုံကြည်သူကိုသာ လူထုခေါင်း ဆောင်အဖြစ် လက်ခံအားကိုးကြစမြဲပါ။ ထိုပုဂ္ဂိုလ်မျိုးဟာ လူထုရဲ့နှလုံးသားထဲမှာ အခိုင်အမာ နေရာယူပြီးသား ဖြစ်လို့ သူ့နေရာကို အခြားဘယ်သူကမှ ဘာနဲ့မှ လဲယူချင်လို့ မရနိုင်ပါဘူး။ အဲဒီလို လူထုခေါင်းဆောင်ရှိတဲ့ တိုင်းပြည်မှာ အဆိုပါလူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးအတွေးအခေါ်၊ နည်းပရိယာယ်ပေါ်မူတည်ပြီး တိုက်ပွဲအ ရှိန်အဟုန်ဟာ အနှေးအမြန် သိသာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သူ့ရဲ့ ဦးဆောင်မှု နောက်ကို တသွေးတသံတမိန့် နဲ့ တက်ညီလက်ညီ လိုက်ပါဆောင်ရွက်တတ်လို့ပါပဲ။
ဒါပေမယ့် လူထုခေါင်းဆောင်တိုင်းမှာ လိမ္မာပါးနပ်ပြီး ပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသမားရဲ့ အရည်အချင်း မျိုးရှိ ချင်မှ ရှိမှာပါ။ ရှိကြတာတော့ များပါတယ်။ သေချာတာတခုကတော့ သူ့မှာ ရိုးသားမှုရယ်၊ တိုင်းပြည်နဲ့ လူ မျိုးအ တွက် အဆုံးစွန်ဆုံး အနစ်နာခံပေးဆပ်လိုတဲ့ စိတ်ရယ် အပြည့်အ၀ရှိတာပါပဲ။ လူထုအနေနဲ့ကလည်း အဲဒီစိတ်ဓာတ်အပေါ်ပဲ အဓိကထား ယုံကြည်ကိုးစားတာကိုး။ ဒါပေမယ့် တိုက်ပွဲဆိုတာက ရှေ့ဆုံးကနေ အနစ် နာခံပြီး မဆုတ်မနစ်ဦးဆောင်တိုက်ပွဲဝင်ပေးမယ့် ခေါင်းဆောင်ရှိဖို့လိုသလို သူနဲ့အတူ နိုင်ငံရေးနည်းပရိယာယ် ကောင်းကောင်းလည်း တပါတည်း ကပ်ပါနေမှ အောင်ပွဲကို မြန်မြန်ဆန်ဆန်ရမှာ ဖြစ်ပါတယ်။
အဲဒီတော့ လူထုခေါင်းဆောင်တွေမှာ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးပရိယာယ် ရှိကြတာများပေမယ့် မရှိခဲ့ရင်လည်း ရှိတဲ့သူတွေက ၀န်းရံပြီး အကြံကောင်း ဥာဏ်ကောင်းတွေ ပေးကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မဟတ္တမ ဂန္ဒီရဲ့ နောက်မှာ ဂျဝါဟာလာနေရူး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ သခင်မြ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ နယ်ဆင်မင်ဒဲလားရဲ့နောက်မှာ သာဘိုအမ်ဘီကီတို့လို နိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေက ၀န်းရံ ပေးခဲ့ကြတာပါပဲ။ ဒါဟာ ထင်သာမြင်သာရှိတဲ့ သူတွေကို ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။ အဆိုပါ လူထုခေါင်း ဆောင်တွေရဲ့ နောက်မှာ တခြားနိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေလည်း အများကြီး ၀န်းရံခဲ့ကြဦးမှာ ပါ။ အဲဒီလို စုဖွဲ့ဝန်းရံမှုနဲ့ပဲ တိုက်ပွဲကို ပြီးဆုံးအောင် တိုက်ခဲ့ကြတာဖြစ်ပါတယ်။
ပြောရရင် အောင်မြင်ပြီးမြောက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဘယ်လောက်တော်တဲ့ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ ဘယ် လောက်တတ်တဲ့ ပညာရှင်ပဲဖြစ်ဖြစ် လူထုခေါင်းဆောင်ရဲ့ရှေ့ကို ကျွံထွက်ပြီး ငါသိငါတတ် ဆရာကြီးမလုပ်ဘဲ လူထုခေါင်းဆောင်ရဲ့ နောက်ကသာ ၀န်းရံ၊ အကြံကောင်း ဥာဏ်ကောင်းတွေပေးပြီး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြလို့ အောင်ပွဲတွေ ရခဲ့ကြတာပါ။
ဒါပေမယ့် ကျနော့်တို့ရဲ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာ ဖြစ်နေတာက ဒီလိုပါ။ လူထုက ယုံကြည်ကိုးစားတဲ့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ ရှိနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ၀န်းရံပေးတဲ့သူ တွေ ရှိနေတာလည်း အမှန်ပဲ။ ဒါပေမယ့် ၀န်းရံနေတဲ့သူအများစုက နိုင်ငံရေးပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသ မားကောင်းတွေမဟုတ်ဘဲ အာဏာရှင်ဗိုလ်နေ၀င်းနဲ့အတူ မြန်မာပြည်ဒီမိုကရေစီ ဆိတ်သုဉ်းအောင် ကြံရာပါ လုပ်ခဲ့သူတွေ ဖြစ်နေကြလို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံကောင်း ဥာဏ်ကောင်းပေးနိုင်မယ့် ဆရာဦး ၀င်းတင်လို လူမျိုးကျတော့လည်း နအဖက ထောင်ကနေ လုံးဝလွှတ်မပေးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်ချလိုက်ပြီဆိုတာနဲ့ တိုက်ပွဲက ရှေ့ကို ဆက်မရွေ့တော့ဘူး ဖြစ်နေတယ်။
ဒီကြားထဲ တတိယနိုင်ငံက ပဏ္ဍိတတဦးကလည်း မြန်မာပြည်အရေး သူပဲဖြေရှင်ပေးတော့မယ့်ပုံနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကျော်ပြီး နအဖနဲ့ တိတ်တဆိတ် ဆက်ဆံလိုဆက်ဆံ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆန့်ကျင်ဘက်လမ်းစဉ်ကိုရွေးပြီး မီဒီယာမှာ အော်ဟစ်လိုဟစ်နဲ့ နောက်ဆုံးကျတော့လည်း အဆဲခံရ တာပဲ အဖတ်တင်တာပဲ။ တိုက်ပွဲမပြီးမြောက်သေးတဲ့ နိုင်ငံတွေမှာ ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက် ပဲတတ်တတ် လူထုခေါင်းဆောင်ကိုကျော်ပြီး မိုးကျရွှေကိုယ်နည်းနဲ့ ဆရာကြီးဝင်လုပ်ချင်လို့ မရဘူးဆိုတာကို အဆိုပါပဏ္ဍိတ မသိခဲ့တာဟာ အဓိက နိုင်ငံရေးအကင်းမပါးလို့ပါပဲ။ နိုင်ငံရေးအကင်းမပါးတဲ့အခါကျတော့ လုပ်ချင်တာပဲသိပြီး ကိုယ့်နေရာကိုယ် မသိတဲ့အခြေအနေ ဖြစ်ကုန်တာပေါ့။ လူထုခေါင်းဆောင်ကို ၀န်းရံရ ကောင်းမှန်းမသိဘဲ အခုလိုကျဆုံးသွားတဲ့အခါကျတော့ အရည်အချင်းရှိသူတဦးအနေနဲ့ နှမြောစရာတော့ အ ကောင်းသား။
တလောကလည်း ကြားရပြန်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့နည်းနဲ့ နိုင်ငံရေးအဖြေရှာတဲ့ ဆွေး နွေးပွဲတခုလုပ်လေသတဲ့။ အဆဲခံရမှာ ကြောက်လို့လားတော့မသိ၊ အဖွဲ့စုံ လူစုံကို မဖိတ်ဘဲ အသွေးတူ အမွေး တူတွေစုပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ တံခါးပိတ်အစည်းအဝေးလို အသံတိတ်လုပ်သွားတဲ့ပွဲလို့ပဲ သိလိုက်ရ တယ်။ ဒီကြားထဲ ပဏ္ဍိတတချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာနေလို့ တွေ့ ဆုံဆွေးနွေးရေးမဖြစ်တာဆိုပြီး နအဖကြောင်ဖားတွေဘက်ကို သာသာထိုးထိုးတွေးကာ တောင်ပြောမြောက် ပြော လျှောက်ပြောနေကြတာကို ကြားရသေးတယ်။ ပဏ္ဍိတတဦးကျပြန်တော့လည်း စစ်အုပ်စုက လှမ်းခေါ်ရင် ပဲ ငေါက်ကနဲထပြီး သွားဆွေးနွေးတော့မယောင် (သူ့လိုလူကိုလည်း ဟိုကခေါ်ဆွေးနွေးမယ့်ပုံ မရှိပါဘူး) ရေး သားပြောဆိုနေတာကို တွေ့ရပြန်တယ်။ ဒုက္ခ ဒုက္ခ … အို ဒုက္ခ … လို့ပဲ ညည်းတွားနေမိတော့ရဲ့။
ပြောရရင်တော့ ကျနော်တို့နိုင်ငံဟာ လွတ်မြောက်သေးတဲ့ တိုင်းပြည်မဟုတ်လေတော့ လွတ်မြောက်ပြီး သား နိုင်ငံတွေက စဉ်းစားပုံစဉ်းစားနည်းကားနဲ့ စဉ်းစားရင် မှားမယ်ဆိုတာပါပဲ။ ဒီမိုကရေစီနည်းကျ စဉ်းစားပုံစဉ်း စားနည်းနဲ့ အသားမကျသေးတဲ့ မြန်မာပြည်သူအများစုကြီးရဲ့ စိတ်ထဲမှာ ခေါင်းဆောင်တဦးတယောက်ကို ယုံ ကြည်အားကိုးတဲ့အလေ့ ရှိနေဆဲဆိုတာကို သတိပြုရမှာဖြစ်တယ်။ ဒါဟာ မလွတ်မြောက်သေးတဲ့ တိုင်းပြည် တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကြောင့်မို့လည်း မလွတ်မြောက်သေးတဲ့ အခြေအနေတွေဖြစ်တည်နေတဲ့ တိုင်းပြည်တွေမှာသာ လူထုခေါင်းဆောင်ဆိုတာ ပေါ်ထွက်တာပါ။
တောင်အာဖရိကမှာတုန်းက ဆိုရင်လည်း မလွတ်မြောက်ခင်က နယ်ဆင်မင်ဒဲလားကိုပဲ လူထုခေါင်းဆောင်အ ဖြစ် အဓိကအားကိုးပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဟော အခုလွတ်မြောက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက် သွားတဲ့အခါကျတော့ မင်ဒဲလားမရှိလည်း ကျန်လူတွေနဲ့ တိုင်းပြည်ကို မောင်းနှင်လို့ရသွားပြီ။ တောင်ကိုးရီး ယားမှာလည်း ဒီလိုပဲ။ ကင်ဒေးဂျုံမရှိလည်း ရသွားပြီ။ ဒီမိုကရေစီရသွားပြီဆိုတော့ တင်တိုက်စရာ လူထုခေါင်း ဆောင်လည်း မလိုတော့ဘူးလေ။ အရည်အချင်းရှိတဲ့သူက တိုင်းပြည်ကို တက်အုပ်ချုပ်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုရမှာပေါ့။ ကျနော်တို့တိုင်းပြည်လည်း နအဖလက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ရောက်တဲ့အခါကျရင် အခုလက်ရှိ တောင်အာဖရိကလိုပဲ လူထုခေါင်းဆောင်မရှိလည်း မောင်းနှင်နိုင်တဲ့ အနေအထားမျိုးကို ရောက်လာမှာပါ။
အချုပ်အနေနဲ့ ပြောရရင်တော့ အခုလို ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလမှာ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်မပါဘဲ အဖြေရှာမယ်ဆိုတဲ့ အတွေးမျိုးတွေကို ရှေ့တန်းတင်နေကြရင် ဒီမိုကရေစီအစစ် အမှန်နဲ့ ဝေးမြဲဝေးနေဦးမယ်လို့ ယူဆမိကြောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အတွေးအခေါ် ကောင်းခြင်းမကောင်းခြင်းထက် မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် ကိုးစားတဲ့စိတ်က အခိုင်အမာရှိနေဆဲမို့ သူမ မပါတဲ့နည်းနဲ့ အဖြေထုတ်ခဲ့ရင် ထုတ်မောကြီးပဲ အဖတ်တင်လိမ့် မယ်။ ပြည်သူလူထု လက်မခံဖို့က ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီလို လူထုလက်မခံ ရင် ဘာပဲလုပ်လုပ် ဘယ်လိုပဲ အုပ်ချုပ်အုပ်ချုပ် ချောချောမောမော မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်ဖို့လိုပါ တယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးသမားကောင်းတွေရော၊ ပဏ္ဍိတလူတော်တွေပါ ငါတော်ငါတတ်နဲ့ တဗိုလ်တမင်း ထင်ရာစိုင်းပြီး ထမင်းလက်ဆုံ စုစားမနေကြဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ၀ိုင်းဝန်းကြိုးပမ်းကြပြီး သူမကို အကောင်းဆုံး ၀န်းရံပေးခြင်းဖြင့်သာ တိုက်ပွဲကို အောင်အောင်မြင်မြင် အ ဆုံးသတ်ဖို့ ကြိုးပမ်းသင့်ကြောင်း စေတနာနဲ့ အကြံပြု ရေးသားလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
No comments:
Post a Comment